ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများအတွက် အလှူငွေနှင့် ဆန်များ ထောက်ပံ့လှူဒါန်းပွဲ တက်ရောက်

ပုသိမ် ၊ ၂၁ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ဆန်များ ထောက်ပံ့လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

 

လှူဒါန်းပွဲတွင် ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဇနီး ဒေါ်ခင်နှင်းညို မိသားစုက Volunteer ၁၃ ဦး၏ အထွေထွေ အသုံးစရိတ်အဖြစ် ငွေကျပ်(၁၃)သိန်းနှင့် Fever Clinic တွင် အသုံးပြုရန် ငွေကျပ်(၂)သိန်းကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး နယ်စပ်ပူးပေါင်း စစ်ဆေးရေး ဂိတ်များဖြစ်သည့် ညောင်တုန်း(မဲဇလီဂိတ်)၊ မအူပင်(ခတ္တိယဂိတ်)၊ ဒေးဒရဲ၊ ကြံခင်း (အုတ်ပုံဂိတ်)၊ ရေကြည်(ရေနံသာဂိတ်)၊ ငရုတ်ကောင်းတောင်ဂိတ်နှင့် ချောင်းဝဂိတ်များတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအတွက် ငွေကျပ်သိန်း(၆၀)၊ ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရာ၌ ရောဂါကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း (၄၇)ဦးအတွက် တစ်ဦးလျှင် (၁)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၄၇)သိန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများအတွက် ကိုရီးယားဆန် (၁၄၆)တန်တို့အား အလှူရှင်များက ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

ကိုတွတ်(ပြန်/ဆက်)