ဧရာဝတီတံတား (သရက်-အောင်လံ) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကျင်းပ

 

လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၃)မှ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဧရာဝတီတံတား (သရက် - အောင်လံ) ပန္နက်တော်တင် တွင်းတော်ဝန်း ရတနာပိုင်တိုင်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ တံတားတည်ဆောက်မည့် ဧရိယာအတွင်းရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဧရာဝတီတံတား (သရက် - အောင်လံ)အား  မကွေးတိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး  ဦးတင်နွယ်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(သရက်မြို့နယ်) ဦးကံမြင့်နှင့် (အောင်လံမြို့နယ်) ဦးအောင်ထူးမြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်(၈) ဦးဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (သရက်မြို့နယ်)  ဦးဇော်မိုးအောင် နှင့် (အောင်လံမြို့နယ်) ဦးအေးကျော်၊ ရပ်မိရပ်ဖ ဦးတင်အောင်မြင့်တို့က မင်္ဂလာအချိန်တွင် သတ်မှတ်နေရာအသီးသီး၌ ပန္နက်တော်တင် တွင်းတော်ဝန်းပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍ ​ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် နှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုတို့မှ ဧရာဝတီတံတား (သရက် - အောင်လံ) ပထမ ပန္နက်တော်တွင် Stand Pipe အား Vibro   Hammer ဖြင့် စက်ခလုတ်နှိပ်ရိုက်သွင်းပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား တံတားတည်ဆောက်ရေး ရှင်းလင်းခန်းမဆောင်တွင် တံတားတည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ  ညွှန်ကြားရေးမှူး ( မြို့ပြ ) ဦးထွန်းလင်းက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် တံတားကြီး တည်ဆောက်ပြီးစီးသွားပါက ဒေသဖွံ့ဖြိုးရေး အခြေအနေတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြကာ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက ဖြည့်စွက်ရှင်းလင်း တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ်တို့က လိုအပ်သည်များ မှာကြားခဲ့သည်။

 

ဧရာဝတီတံတား (သရက် - အောင်လံ)သည် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နှင့် အောင်လံမြို့တို့ကို ဆက်သွယ်တည်ဆောက်ထားပြီး တံတားအမျိုးအစားမှာ သံမဏိသံပေါင်ခုံး အမျိုးအစားဖြစ်ပြီး စုစုပေါင်းတံတားအရှည် (၇၄၅၆)ပေ၊ တံတား အကျယ်(၃၄.၅)ပေ၊ ရေလမ်း ကင်းလွတ်အကျယ် (၄၂၆.၅)ပေ၊ အမြင့် (၅၆)ပေရှိကာ တံတား၏ ခံနိုင်ဝန်မှာ AASHTO HS 25-44 ဖြစ်သည်။

တံတားကြီး တည်ဆောက်ပြီးစီးသွားပါက ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အောင်လံမြို့ နှင့် အနောက်ဘက်ကမ်း သရက်မြို့တို့မှ ဒေသခံပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေလာမှာဖြစ်ပြီး ကုန်စည်စီးဆင်းမှုများလည်း သွက်လက်မြန်ဆန်လာမှာ ဖြစ်ကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးတို့ အဖက်ဖက်မှဖွံ့ဖြိုးတိုးတက် လာမှာဖြစ်သည်။

 

နောင်တွင် ယခုတံတားကြီးကို အဓိကထားပြီး နေပြည်တော် - ကျောက်ဖြူ လမ်းမကြီး ပေါ်ထွန်း လာပါက ကျောက်ဖြူအထူးစီးပွား​ရေးဇုန်မှ မအီ၊ မင်းတုန်း၊ သရက်၊ အောင်လံ၊ နေပြည်တော်အနီးမှ ဖြတ်သန်းပြီး ရွှေလီအထိ ဆက်သွယ်နိုင်သော လမ်းမကြီးတစ်ခုအဖြစ် အရေးပါလာမည်ဖြစ်သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးချုပ်နှင့်အတူ သရက်ခရိုင်၊ သရက်မြို့နယ်၊ တုံ - ပါးပွတ် - ပုဏ္ဏားလမ်း ကျေးလက်လမ်းပေါ်တွင် JIP အဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်နေသော ပါးပွတ်တံတား (Submersible Bridge) တည်ဆောက်နေမှု အခြေအနေတို့ကို ကြည့်ရှု့စစ်ဆေးပါသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူမှု့စီးပွားဘဝ တိုးတက်မြင့်မားရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစ်ကူးတံတားကြီးများ တည်ဆောက်ပေးလျက်ရှိသလို ကျေးလက်လမ်းများပေါ်ရှိ ချောင်းကူးတံတားများကိုလည်း တည်ဆောက်ပေးလျက်ရှိသည်။ ယခု တည်ဆောက်နေသည့် ပါးပွတ်တံတား ပြီးစီးသွားပါက တုံ - ပါးပွတ် - ပုဏ္ဏား ကျေးလက်လမ်းအနီးရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေ ချောမွေ့သွားမည် ဖြစ်ကြောင်း သိရှိရသည်။