ဧရာဝတီမြစ်အတွင်း သင်္ဘောများ နေ့၊ ည သွားလာနိုင်ရန် ယခုလအတွင်း ရေလမ်းပြအမှတ်အသားများ စတင်ချထားမည်

မန္တလေး  ၁၃  သြဂုတ် 

 

မင်းကွန်းမှ အင်းဝမြို့ဟောင်းအထိ သင်္ဘောများနေ့၊ ညသွားလာနိုင်ရန် ဧရာဝတီမြစ်အတွင်း Bouy (ရေလမ်းပြအမှတ်အသား) ၂၀ ကို စမ်းသပ်ချထားမည်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ပြောသည်။

 

မန္တလေးမှ ပုဂံညောင်ဦးအထိ ဧရာဝတီမြစ်အတွင်း သင်္ဘောများ နေ့ ၊ ည သွားလာနိုင်ရန် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်နေပြီး ယခုလအတွင်းမှာ မင်းကွန်းမှ အင်းဝမြို့ဟောင်းအထိ Bouy များ စမ်းသပ်ချထားမည်ဖြစ်သည်။

 

‘ဧရာဝတီမြစ်အတွင်းမှာ သင်္ဘောတွေက နေ့ခင်းဘက်ပဲမောင်းလို့ရပါတယ်။ နေ့၊ ည အသုံးပြုလို့ရအောင် ၂၄ နာရီ အသုံးပြုလို့ရမယ့် ရေလမ်းပြအမှတ်အသား Bouy တွေရောက်နေပြီ ဌာနကလူတွေကိုသင်တန်းပေးနေပြီ။ သင်တန်းပေးပြီး အလုံး၂၀ ကိုရေထဲစမ်းသပ်ပြီး ချပေးမှာ။ မင်းကွန်းကနေ အင်းဝအထိ ရေများချိန်ချပေးမယ်။ သြဂုတ်လအတွင်းပြီးအောင်ချမယ်’ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်မှ ပြောသည်။

 

သင်္ဘောများနေ့၊ ညသွားလာနိုင်ရငန် ရေလမ်းပြအမှတ်အသား စုစုပေါင်း ၂၁၆ လုံးကို မန္တလေး -ညောင်ဦး ရေလမ်းကြောင်းမှာ ၂၀၁၈ ခုနှစ်အတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်သည်။ ရေလမ်းပြအမှတ်အသား ၂၁၆ လုံး ဆောင်ရွက်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ သန်းခန့် အသုံးပြုသွားမည်ဖြစ်သည်။

 

ရေလမ်းပြအမှတ်အသားများ ချထားပြီးပါက ရေယာဉ်မောင်းနှင်သူများကို ရေလမ်းပြအမှတ်အသားနှင့် ပတ်သက်ပြီး အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုလို ရေလမ်းပြ အမှတ်အသားများတပ်ဆင်သည့်အတွက် သင်္ဘောများနေ့၊ ညသွားလာနိုင်ခြင်း၊ သယ်ယူပို့ဆောင်ချိန် လျှော့ချနိုင်ခြင်း၊ ကုန်စည်စီးဆင်းမှုမြန်ဆန်လာခြင်း၊ ကုန်ဈေးနှုန်းကျဆင်းလာခြင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်နိုင်ခြင်း ၊ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းပေးနိုင်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းခြင်း၊ ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး စတင်နိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ 

 

အိမို့မို့ခိုင်