ဂျာမနီနိုင်ငံမှာ အသွားအလာ ကန့်သတ်မှု အချို့အား ဇန်နဝါရီလကုန်ပိုင်းအထိ တိုးမြှင့် သတ်မှတ်

၆ ဇန်နဝါရီ

 

 

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှု အချို့အား ဇန်နဝါရီလကုန်ပိုင်းအထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

 

 

ဝန်ကြီးချုပ် အင်ဂျလာမာကယ် နဲ့ ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး အပြီးမှာ ကျောင်းတွေ၊ အပန်းဖြေစခန်းတွေ၊ အားကစားခန်းမတွေနဲ့ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေ ကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ ဆက်လက် ပိတ်ထားရန် ဆုံးဖြတ်ခဲ့ပါတယ်။

 

 

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန် စည်းမျဉ်းအသစ်တွင် တခြားအိမ်ထောင်စုဝင် တစ်ဦးနဲ့သာ တွေ့ဆုံခွင့် ရှိကြောင်း၊ အရင်က ထုတ်ပြန်ခဲ့တဲ့ လူ ၅ ဦးအထိ စုဝေးခွင့်အစား တစ်ဦးနဲ့သာ တွေ့ဆုံခွင့် ရှိကြောင်း ပြောင်းလဲလိုက်ပါတယ်။

 

 

ဒါ့အပြင် လူဦးရေ ၁၀၀,၀၀၀ မှာ ပိုးကူးစက်သူ ၂၀၀ အထက် ရှိခဲ့တဲ့ နေရာတွေမှာ နေထိုင်သူတွေအား ၉ မိုင် အတွင်းသာ သွားလာခွင့်ရှိကြောင်း ၊ အဲဒီအမိန့်ဟာ ၇ ရက်ကြာမှာဖြစ်ကြောင်း သိရပါတယ်။

 

 

ဝန်ကြီးချုပ် မာကယ်က အခုဆုံးဖြတ်ချက်ဟာ အလုပ်လုပ်နေတဲ့ ကလေးမိဘတွေအတွက် အလွန်ခက်ခဲမယ်ဆိုတာ သိပေမယ့် လိုအပ်ချက်အရ ထုတ်ပြန်ရတာဖြစ်ကြောင်း ထည့်သွင်း ပြောကြားပါတယ်။

 

 

ဝန်ကြီးချုပ်နဲ့ ပြည်နယ် ၁၆ ခုရဲ့ ခေါင်းဆောင်တွေဟာ  ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထပ်မံ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။ အဲဒီနေ့ ဆွေးနွေးပွဲကနေ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းအတွက် ဆုံးဖြတ်ရန် ရှိနေကြောင်း သိရပါတယ်။

 

 

ဂျာမနီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဒုတိယလှိုင်းမှာ ဘိုးဘွားရိပ်သာတွေကို ထိခိုက်မှု များခဲ့ပါတယ်။ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ ၁,၀၀၀ ကျော်ရှိခဲ့တဲ့အတွက် မှတ်တမ်းတင်တဲ့နေ့ ဖြစ်ခဲ့ပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စုစုပေါင်း ၁,၈၁၄,၅၆၅ ဦးနဲ့ သေဆုံးသူ ၃၇,၁၈၀  ရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

MDN

ကိုးကား - AFP

mdn