ဧရာဝတီမြစ်ရေ ကျဆင်းမှု စတင်ဖြစ်ပေါ်နေပြီး ဆက်လက်ကျဆင်းနိုင်

မန္တလေး၊ ၁၅ ဇန်နဝါရီ

မန္တလေးမြို့၏ ဧရာဝတီမြစ်ရေ အခြေအနေသည် လက်ရှိ၌ ကျဆင်းမှုများ ဖြစ်ပေါ်နေပြီး ဇန်နဝါရီလ(၁၅)ရက်နေ့တွင် (၃၃၃)စင်တီမီတာဖြင့် မန္တလေးမြို့၏ စံချိန်တင် ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက် (၂၇)စင်တီမီတာ(တစ်ပေနီးပါးခန့်) ကျဆင်းနေကြောင်း သိရှိရပါသည်။

မြစ်ရေအအခြေအနေများနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက “မြစ်ရေအခြေအနေက အခုစတင်ကျဆင်းနေပါပြီ။ မန္တလေးမြို့ရဲ့ စံချိန်တင် ရေနည်းသတိပေးမှတ် (၃၆၀)စင်တီမီတာအောက် (တစ်ပေနီးပါးခန့်) ကျဆင်းနေတာပါ။ စံချိန်တင်ကျဆင်းတဲ့ အနေအထားတော့ မဟုတ်သေးပါဘူး။ သူ့ထက်နည်းခဲ့တဲ့နှစ်တွေက (၂၀၂၀)ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့ မနက်က (၃၀၂)စင်တီမီတာကို ရောက်ရှိခဲ့သလို (၂၀၁၅)ခုနှစ် မတ်လ(၃၁)ရက် နေ့ကလည်း (၃၁၅)စင်တီမီတာကို ရောက်ရှိခဲ့ဖူးပါတယ်။ ဒီနှစ်က ရေကျတဲ့ကာလက နောက်ကျပေမယ့် ဒီထက်မကလည်း ဆက်လက်ကျဆင်း နိုင်ဦးမှာပါ။ ဧရာဝတီမြစ်ရဲ့ အထက်ပိုင်းကို ကြည့်ရင်လည်း (၂၄)နာရီ အတွင်းမှာ (၁)စင်တီမီတာကနေ (၄)စင်တီမီတာလောက်ထိ ကျဆင်းနေတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ကာလတွေကို ကြည့်ခြင်းအားဖြင့် မန္တလေးမြို့မှာ ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ မြစ်ရေအနည်းဆုံး ရောက်ရှိခဲ့တယ်ဆိုတာ တွေ့ရတယ်။ ခုလာမယ့် ဒုတိယ(၁၀)ရက်ပတ် အတွင်းမှာ ပေဝက်ကနေပြီး တစ်ပေလောက်အထိ ဆက်လက်ကျဆင်းနိုင်ဖို့ ခန့်မှန်းထားပါတယ်။ တစ်နေ့ကို (၁)စင်တီမီတာနှုန်းနဲ့ ကျဆင်းနေတာကြောင့် ဖေဖော်ဝါရီလ လလယ်လောက်ကျရင် (၃၀၂)နဲ့ (၃၀၀)စင်တီမီတာ လောက်အထိ ရောက်နိုင်တာကြောင့် မနှစ်က ရေမှတ်နီးပါးလောက် ရောက်ရှိနိုင်ပါတယ်။ မနှစ်ကတော့ (၃၀၂)စင်တီမီတာနဲ့ မြစ်ရေက စံချိန်တင်ကျဆင်းခဲ့တာပါ။ “ ဟု ပြောကြားပါသည်။

#MRTV