ဒူးဆစ်များ တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်း ၅ မျိုး

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ဒူးဆစ်များ တောင့်တင်းနေပါသလား၊ ပုံမှန်လောက်လှုပ်ရှားမှုများ မပြုနိုင်ဖြစ်နေပါသလား။ သင့်နေစဉ် အလုပ်များပျက်သည်အထိ ဖြစ်နေပါသလား။ ထိုလက္ခဏာများ ခံစားနေရပါက ဆရာဝန်က သင့်ကို လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် တက်ကြွစွာနေထိုင်ရန် အကြံပေးပါလိမ့်မည်။ အောက်ပါတို့သည် ဒူးဆစ်တောင့်တင်းသူများတွင် ပြုလုပ်သင့်သော လေ့ကျင့်ခန်းများ ဖြစ်ပါသည်။

ပေါင်အနောက် ကြွက်သားများကို ဆန့်ထုတ်ခြင်း

ထိုနည်းသည် သင့်ကို နာကျင်မှုများသက်သာစေခြင်း၊ လှုပ်ရှားမှုများကောင်းစွာ ပြုလုပ်နိုင်ခြင်းနှင့် အဆစ်များကို ထိခိုက်မှုများမှ ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်ပါသည်။

•       ကြမ်းပေါ်တွင် လှဲချလိုက်ပါ။
•       ကိုယ်ကို ဖြေလျှော့ထားပါ။
•       ဘယ်ဘက်ခြေကျင်းဝတ်ကို ပတ်ရန် ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပါ။
•       ထို့နောက် ဘယ်ဘက်ခြေထောက်ကို ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပြီး ထောင်မတ်ထားပါ။
•  ထိုအချိန်တွင် သင့်ပေါင်နောက်ရှိကြွက်သားများနှင့် ဒူးအနောက်ရှိ နေရာများတွင် တင်းနေသည်ကို ခံစားရလိမ့်မည်။
•       ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ထားပါ။
•       ထို့နောက် ခြေထောက်ကို ဖြေးဖြေး ပြန်ချပါ။
•       ခြေတစ်ဖက်ကို ၂ ကြိမ်စီ လုပ်ပါ။

ဒူးများကို ကွေးခြင်း

ထိုနည်းကို စလုပ်ရန် ခြေများကိုဆန့်ပြီး ဝမ်းလျားမှောက်အိပ်ပါ။ သက်တောင့်သက်သာရှိစေရန် ဒူးအောက်တွင် မျက်နှာသုတ်ပဝါ ခင်းထားနိုင်ပါသည်။
•     တောင့်တင်းနေသောဒူးကို ကွေးပြီး ခြေဖျားများကို တင်ပါးဘက်သို့ ကော့တင်ပါ။ ဒူးနာလာလျှင် ထိုအနေအထားကို ဒူးမကွေးဘဲ ပြုလုပ်နိုင်ပါသည်။ ခြေထောက်များကို တတ်နိုင်သမျှ မြှောက်တင်ပါ။
•       ခြေထောက်ကို မြှောက်ချီ ချချီ ဖြေးညှင်းစွာ လုပ်ပါ။
•       ပုံမှန် အနေအထားသို့ ပြန်သွားပါ။
•       ဒူးများ ခံနိုင်ရည်ရှိလျှင် တစ်ဖက်ကို ၈- ၁၂ ကြိမ်စီလုပ်ပါ။

ပေါင်ရှေ့ကြွက်သားများကို ဆန့်ခြင်း

ထိုနည်းကို စလုပ်ရန် မျက်နှာကို မှောက်ပြီး ဝမ်းလျားမှောက် အိပ်ပါ။

•       ညိုသကျည်းကို ပတ်ရန် ကြိုး သို့မဟုတ် အိပ်ရာခင်းကို သုံးပါ။
•       ထို့နောက် ကြိုးသို့မဟုတ် အိပ်ရာခင်းကို သုံးပြီး  ခြေဖနောင့်ကို တင်ပါးဘက်သို့ ကွေးပါ။
•       ထိုအချိန်တွင် သင့်ပေါင်ရှေ့ရှိကြွက်သားများ တင်းနေသည်ကို ခံစားရလိမ့်မည်။
•       ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ထားပါ။
•       ထို့နောက် ခြေထောက်ကို ဖြေးဖြေး ပြန်ချပါ။
•       ခြေတစ်ဖက်ကို ၂ ကြိမ်စီ လုပ်ပါ။

ခြေသလုံးများကို ဆန့်ထုတ်ခြင်း

ထိုလေ့ကျင့်ခန်းတွင် ဟန်ချက်ကို ထိန်းရန် ထိုင်ခုံ သို့မဟုတ် စားပွဲ သို့မဟုတ် နံရံ လိုအပ်ပါသည်။

•       ဘယ်ခြေထောက်ကို ကွေးပါ။
•       ညာခြေကို နောက်တစ်လှမ်းဆုတ်ပြီး ဖြေးဖြေးချင်းဆန့်ပါ။ ထိုအချိန်တွင် ခြေဖဝါးများကို ကြမ်းပြင်နှင့် ကပ်နေအောင်ထားပါ။ ညာခြေသလုံးကြွက်သားများ တင်းလာသည်ကို သင်ခံစားရလိမ့်မည်။
•       ထိုအနေအထားအတိုင်း စက္ကန့် ၂၀ ထားပါ။
•       ထို့နောက် မူလအနေအထားအတိုင်း ပြန်သွားပါ။
•       ခြေတစ်ဖက်ကို ၂ ကြိမ်စီ လုပ်ပါ။

ခြေထောက်များကို တဖြောင့်တည်းဖြစ်အောင် ဆန့်ထုတ်ခြင်း

ထိုလေ့ကျင့်ခန်းသည် ဒူးဆစ်များကို သန်မာစေပါသည်။

•       ကြမ်းပေါ်တွင် ပက်လက်အိပ်ပါ။

•       သင့်လက်များဖြင့်ထောက်ပြီး ကိုယ်အပေါ်ပိုင်းကို မြှောက်ပါ။
•       ထို့နောက် ဘယ်ဒူးကို အနည်းငယ်ကွေးပါ။ ခြေဖဝါးများကို ကြမ်းပေါ်တွင်ထားပါ။
•       ညာဘက်ခြေထောက်ကို ဖြောင့်နေအောင်ထားပါ။

•       ညာဘက် ပေါင်ရှိကြွက်သားများကို ဆန့်ပြီး ခြေထောက်ကို ဖြေးဖြေးကြွပါ။
•       ထိုအနေအထားအတိုင်း ၃ စက္ကန့်ထားပါ။
•       ညာဘက်ပေါင်သားများကို ညှစ်ထားချိန်တွင် ညာခြေထောက်ကို ကြမ်းပြင်ဘက်သို့ ဖြေးဖြေးချင်း ပြန်ကပ်ပါ။
•       ၁၀ ကြိမ် ပြုလုပ်ပါ။
•       နောက်တစ်ဖက်ကိုလည်း ၁၀ ကြိမ် ပြုလုပ်ပါ။

အထက်ပါလေ့ကျင့်ခန်း ၅ မျိုး ကို မှန်ကန်စွာပြုလုပ်ပါက ဒူးများတောင့်တင်းနေခြင်းကို သက်သာစေပါသည်။ သင့်ဝေဒနာနှင့် ပတ်သက်ပြီး သိလိုသည်များရှိသော် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"