ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အနာဂတ်ကြယ်ပွင့်လေးများ ဝင့်ထည်လင်းလက်စေရန်အတွက် မြို့နယ်အသီးသီး၌ ကလေးစာပေပွဲတော်များ ကျင်းပပေးလျက်ရှိ

ပုသိမ် ၃ နိုဝင်ဘာ

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်၌ တိုင်းဒေသကြီးစိုးရအဖွဲ့၏ ပံ့ပိုးစီစဉ်မှုဖြင့် ကလေးစာပေပွဲတော်များ ကျင်းပသွားမည်ကို အများပြည်သူ သိရှိပြီးဖြစ်သည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနှင့် စေတနာအလှူရှင်များ ပူးပေါင်း၍ ကလေးစာပေပွဲတော်များ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြရာတွင် ယခုအခါ နိုဝင်ဘာ (၁)ရက်မှ (၂)ရက်အထိ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ ချောင်းသာမြို့ ကလေးစာပေပွဲတော်သည် တိုင်းဒေသကြီးအတွင်း ကျင်းပမည့် ကလေးစာပေပွဲတော်များအနက် ပထမဆုံးကျင်းပသည့် ပွဲတော်ဖြစ်ပြီး အခြားမြို့နယ်များတွင် ကလေးစာပေပွဲတော်များ ဆက်လက်ကျင်းပသွားမည်ဖြစ်ရာ နိုဝင်ဘာ (၄)ရက်မှ (၅)ရက်အထိ ဇလွန်မြို့တွင်လည်းကောင်း၊ နိုဝင်ဘာ (၆)ရက်မှ (၇)အထိ အိမ်မဲမြို့တွင်လည်းကောင်း ဆက်လက်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ ကလေးစာပေပွဲတော်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ် ဧပြီလအထိ မြို့နယ်(၂၆)မြို့နယ်တွင် သတ်မှတ်ရက် အသီးသီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၆)မြို့နယ်၌ ကလေးစာပေပွဲတော်များတွင် နယ်ပယ်ဒေသ အသီးသီးမှ ကလေးများ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် စီစဉ်ပေးခဲ့သော တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စေတနာ၊ သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းဆောင်ရွက်ပေးမှုတို့အပေါ် အထူးပင် ဝမ်းသာပီတိဖြစ်ရကြောင်း ပွဲတော်လာ ပရိသတ်တစ်ဦးထံမှ သိရှိရသည်။

 

တိုးဝေဇင်(တိုင်းပြန်/ဆက်)