ဧရာဝတီတိုင်းဒေသကြီး၏ (၁၈)ခုမြောက် ကလေးစာပေပွဲတော်(ညောင်တုန်း) ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ညောင်တုန်း ၁၅ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ညောင်တုန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ညောင်တုန်းမြို့နယ် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ညောင်တုန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဧည့်သည့်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ ဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ဆက်လက်၍ ကလေးစာပေပွဲတော်အစီအစဉ် ဒုတိယပိုင်းကို လှိုင်ပညာခန်းမတွင် ကျင်းပရာ ညောင်တုန်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကလေးစာပေပွဲတော် Theme Song သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါက်တာ လှမြတ်သွေးက “ယခုကဲ့သို့ကျင်းပသည့် ကလေးစာပေပွဲတော်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့စီစဉ်မှုဖြင့် မြို့နယ် ၂၆ မြို့နယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပသည့် ညောင်တုန်းမြို့နယ်သည် ၁၈ မြို့နယ်မြောက်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးများ၏ အနာဂတ်အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ကြောင်း၊ ကလေးများ၏ အနာဂတ်ကို ထုဆစ်ပုံဖော်မှုဖြင့် ကလေးများ၏ပုံရိပ်ကို ဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ တိုင်းဒေသကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးဖို့အတွက် တတ်စွမ်းသ၍ တည်ဆောက် အကောင်အထည်ဖော်ပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရနှင့်ပြည်သူ ဟန်ချက်ညီညီ ကလေးများ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပြုစုပျိုးထောင် ပေးသောပွဲလည်းဖြစ်ပါကြောင်း’’ ပြောကြားခဲ့သည်။

 

ထို့နောက် ညောင်တုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်က “ညောင်တုန်းမြို့နယ်တွင် ကလေးစာပေပွဲတော်ကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၂ ရက်တိုင်တိုင် ကျင်းပခွင့်ရရှိသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ၊ ကလေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော အလှူရှင်များ၊ မြို့မိမြို့ဖများနှင့် ပူးပေါင်းပါဝင်သူများအားလုံး ကိုကျေးဇူးတင်ကြောင်း’’ ပြောကြားခဲ့သည်။

 

ဆက်လက်၍ သက်ဆိုင်ရာကျောင်းအလိုက် ယိမ်းအကအလှအဖွဲ့(၆)ဖွဲ့က ဖျော်ဖြေခဲ့ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကလေးစာဖတ်ခန်း၊  ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ အလင်္ကာကျော်စွာကာတွန်းဆရာကြီးဦးဘဂျမ်ပြခန်း၊ မီးသတ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပညာရေးပြခန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ယူနီကုတ်စနစ်ပြောင်းလဲရေးဝန်ဆောင်မှုပေးခြင်း ဆောင်ရွက်နေမှုများ၊ အားကစားပြိုင်ပွဲများ၊ စာအုပ်အရောင်းဆိုင်များနှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းပညာပေးယာဉ်ဖြင့် ပြသနေမှု၊ Happy World ကလေးကစားကွင်းတွင် ကလေးများပျော်ရွှင်စွာ ဆော့ကစားနေမှုနှင့်  အားကစားပြိုင်ပွဲများကျင်းပရာသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ယခုပွဲတော်တွင် မြို့မိမြိုမ ဦးထွန်းသိန်း (ထမင်းဆိုင်)က ရေသန့်ဘူးကတ် ၃၅၀၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အအေးဘူး (၈၀ဝ)၊ ပေါင်မုန့်ညှပ်၊ အာလူးကြော် (၅၀ဝ)စီနှင့် ရေခဲချောင်း(၇၀ဝ)ခု၊ မြို့နယ်ဌာနဆိုင်ရာများက ကြက်ဥပြုတ် အလုံး (၄၀ဝ၀)၊ ပေါင်မုန့် (၂၂၀ဝ)နှင့်  မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊ Delta Queen Dairy Farn Co.Ltd နှင့် Top Dairy Farn Co.Ltd တို့က ခြံထွက်နွားနို့(၂၁၀)ဗူးအား ကလေးများအတွက် စတုဒီသာအဖြစ် ဝေငှကျွေးမွေးခဲ့ပြီး ပွဲတော်အား ဇန်နဝါရီလ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့ထိ (၂)ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် Happy World ကလေး ကစားကွင်းအား ညနေ ၆ နာရီခွဲအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင်/ပြန်ဆက်

သတင်းဓာတ်ပုံ- ဝဠာနိုင်၊ အောင်ခိုင်၊ အောင်မြင့်မြတ်၊ ပြည့်ဖြိုးကျော်