ဧရာဝတီစာပေပွဲတော် ဒုတိယနေ့တွင် ကဗျာရွတ်ဆိုပွဲ၌ လာရောက်ပါဝင်ဆင်နွှဲကြသည့် ပြည်တွင်း ပြည်ပ  ကဗျာဆရာများ ဝါသနာရှင် ကဗျာချစ်မြတ်နိုးသူများဖြင့် စည်ကား

မန္တလေး  ၁၀  နိုဝင်ဘာ

 

မန္တလေးမြို့ မာကျူရာဟိုတယ်၌ နိုဝင်ဘာ ၉ ရက်မှ စတင်ကျင်းပလျက်ရှိသည့် ပဉ္စမအကြိမ်မြောက် ဧရာဝတီစာပေပွဲတော် ဒုတိယနေ့တွင် Poet's Corner ကဗျာရွတ်ဆိုပွဲ၌ လာရောက်ပါဝင်ဆင်နွှဲကြသည့် ပြည်တွင်းပြည်ပ ကဗျာဆရာများ၊ ဝါသနာရှင်ကဗျာ ချစ်မြတ်နိုးသူများဖြင့် စည်ကားလျက်ရှိသည်။

 

အဆိုပါ ကဗျာရွတ်ဆိုပွဲကို အနယ်နယ်အရပ်ရပ်ရှိ ဝါသနာတူ ကဗျာဆရာအချင်းချင်း တွေ့ဆုံခွင့်ရရှိစေပြီး နိုင်ငံတကာမှ လာရောက်ကြသည့် ကဗျာဆရာများနှင့်လည်း ရင်းနှီးခွင့် ရရှိစေရန်နှင့် ရွတ်ဆိုကြသည့် ကဗျာများကို နားထောင်ကာ ကဗျာဆရာ၏ ခံစားမှုရသများကို မြင်တွေ့ခွင့် ရရှိနိုင်စေရန် ရည်ရွယ်၍ မန္တလေးမြို့မှ ကဗျာဆရာ မောင်သင်းပန်နှင့် ဆရာဝေမင်းသန့် (မန်ကျဉ်းဗုတ်)တို့မှ ဦးဆောင်စီစဉ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

''ဒီ Poet's Corner မှာ ကိုယ်ကြိုက်နှစ်သက်ရာ ကဗျာတွေကို လွတ်လပ်စွာ လာရောက် ရွတ်ဆိုနိုင်ဖို့ ကျွန်တော်တို့က စီစဉ် ပေးပါတယ်။ ဒီနှစ်မှာ ကျင်းပတဲ့ ဧရာဝတီစာပေပွဲတော်မှာ ကဗျာရွတ်ဆိုပွဲကို  အရင်နှစ်တွေကအတိုင်း နေ့လယ်ပိုင်းမှာ စတင်ရွတ်ဆိုဖို့ သတ်မှတ်ထားပေမယ့် ပွဲတော်ဖွင့်ပွဲနေ့မှာပဲ  ပြည်တွင်းပြည်ပက ကဗျာဆရာတွေ စိတ်အားထက်သန်စွာ လာရောက်ရွတ်ဆို ကြတဲ့အတွက် နံနက်ပိုင်းကတည်းက စည်ကားနေပါတယ်။ နိုင်ငံတကာက ကဗျာဆရာတွေ ကလည်း ကျွန်တော်တို့ ကဗျာရွတ်ဆိုမှုကို လေးလေးနက်နက် ခံစားနားထောင်တာကို တွေ့ရတဲ့အပြင် ကျွန်တော်တို့က ခေတ်နဲ့အညီ မော်ဒန်ကဗျာတွေ ရွတ်နေတဲ့ အချိန်မှာ သူတို့က ဆရာဇော်ဂျီရဲ့ ဂန္ထဝင်ကဗျာကို မြန်မာလို ဝင်ရောက်ရွတ်ဆိုကြတာကို တွေ့ရတော့ အလွန်ကို ကြည်နူးဂုဏ်ယူရပါတယ်။ ဒါအပြင် အသက် ၇၀ နဲ့ ၈၀ ကျော် ကဗျာဆရာကြီးတွေ ဖြစ်ကြတဲ့ ကဗျာဆရာကြီး မင်းချမ်းမွန်နဲ့ မန္တလေး မောင်အောင်ခင်တို့ကို ဒီလို ပွဲမျိုးမှာ တွေ့ဆုံခွင့်ရတဲ့ အတွက်လည်း ကျွန်တော်တို့လို ကဗျာဆရာတွေအတွက် အကျိုးရလဒ်တစ်ခုပါပဲ'' ဟု ကဗျာဆရာ ဝေမင်းသန့်(မန်ကျဉ်းဗုတ်)က ပြောသည်။

 

ဧရာဝတီစာပေပွဲတော်သို့ လာရောက်လေ့လာကြည့်ရှုသည့် မန္တလေးတက္ကသိုလ်မှ မြန်မာစာ ဒုတိယနှစ် ကျောင်းသူ မနှင်းဝတ်ရည်ကလည်း ''  စာရေးဆရာကြီးတွေ ဆွေးနွေးဟောပြောကြတဲ့ စကားဝိုင်းတွေမှာ ဝင်ရောက်နားထောင်ခဲ့တဲ့အတွက် အသိပညာတွေ တိုးပွားစေတဲ့ အပြင် ပြန်လည် မေးမြန်းဆွေးနွေးတဲ့ အကြောင်းအရာတွေကလည်း စိတ်ခွန်အားတွေကို ဖြစ်စေပါတယ်။ ကျွန်မက ကဗျာကို ဝါသနာ ပါတဲ့အပြင် ကိုယ်တိုင်လည်း ကဗျာတွေ စပ်ဆိုနေတဲ့အတွက် အခုလို ကဗျာရွတ် ဆိုပွဲကို လာရောက်နားထောင်တာပါ။ ရွတ်ဆိုနေကြတဲ့ ကဗျာဆရာတွေကို အားကျပြီး ကိုယ်တိုင် ဝင်ပြီး ရွတ်ဆိုချင်စိတ်တွေ ဖြစ်မိပါတယ် ''ဟု ပြောသည်။

 

မန္တလေးမြို့တွင် ဧရာဝတီစာပေပွဲတော်ကို နိုဝင်ဘာ   ၁၁ ရက်အထိ သုံးရက်တာ ကျင်းပ လျက်ရှိပြီး ပွဲတော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြားမှ စာရေးဆရာ ၁၀ဝ ကျော်နှင့် နိုင်ငံတကာ မှ စာရေးဆရာ ၃၀ ကျော် လာရောက်၍ စာတမ်းများ ဖတ်ကြားခြင်း၊ စကားဝိုင်းဆွေးနွေးပွဲနှင့် ဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများအပြင် စာအုပ်အရောင်းဆိုင် ၃၀ ကျော် ဖွင့်လှစ်ရောင်းချမှု တို့ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

 မင်းထက်အောင်(မန်းကိုယ်ပွား)