ဂေဟစနစ်ဆိုတာ

 

 

သီဟစည်သူ

 

ဂေဟစနစ်ဆိုသည်မှာ အပင်၊ တိရစ္ဆာန်၊ အခြားသော သက်ရှိ၊ သက်မဲ့များအားလုံးနှင့် ပတ်ဝန်းကျင်တို့ အပြန်အလှန် ဆက်စပ်နေသည့် ဇီဝအသိုက်အဝန်းဖွဲ့စည်းတည်ဆောက် ပုံဖြစ်ပြီး မြေ၊ ရေ၊ လေနှင့် နေရောင်ခြည်စသည့် သဘာဝ ပတ်ဝန်းကျင် အစိတ်အပိုင်းများလည်း ပါဝင်ကြသည်။ ဂေဟစနစ် (Ecosystem) ဟူသည့် ဝေါဟာရကို ၁၉၃၅ ခုနှစ် တွင် အင်္ဂလိပ်လူမျိုး ရုက္ခဗေဒပညာရှင် Sir Arthur George Tansley က စတင်တီထွင် ခဲ့ခြင်းဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ ဂေဟစနစ်ကို အဓိကအားဖြင့် ကုန်းမြေဂေဟစနစ်နှင့် ရေနေဂေဟစနစ် ဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားနိုင်သည်။

 

၁။ ကုန်းမြေ ဂေဟစနစ်

 

ကုန်းမြေဂေဟစနစ်ဆိုသည်မှာ မြေယာအခြေပြု ဂေဟစနစ်များ ဖြစ်သည်။ ကုန်းမြေ ဂေဟစနစ်တွင် မြေမျက်နှာ သွင်ပြင်ပေါ်မူတည်ပြီး ကုန်းမြေဂေဟစနစ် အမျိုးမျိုးရှိပြီး သစ်တောဂေဟစနစ်၊ မြက်ခင်းပြင် ဂေဟစနစ်၊ စိမ့်မြေလွင်ပြင် ဂေဟစနစ်နှင့် သဲကန္တာရ ဂေဟစနစ်တို့ပါဝင်သည်။

 

သစ်တောဂေဟစနစ်(Forest Ecosystem)တွင် မျိုးစုံသော အပင်များ၊ တိရစ္ဆာန်များနှင့် သေးငယ်သော ဇီဝသက်ရှိများသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ နေထိုင်မှုကို သစ်တောဂေဟစနစ်ဟု ခေါ်သည်။ သစ်တောဂေဟစနစ်တွင် အမြဲစိမ်းတော၊ အင်တိုင်းတော၊ ထင်းရှူးတော၊ ဆားနယ်မြေတော၊ ဂဝံကျောက်တော၊ ယာယီသွေ့ခြောက် တော၊ အထက်ရွက်ပြတ်ရော တောခြောက်၊ ဒီရေတော စသည်တို့ပါဝင်သည်။

 

မြက်ခင်းပြင် ဂေဟစနစ် (Grassland Ecosystem)တွင် အပင်များသည် အများအားဖြင့် မြက်ခင်းများနှင့် ဟင်းသီးဟင်းရွက်များဖြစ်ပြီး ကမ္ဘာ့မျက်နှာပြင်ဧရိယာ၏ ၂၀ ရာခိုင် နှုန်းမှာ မြက်ခင်းပြင်ဂေဟစနစ်များ ဖြစ်သည်။

 

စိမ့်မြေလွင်ပြင်ဂေဟစနစ် (Tundra Ecosystem) များသည် သစ်ပင်များမရှိသဖြင့် အေးသောရာသီဥတု သို့မဟုတ် မိုးရွာသွန်းမှုနည်းပါးသောနေရာတွင်တွေ့ရပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများ ဖုံးလွှမ်းနေတတ်သည်။ အာတိတ်ရေခဲပြင် ဒေသ သို့မဟုတ် တောင်ထိပ်ရှိ ဂေဟစနစ်သည် စိမ့်မြေလွင်ပြင် ဂေဟစနစ်အမျိုးအစားဖြစ်သည်။

 

သဲကန္တာရ ဂေဟစနစ် (Desert Ecosystem) များသည် မိုးရွာသွန်းမှုအလွန်နည်းသော ဒေသများဖြစ်သည်။ အကြီးမားဆုံး သဲကန္တာရဂေဟစနစ်များကို အန္တာတိက၊ မြောက်အာဖရိက၊ အာတိတ်ဒေသနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် တွေ့နိုင်သည်။ ဆာဟာရ သဲကန္တာရ၊ ဂိုဘီ သဲကန္တာရများသည် သဲကန္တာရ ဂေဟစနစ်တွင်ပါဝင်သည်။ သဲကန္တာရများတွင် သာမန်ရာသီဥတုအခြေအနေ၌ အပူချိန် ၂၀ ဒီဂရီဆဲလ်စီးရပ်မှ ၂၅ ဒီဂရီဆဲလ်စီးရပ်အထိ ရှိပြီး ပြင်းထန်သော ရာသီဥတုတွင် အနုတ် ၁၈ ဒီဂရီ ဆဲလ်စီး ရပ်မှ ၄၉ ဒီဂရီ ဆဲလ် စီးရပ် အထိ ရှိကြသည်။

 

၂။ ရေနေ ဂေဟစနစ်

 

ရေနေ ဂေဟစနစ်များသည် ရေထဲတွင် သက်ရှိသက်မဲ့များ စုစည်းတည်ရှိနေသော ဂေဟစနစ်များ ဖြစ်သည်။ ယင်းဂေဟစနစ်တွင် ရေချိုဂေဟစနစ်နှင့် အဏ္ဏဝါဂေဟစနစ် အမျိုးအစားနှစ်ခုပါဝင်သည်။

 

ရေချိုဂေဟစနစ် (Freshwater Ecosystem) သည် ဆားပါဝင်မှုမရှိသော အိုင်များ၊ ရေကန်များ၊ မြစ်များ၊ စမ်းချောင်းများနှင့် စိုစွတ်သောမြေများပါ၀င်သည်။ ရေချိုဂေဟစနစ် အတွင်း ကမ္ဘာပေါ်ရှိ ငါးမျိုးစိတ်များ၏ ၄၁ ရာခိုင်နှုန်းခန့် ရှင်သန်ပေါက်ပွားလျက်ရှိသည်။

 

အဏ္ဏဝါဂေဟစနစ် (Marine Ecosystem)တွင် ပင်လယ်နှင့်သမုဒ္ဒရာများ ပါဝင်သည်။ ၎င်းတို့တွင် ရေချိုဂေဟစနစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုသိသာထင်ရှားသော ဆားပါဝင်မှုများနှင့် ပိုမိုကောင်းမွန်သော ဇီဝမျိုးစုံမျိုးကွဲများရှိတတ်သည်။ ယင်းဂေဟစနစ်တွင်ပါဝင်သည့် ပင်လယ်သမုဒ္ဒရာရေပြင်သည် ကမ္ဘာ့မျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းခန့်ဖုံးလွှမ်းနေပြီး ကမ္ဘာ့ ရေအရင်းအမြစ်၏ ၉၇ ရာခိုင်နှုန်းခန့်ရှိသည်။

 

ထိုသို့ ဂေဟစနစ်များနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် သဘာဝပတ်ဝန်းကျင်၏ အကျိုးပြုမှု တန်ဖိုးများကိုသိရှိပြီး ယနေ့ရင်ဆိုင်နေကြရသော ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုဆိုင်ရာ ဘေးဒုက္ခများကို‌ ဖြေရှင်းနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို မဖြစ်မနေထိန်းသိမ်းရန် လိုအပ်လျက်ရှိသည်။