Energy Drink တွေကပေးတဲ့ ဆိုးကျိုးတွေ

ရေးသားသူ Ye Zon Aung

 

Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည် ချိုချိုလေးတွေဟာ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကလေးသူငယ်လေးတွေကနေအစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်တွေအလယ် လူကြီးသူမတွေအဆုံး နှစ်သက်ကြလေ့ရှိပါတယ်။

 

ဒီအချိုရည်တွေကို ကမ္ဘာတစ်လွှားမှာ ဘယ်လောက်တောင် လူကြိုက်များလဲဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် ကမ္ဘာတစ်လွှား အဆိုပါအချိုရည်ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိလာနိုင်မှာဖြစ်ပါတယ်။

 

လူတွေဘာကြောင့် ဒီအချိုရည်တွေကို စွဲစွဲလမ်းလမ်းနှစ်ခြိုက်သဘောကျနေကြတာလဲ။ လူတိုင်းနီးပါးက ခွန်အားဖြည့် အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာ အရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။

 

ခွန်အားဖြည့်အချိုရည်တွေဟာ တကယ်ရော ခွန်အားတွေပေးနိုင်ရဲ့လား၊ စွမ်းအားကို တိုးစေမှာ လား၊ ဦးနှောက်ကိုကြည်လင်စေပြီး စဉ်းစားတွေးခေါ်မှုတွေကို ပိုပြီး အထောက်အကူဖြစ်စေမှာလား … အဖြေကတော့ No ပါကွယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ ကောင်းကျိုးတွေထက် ဘေးထွက် ဆိုးကျိုးတွေ ပိုပြီးများပြားပါတယ်။ လူတွေ သတိမထားမိတဲ့ ခွန်အားဖြည့်အချိုရည်တွေရဲ့ ဆိုးကျိုးလေးတွေကို ဖော်ပြလိုက်ရပါတယ်။

 

ခွန်အားဖြည့်အချိုရည်တွေဟာ ရေဓာတ်ကို ဆုံးရှုံးစေပါတယ် – ခွန်အားဖြည့်အချိုရည်တွေမှာ အဓိကပါဝင်တဲ့ ပစ္စည်းက ကဖိန်းဓာတ်ဖြစ်ပါတယ်။ ၁၆ အောင်စရှိတဲ့ အချိုရည်တစ်ဗူးမှာ ကဖိန်းဓာတ် ၁၆၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ဆီးရွှင်စေတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါကြောင့် ရေဓာတ်ဆုံးရှုံးမှုဖြစ်နိုင်ချေများပါတယ်။ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ကဖိန်းဓာတ် ၄၀ဝ မီလီဂရမ်ထက်ပို မသုံးစွဲသင့်ဘူးလို့ FDA ကလည်း သတိပေးထားပါတယ်။

 

အားဖြည့်အချိုရည်တွေဟာ နှလုံးခုန်နှုန်းကိုလည်း မြန်ဆန်စေပါတယ် – အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ ကဖိန်းဓာတ်ကြောင့်ပဲ နှလုံးခုန်နှုန်းကို မြန်ဆန်စေပါတယ်။ Canadian Journal of Cardiology ရဲ့ ဖော်ပြချက်အရ ဆယ်ကျော်သက်လူငယ်တွေအကြားမှာ ခွန်အားဖြည့် အချိုရည်တွေ သောက်သုံးမှုမြင့်တက်လာပြီးနောက်ပိုင်း နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါဖြစ်ပွားနှုန်းလည်း လိုက်ပါမြင့်တက်လာနေတယ်လို့ ဆိုထားပါတယ်။

 

ခွန်အားဖြည့်အချိုရည်တွေဟာ သွားကိုလည်း ထိခိုက်စေနိုင်ပါတယ် – ခွန်အားဖြည့်အချိုရည်တွေမှာ Citric Acid ပါဝင်ပါတယ်။ အဆိုပါ အက်ဆစ်ဓာတ်က သွားကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ လေ့လာချက်တွေအရ ခွန်အားဖြည့်အချိုရည်တွေက Sport Drink တွေထက်ပိုပြီး လူ့သွားရဲ့ အပေါ်ယံကြွသေားအလွှာကို ထိခိုက်အောင် လုပ်လေ့ရှိတယ်လို့ ဆိုထားပါတယ်။

 

ခွန်အားဖြည့် အချိုရည်တွေက သင့်ကို ခွန်အားမပေးနိုင်ပါဘူး – နာမည်ကတော့ Energy Drink ဟုတ်ပါတယ်။ဒါပေမယ့် ဒီခွန်အားဖြည့်အချိုရည်တွေဟာ သောက်သုံးသူတွေကို ခွန်အားအစစ်အမှန် ပေးနိုင်မှာမဟုတ်ပါဘူး။ အဲဒီအချိုရည်တွေထဲမှာပါဝင်တဲ့ Taurine ၊ L-carnitine နဲ့ Glucuronolactone တွေပါဝင်ပေမယ့် တကယ့် စွမ်းအင်ကိုတော့ မြှင့်တင်ပေးနိုင်မှာမဟုတ်ပါဘူး။ Taurine နဲ့ L-carnitine တို့က Amino Acid အမျိုးအစားတွေဖြစ်ကြပြီးတော့ ခန္တာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အနည်းငယ် မြှင့်တင်ပေးနိုင်ပါတယ်။ Glucuronolactone လည်း အတူတူပါပဲ။ ဒါပေမယ့် ဒီအချက်တွေကြောင့်တော့ ခန္တာကိုယ်မှာ ခွန်အားတွေ မြင့်တက်လာဖို့ အကြောင်းပြချက်မဟုတ်ပါဘူး။

 

သကြားဓာတ် အလွန်များပြားစွာ ပါဝင်နေပါတယ် – World Health Organization ရဲ့ သတ်မှတ်ချက်တွေအရ လူတစ်ယောက်ဟာ တစ်နေ့ကို သကြားပမာဏ လက်ဖက်ရည်ဇွန်း ၆ စွန်းပဲစားသုံးဖို့သင့်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အချိုရည်တွေမှာ တစ်ဘူးကို လက်ဖက်ရည်ဇွန် ၁၃ ဇွန်းစာလောက်ပါဝင်လေ့ရှိပါတယ်။ နေ့စဉ်သုံးစွဲဖို့ သတ်မှတ်ထားတဲ့ ပမာဏရဲ့ ၂ ဆ ကျော်ပမာဏဖြစ်ပါတယ်။

 

အချိုရည်ကြောင့် ခေါင်းကိုက်နိုင်တယ် – စွမ်းအားမြှင့်အချိုရည်တွေမှာ Guarana ဆိုတဲ့ တောင်အမေရိကမျိုးရင်း အပင်တစ်မျိုးပါဝင်ပါတယ်။ ဒီအပင်ဟာ စိတ်ကြည့်စေတယ်၊ ခွန်အားကိုဖြစ်စေတယ်ဆိုတဲ့ အပြောင်းပြချက်နဲ့ ထည့်သွင်းကြာတာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီအပင်ကြောင့် ခေါင်းကိုက်တာတွေနဲ့ စိတ်အပြောင်းအလဲမြန်တာမျိုးတွေ ဖြစ်နိုင်ပါသေးတယ်။

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်