ဂျာမနီယဉ်ကျေးမှု ဗဟိုဌာနအဆောက်အအုံအသစ် မွမ်းမံဖွင့်လှစ်

ရန်ကုန် ၁၁ ဇွန်

 

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အဓိကအရေးပါသည့် ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ် အစောပိုင်းတွင် ဖ.ဆ.ပ.လ (ဖက်စစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး) အဖွဲ့ချုပ်ရုံးအဖြစ် အသုံးပြုခဲ့သော သမိုင်းဝင် အဆောက်အအုံအား အဆင့်မြင့်မွမ်းမံ၍ Goethe ဗီလာ စံအိမ်အမည်ဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဂျာမနီယဉ်ကျေးမှု ဗဟိုဌာနအဆောက်အအုံသစ်အဖြစ် ဖွင့်လှစ်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါအဆောက်အအုံ၌ ကျင်းပသည်။

 

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Dorothee Janetzke Wenzel |Goethe Institut ဥက္ကဋ္ဌ ပါမောက္ခ Klaus-Dieter Lehmann နှင့် Goethe institut ဒါရိုက်တာ Franz Xaver Augustinတို့တက်ရောက်ကြပြီး ဂျာမန်ယဉ်ကျေးမှုဗဟိုဌာနသစ် ပြုပြင်ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

"ကျွန်မတို့ရဲ့ ဒီယဉ်ကျေးမှုဗဟိုဌာနကနေ ယဉ်ကျေးမှုဖလှယ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အပြင် ဂျာမန်ဘာသာစကား သင်တန်းတွေကိုလည်း ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် ထူးချွန်တဲ့သူတွေကို ဂျာမနီနိုင်ငံကို သွားရောက်ပြီးတော့ ပညာသင်ကြားနိုင်တဲ့ အစီအစဉ်တွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါဟာ မြန်မာလူငယ်တွေအတွက်တော့ အခွင့်အလမ်းကောင်းတွေ ဖြစ်လာမှာ ဖြစ်ပါတယ်"ဟု ဂျာမနီသံအမတ်ကြီးက ပြောသည်။

 

အသက် ၁၆ နှစ်ပြည့်ပြီး ၁၀ တန်းအောင်ထားသော မြန်မာလူငယ်များအနေဖြင့် ဂျာမန်ဘာသာ စကားကို သင်ယူနိုင်မည့် အခွင့်အလမ်း ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဖုန်း ဝ၁ ၂၃၀၆၁၄၂ နှင့် ဝက်ဘ်ဆိုက် goethe.de/myanmar၊  facebook.com/goetheinstitut.myanmar တို့ သို့ ဆက်သွယ်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Goethe ဗီလာခေါ် ဂျာမနီယဉ်ကျေးမှု ဗဟိုဌာနသည် ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက် လမ်းထောင့်တွင်တည်ရှိပြီး ယခင် ပန်းချီ၊ ပန်းပုသင်တန်းကျောင်းအဖြစ် ဖွင့်လှစ်ခဲ့သည့် နေရာလည်း ဖြစ်ကြောင်း၊ ၎င်းအဆောက်အအုံကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဂျာမနီနိုင်ငံ၏သမ္မတ Joachim Gauck က အဆောက်အဦးကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဘာလင်မြို့ရှိ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက သမိုင်းဝင်အဆောက်အအုံကို ပြုပြင်ရန်နှင့် အဆောက်အအုံသစ်ဆောက်လုပ်ရန် ယူရိုသန်းနှင့်ချီ၍ ရင်းနှီးမြှုပ်နှံ  ဆောင်ရွက်ခဲ့ရာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် လုပ်ငန်းစတင်ပြီး ၂၀၁၈ ခုနှစ်မေလတွင်ပြီးစီးခဲ့ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကမ္ဘာတစ်ဝန်း Goethe Institut ပေါင်း ၁၆၀ ရှိသည့်အနက် မြန်မာနိုင်ငံက Goethe Institut မှာ ဆွဲဆောင်မှု အရှိဆုံးနှင့် အလှအပဆုံးဖြစ်ကြောင်း သိရသည်။

 

၎င်းအဆောက်အအုံသည် ဂျာမနီနိုင်ငံတွင် ပညာသင်ကြားရန် ကြိုးစားနေသော ကျောင်းသား ကျောင်းသူများအတွက်မူ ပညာရေးရပ်ဝန်းတစ်ခု ဖြစ်လာမည်ဖြစ်သည့်အပြင် မြန်မာ၊ ဂျာမနီ ဥရောပနိုင်ငံများမှ အနုပညာရှင်များအကြား တီထွင်ဖန်တီးသစ်ဆန်းသော ဖလှယ်မှုများပြုလုပ်နိုင်သည့် နေရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓါတ်ပုံ မြင့်မောင်စိုး