ဂေဟစနစ် ဝန်ဆောင်မှုများ

သီဟစည်သူ

 

ဂေဟစနစ်များသည် လူသားတို့ အသက်ရှင်နေထိုင်မှုအတွက် အခြေခံ လိုအပ်ချက်များအနက် များစွာသော ဝန်ဆောင်မှုများကို ဆောင်ကြဉ်းပေးလျက်ရှိပြီး ဂေဟစနစ် ဝန်ဆောင်မှုများသည် လူသားများအတွက် သဘာဝကပေးသော အကျိုးကျေးဇူးများပင် ဖြစ်သည်။

 

တောရိုင်းတိရစ္ဆာန် သို့မဟုတ် ဂေဟစနစ်များက ပေးအပ်သော အပြုသဘောဆောင်သည့် အကျိုးကျေးဇူးများသည် လူသားတို့အတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အထောက်အပံ့ပေးလျက်ရှိသည်။ သဘာဝအတိုင်း ရရှိနေသော ဂေဟစနစ်ဝန်ဆောင်မှု လေးမျိုးရှိပြီး ရိက္ခာဖြည့်တင်းပေးခြင်း၊ ထိန်းညှိပေးခြင်း၊ ပံ့ပိုးမှုပေးခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုတို့ ပါဝင်သည်။

 

၁။ ရိက္ခာဖြည့်တင်းပေးသော ဝန်ဆောင်မှု

 

ရိက္ခာဖြည့်တင်းပေးသော ဝန်ဆောင် မှုမှ အစားအစာ(သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်၊ အသား၊ ငါး)၊ သစ်၊ သဘာဝ လောင်စာများနှင့် အမျှင်များကဲ့သို့ ကုန်ကြမ်းပစ္စည်းများ၊ ရေချိုအရင်းအမြစ် များ၊ မြက်ခင်းပြင် ဂေဟစနစ်၊ အပင်မျိုးစုံ နှင့် မှိုများမှ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များသည် ဂေဟစနစ်များမှ တိုက်ရိုက်ရရှိသည့် အကျိုးကျေးဇူးများ ဖြစ်သည်။

 

၂။ ထိန်းညှိပေးခြင်း ဝန်ဆောင်မှုများ

 

ထိန်းညှိပေးခြင်း ဝန်ဆောင်မှုများမှ (၁) ဒေသတွင်း ရာသီဥတု လေထုအရည်အသွေး ထိန်းညှိပေးခြင်း (သစ်တောများ သည် ဒေသအလိုက် မိုးရွာသွန်းမှုနှင့် ရေရရှိမှုအပေါ် လွှမ်းမိုးမှုရှိပြီး အရိပ်ပေးခြင်း၊ လေထုညစ်ညမ်းမှုကို ဖယ်ရှားခြင်းဖြင့် လေထုအရည်အသွေးထိန်းညှိပေးခြင်း)၊ (၂) ကာဗွန်သိုလှောင်ပေးခြင်း (သစ်ပင်များသည် လေထုမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပေးခြင်း)၊ (၃) သဘာဝ ဘေးအန္တရာယ်များကို ထိန်းညှိပေးခြင်း (ဂေဟစနစ်အတွင်းရှိ သက်ရှိသက်မဲ့များသည် လူသားများအပေါ် ကျရောက်မည့် သဘာဝဘေးများကြောင့် ပျက်စီးဆုံးရှုံးမှုများကို လျှော့ချပေးခြင်း)၊ (၄) ရေဆိုးသန့်စင်ပေးခြင်းနှင့် ရေစီးဆင်းမှု ထိန်းညှိပေးခြင်း (စိုစွတ်သောမြေများကဲ့သို့သော ဂေဟစနစ်များသည် အဏုဇီဝသက်ရှိများ၏ ဇီဝဗေဒ လုပ်ဆောင်မှုမှတစ်ဆင့် အညစ်အကြေးများကို ချေဖျက်စေပြီး အန္တရာယ်ရှိသော ရောဂါပိုးများကို ဖယ်ရှားစေခြင်း)၊ (၅) မြေဆီလွှာတိုက်စားမှု ကာကွယ်ခြင်းနှင့် မြေဆီမြေသြဇာ ကြီးထွားမှု ထိန်းသိမ်းခြင်း (မြေကြီးကို သစ်ပင်၊ အသီးအရွက်များ ဖုံးအုပ်ထားခြင်းသည် မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ပေးပြီး နိုက်ထရိုဂျင်ကဲ့သို့သော သဘာဝဇီဝဖြစ်စဉ်များမှတစ်ဆင့် မြေသြဇာကောင်းမွန်စေခြင်း)၊ (၆) ဝတ်မှုန်ကူးခြင်း (စိုက်ပျိုးရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သော ဝတ်မှုန်ကူးခြင်းကို အင်းဆက် ပိုးမွှားများ၊ ပျားများ၊ ငှက်များ နှင့် လင်းနို့စသည်)၊ (၇) ဇီဝထိန်းချုပ်မှု (သားကောင်များနှင့် ကပ်ပါးကောင်များမှ ပိုးမွှားများနှင့် ရောဂါကျရောက်မှု အလားအလာများကို ထိန်းချုပ်ပေးခြင်း) စသည် တို့ကို လုပ်ဆောင်ပေးသည်။

 

၃။ ပံ့ပိုးမှု ဝန်ဆောင်မှုများ

 

ဂေဟစနစ်များသည် ပံ့ပိုးမှု ဝန်ဆောင်မှုများအဖြစ် အပင်မျိုးစိတ်များ နှင့် တိရစ္ဆာန်မျိုးစိတ်များအတွက် နေထိုင်ရန် နေရာများပေးခြင်းနှင့် မျိုးရိုးဗီဇ ကွဲပြားမှုကို ထိန်းသိမ်းပေးခြင်းများ လုပ်ဆောင်ပေးသည်။

 

၄။ ယဉ်ကျေးမှု ဝန်ဆောင်မှုများ

 

ယဉ်ကျေးမှု ဝန်ဆောင်မှုများမှာ (၁) သစ်ပင်ပန်းမန်များမှ အပန်းဖြေခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်စေခြင်း၊ (၂) ခရီး သွားဝန်ဆောင်မှု (ဤဝန်ဆောင်မှုသည် ကမ္ဘာတစ်ဝန်းမှ လာရောက် လည်ပတ်သူများအတွက် အကျိုးကျေးဇူးများနှင့် သဘာဝခရီးသွား ဝန်ဆောင်မှုများအတွက် ဝင်ငွေရရှိစေခြင်း)၊ (၃) တိရစ္ဆာန်များ၊ အပင်များနှင့် ဂေဟစနစ်များသည် ယဉ်ကျေးမှု၊ အနုပညာနှင့် ဒီဇိုင်းအတွက် အလှအပတန်ဖိုးထားမှုကို ဖြစ်စေရန် လှုံ့ဆော်မှုပေးခြင်း စသည်တို့ကို ပံ့ပိုးပေးသည်။ ကျောက်ဂူနံရံများတွင် ရှေးခေတ်က ရေးဆွဲထားသည့် အပင်များ၊ တိရစ္ဆာန်များ၊ ရာသီဥတုပုံစံများ စသည်တို့သည် ရှေးခေတ်လူသားတို့၏ စိတ်တွင် ဂေဟစနစ်များ၏ အရေးပါမှုကို ခြေရာကောက်နိုင်သည်။

 

ဂေဟစနစ်ဝန်ဆောင်မှုများ ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံနှင့် မူဝါဒ လုပ်ငန်းအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ် ယိုယွင်းပျက်စီးလာမှုကြောင့် “ဆင်းရဲမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ လူတိုင်းကျန်းမာရေးနှင့် သာယာဝပြောရေး၊ စားသုံးမှုနှင့် ထုတ်လုပ်မှု ရေရှည် စဉ်ဆက်မပြတ် မျှတစေရေး၊ ရေရှည်တည်တံ့သော မြို့ပြများ ဖြစ်ထွန်းလာစေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ပင်လယ်သမုဒ္ဒရာများ၊ ရေနှင့်မြေသယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက်များ ၏ ၈၀ ရာခိုင်နှုန်းကို ယိုယွင်းလျော့နည်းသွားစေနိုင်ကြောင်း ဖော်ပြထားသည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်များထိန်းသိမ်းရေးသည် လူသားတို့အတွက် အဓိကကျသည့် အခြေခံအုတ်မြစ် တစ်ရပ်ပင်ဖြစ်သည်။

 

ထို့ကြောင့် တောရိုင်းတိရစ္ဆာန်များနှင့် ဂေဟစနစ်များသည် လူသားတို့အတွက် တန်ဖိုးရှိသည့် အမွေအနှစ်များပင်ဖြစ်၍ ကျွန်ုပ်တို့၏ သား၊ မြေးများအတွက် အစဉ်ထိန်းသိမ်းစောင့် ရှောက်ကြရန် လိုအပ်မည် ဖြစ်ပါကြောင်း။

 

ကိုးကား - The National Wildlife Federation : Ecosystem Services