E-Commerce လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်နှင့် E-Commerce စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုလုံခြုံစိတ်ချရသည့်နေရာတစ်ခုဖန်တီးရန် ရည်ရွယ်၍ ECAM ကို ဖွဲ့စည်း

ရန်ကုန် ၁၀ မတ်

E-Commerce လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်နှင့် E-Commerce စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုလုံခြုံ စိတ်ချရသည့်နေရာတစ်ခုဖန်တီးရန် ရည်ရွယ်၍ E-Commerce Association of Myanmar (ECAM)ကို ဖွဲ့စည်းခဲ့သည်။

 

0141

 

အဆိုပါ E-Commerce Association Myanmar (ECAM) တရားဝင် မိတ်ဆက်ခြင်းကို မတ်လ ၁၀ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Novotel Hotel တွင်  ပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံ၏ E-commerce နယ်ပယ်တွင် ပါဝင်သူများအား အတွေးအမြင်များ၊ သတင်းများ၊ နည်းပညာများ မျှဝေရန်နှင့် မူဝါဒချမှတ်သူများအား အတွေးအမြင်နှင့်အမြင်များကို ကိုယ်စားပြုရေး ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ရန် ECAM အသင်းကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း အသင်းဥက္ကဌ ဉီးအေးချမ်း က ပြောသည်။

 

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး အွန်လိုင်းကနေ စီးပွားရေးလုပ်ကိုင်တဲ့သူတွေ သိသိသာသာကို များပြားလာတာဖြစ်တယ်၊ ဒီ E-Commerce နယ်ပယ်ထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေ ဒါမှမဟုတ် ဝယ်ယူသုံးစွဲသူတွေရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို သူတို့အတွက် ကိုယ်စားပြုအနေနဲ့ လုပ်ဆောင်တင်ပြပေးသွားဖို့ကတော့ ကျွန်တော်တို့ ECAM ရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်"ဟု ဦးအေးချမ်း က ပြောသည်။

 

ECAM သည် အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်မှု၊ အများပြည်သူနှင့် ဆက်သွယ်ခြင်း၊ လက်ခံနိုင်သော E-Commerce စည်းမျဉ်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတိုးမြှင့်ရေးအတွက် စက်မှုလုပ်ငန်းကိုယ်စားပြုဆောင်ရွက်ရန် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

လက်ရှိ မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း E-Commerce နှင့်ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းနိုင်ခြင်း မရှိသေးသော်လည်း E-Commerce နှင့်ပတ်သက်သည့် နည်းဗျူဟာများ ရေးဆွဲနေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆုသက်နှင်း က ပြောသည်။

 

"E-Commerce ဆိုတဲ့ ခေါင်းစဥ်နဲ့ သီးခြား Rule and Regulation မပေါ်သေးပေမယ့် သူနဲ့ဆက်စပ်တဲ့ Transaction တွေ Payment တွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ Rule and Regulation တွေရှိတယ်၊ ဒါပေမယ့် International Standard တွေ မညီသေးဘူး၊ အဲဒီအချိန်မှာ ဘာတွေလုပ်ဖို့လိုအပ်လည်းဆိုတဲ့ Strategy တွေ ရေးဆွဲဖို့အတွက် စီးပွားကူးသန်းက ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ဝန်ဆောင်မှုကဏ္ဍ မြှင့်တင်ရေး စီမံကိန်းအောက်ကနေ Strategy ကို စတင်ရေးဆွဲနေပါပြီ"ဟု ဒေါ်ဆုသက်နှင်း က ပြောသည်။

 

ECAM ၏ ရည်ရွယ်ချက်မှာလည်း အီလက်ထရောနစ် စီးပွားရေးအသင်းတွင် ပါဝင်သူများအားလုံး အကျိုးစီးပွားကောင်းမွန်ရေးအတွက် လုပ်ငန်းရှင်များ၊ အစိုးရ၊ ပညာသင်ကျောင်းများနှင့်ပူးပေါင်းပြီး မြန်မာပြည်၏ အီလထရောနစ် စီးပွားရေး အသင်းပတ်ဝန်းကျင် အသိုင်းအဝိုင်းကို မြှင့်တင်ပေးရန်၊ အီလက်ထရောနစ် စီးပွားရေးအသင်းတွင် ဝယ်ယူသူများ ယုံကြည်မှုရရှိနိုင်ရေးအတွက် မြန်မာ့ ယုံကြည်မှု့ အမှတ်တံဆိပ်ကို အီလက်ထရောနစ် စီးပွားရေးအသင်းလုပ်ငန်းရှင်များအတွက် စစ်ဆေးအသိအမှတ်ပြုပေးရန်နှင့် အီလက်ထရောနစ် စီးပွားရေးအသင်းတွင် ဝယ်သူ-ရောင်းသူ မပြေမလည်သည့် ကိစ္စများကို အခြားသော အစိုးရဌာန၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီးဆောင်ရွက်ရန် ဖြစ်သည်။

 

ထို့ပြင် အသင်းအနေဖြင့် တိုင်းဒေသကြီးများနှင့်တကွ ကျေးလက်ဒေသများပါမကျန် E-Commerce လုပ်ငန်းများဖွံဖြိုးတိုးတက်စေရန် အသိပညာများဝေမျှ၍ စျေးကွက်ဖော်များဖော်ဆောင်ချိတ်ဆက်ခြင်း၊ မျှတသောစျေးကွက်ယှဉ်ပြိုင်မှုရှိစေရန် အတွက်သာမက လုပ်ငန်းရှင်များအချင်းချင်း Network ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်နိုင်ဆောင်ရွက်ခြင်းနှင့် မှန်ကန်မှုမရှိသော(ဝါ)လိမ်လည်လှည့်ဖျား၍ အများပြည်သူ အကျိုးစီးပွားနစ်နာအောင် ဆောင်ရွက်သူများအား ဤအသင်း၌ ပါဝင်ဆက်နွယ်နိုင်ခြင်း မရှိစေရန် စိစစ်ပယ်ဖျက်ခြင်းတို့ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း