ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်လယ် ၅၅၆၅ ဧကတွင် ရွှေခရုများ ကျရောက်နေ

ပုသိမ် ၂၇ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ပျိုးပြီး လယ်မြေ ၅၅၆၅ ဧကတွင် စပါးဖျက်ရွှေခရုများ ကျရောက်ကာ စိုက်ပျိုးထားရှိသော စပါးပင်များ ပျက်စီးခဲ့ရကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွှေခရုများကျရောက်သည့် မြို့နယ်(၁၁)မြို့နယ်အနက် ကန်ကြီးထောင့်မြို့နယ်တွင် လယ်ဧက ၁၇၀၀ ကျော်၊ အိမ်မဲမြို့နယ်တွင် ဧက ၅၀၀ ကျော်၊ ဒေးဒရဲမြို့နယ်များမှာ ဧက ၃၀၀ ကျော် အများဆုံး ကျရောက်လျက်ရှိသည်။ ရွှေခရုများ ကျရောက်ခဲ့သည့် လယ်ဧက တစ်သောင်းခွဲကျော်ကို ကာကွယ်နိုင်ခဲ့ပြီး စပါးစိုက်ပျိုးပြီး လယ်မြေ ၁၉၃၄ ဧက ကျရောက်ထိခိုက်မှုများ ရှိခဲ့ကာ လယ်ဧက ၁၄၀၄ ဧကသာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းမန်နေဂျာ ဦးစိန်မောင်မြင့်က ပြောသည်။

 

ဧရာဝတီတိုင်းဒေသကြီးရှိ ပမ္မဝတီမြစ်စီးဆင်းရာ မြစ်ရိုးတစ်လျှောက် အိမ်မဲ၊ ဝါးခယ်မ၊ မြောင်းမြ၊ ကန်ကြီးထောင့်မြို့နယ်တွေ အဓိကကျရောက်လျက်ရှိကာ မြေနိမ့်ပိုင်း ရေကျနောက်စိုက်လယ်များတွင် မိုးရေလုံလောက်စွာ မရရှိခြင်း၊ ရေကြီးရေလျှံမှု နည်းပါးလာခြင်းတို့ကြောင့် အခြောက်ကြဲခင်းများတွင် မကျရောက်ဘဲ အစိုတမန်းကြဲခင်းများတွင် ခရုပွားများမှုနှုန်း၊ ခရုများရဲ့ ရွေ့လျားမှုနှုန်း၊ ဖျက်ဆီးမှုနှုန်းကို အားပေးသလို ဖြစ်စေသည်ဟု ဒေသခံများမှ ပြောပြသည်။

 

ခရုများကျရောက်သည့် နေရာများသည် များသောအားဖြင့် ရေဝင်သည့်နေရာများဖြစ်သောကြောင့် ရေဝင်ရေထွက်မြောင်းများတွင် ပိုက်များတားဆီးကာရံခြင်းအပြင် လယ်ယာမြေ ပြင်ဆင်ရေးလည်းဖြစ်သလို တားဆီးကာကွယ်သည့် အနေဖြင့် ထုံးချခြင်းနည်းလမ်းများကို ပြုလုပ်ဆောင်ရွက်ပါက ခရုများကျရောက်မှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ခရုများကျရောက်သည့် နေရာများတွင် ခရုကောက်ပွဲများပြုလုပ်ခြင်း၊ ဥမြုံများဖျက်ဆီးပွဲများပြုလုပ်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများနှင့် ပညာပေးပိုစတာများ စိုက်ထူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

မြင့်ဟန် (ပုသိမ်ခရိုင် ပြန်/ဆက်)