ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများအတွက် ဂျပန်ယန်းငွေ  ၄၄၄ သန်းတန်ဖိုးရှိ စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့

နေပြည်တော် ၅  နိုဝင်ဘာ

ဂျပန်နိုင်ငံအစိုးရ၏ ငွေကြေးအထောက်အပံ့ဖြင့် ဆောက်ရွက်မည့် “ကျေးလက်ဒေသများအတွက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရေးစီမံကိန်း အတွက် Grant Agreement သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးလှကျော်က အမှာစကားပြောကြားပြီး စက်မှုလယ်ယာဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်နှင့်  ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ဌာနေကိုယ်စားလှယ် Mr. Massayuki Karasawa တို့က သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

စက်မှုလယ်ယာဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ လက်မှတ်ရေးထိုးကြသည့် အဆိုပါ စီမံကိန်းအတွက် ဂျပန်အစိုးရက ဂျပန်ယန်းငွေ ၄၄၄ သန်းတန်ဖိုးရှိ လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးယာဉ်၊ စက်ယန္တရား ၆၁ စီးနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး ဆန်စပါးကို အဓိက စိုက်ပျိုးနေသည့် လုပ်ကွက်ငယ်တောင်သူ အများအပြားရှိသော ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်ရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုနည်းပါးလျက်ရှိသည့် ဒေသခံပြည်သူများအတွက် ရည်ရွယ်ထောက်ပံ့ ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းက ထောက်ပံ့ပေးထားသည့် ယာဉ်/စက်ယန္တရားများကို မှန်ကန်ထိရောက်စွာအသုံးပြုပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်း အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာရေး၊ ဒေသခံပြည်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေများ တိုးတက်ရရှိရေး၊ လူနေမှု အဆင့်အတန်း မြင့်မားလာရေးတို့မှတစ်ဆင့် ကျေးလက်ဒေသ နှင့် မြို့ပြများဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက် လျော့နည်းရေးစသည့် စီမံကိန်းရည်ရွယ်ချက်များ ပြည့်မီအောင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးလှိုင်က ပြောသည်။

လယ်ယာလုပ်ငန်းသုံး စက်ပစ္စည်းများအသုံးပြုခြင်းသည် လယ်ယာလုပ်သားခနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ် လျှော့ချရေး၊ သီးနှံအရည်အသွေးနှင့် ထွက်နှုန်းမြင့်တက်လာရေး၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိရေးတို့အတွက် အဓိကဖြစ်ပြီး အခြားတစ်ဖက်တွင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများဖြင့် ကျေးလက်ဒေသများ၌ နှစ်စဉ် မိုးရာသီတွင် ကြုံတွေ့နေရသည့် မိုးရေကြောင့် မြေပြိုမှု၊ လမ်းပျက်စီးမှုများကို ထိန်းသိမ်းပြုပြင်သွားနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်ဒေသ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့ပြီး ဒေသတွင်း လမ်းကွန်ရက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 သန့်ဇော်