ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်းမြို့နယ်ရှိ သမဝါယမအသင်းသား ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ


နေပြည်တော် မေ ၁၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ထန်းတောနှင့် ကြံပင်ကျေးရွာသို့ သွားရောက်ပြီး အသင်းသားတောင်သူ (၆၁) ဦး၏ လယ်မြေ (၂၀၂) ဧကတွင် B-31 ဝါမျိုး စိုက်ပျိုးထားသည့် ရွှေကြံပင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ ဝါစိုက်အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံကာ အထွက်တိုး မျိုးကောင်းမျိုးသန့်များနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးများ ပံ့ပိုးပေးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ Grade A၊ Grade B အဆင့်မီဝါများ ရရှိရေးအတွက် သက်ဆိုင်ရာဌာနများက ပညာပေးရေး၊ လိုအပ်သော စိုက်ပျိုးရေ ရရှိရေးတို့အတွက် ညှိနှိုင်းမှာကြားသည်။
ယင်းနောက် ဝါစိုက်အသင်းသားတောင်သူများက သီးနှံဖျက်ပိုးကျရောက်မှု ကူညီဆောင်ရွက်ပေးရေး၊ ကျေးရွာအဝင်တံတား တည်ဆောက်ပေးရေးနှင့် စိုက်ပျိုးရေလိုအပ်ချက်များ တင်ပြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ အင်ဂျင်နီယာချုပ်တို့က ပြန်လည်ရှင်းလင်းဖြေကြားပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဝါစိုက်အသင်းသားတောင်သူများထံ ထောက်ပံ့ပေးအပ်မည့် B-31 ဝါမျိုးအိတ်များနှင့် စမ်းဝတီ သဘာဝမြေဩဇာအိတ်များကို ကြည့်ရှုအားပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ပျဉ်တပ်ရပ်ကွက်ရှိ အောင်ချမ်းသာ ဝါစက်နှင့် သီးနှံစုံရောင်းဝယ်ရေးသို့ သွားရောက်ကြည့်ရှုပြီး ဝါကြိတ် ဝါဖိစက်များ ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရေး၊ ဝါစေ့ဆီ ကြိတ်ရန်အတွက် ဆီစက်တည်နိုင်ရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရမည်းသင်းမြို့နယ်၊ ကတင်ကျေးရွာသို့ သွားရောက်ပြီး အသင်းသားတောင်သူ (၈၃) ဦး၏ လယ်မြေဧက (၂၁၀) တွင် မိုးကြိုဝါများ စိုက်ပျိုးနေကြသည့် လင်းလင်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ မိုးကြိုဝါများ အောင်ရေရရှိရေးအတွက် တွင်းတိမ်များ တူးဖော်ပေးရေး၊ မိုးကြိုဝါစိုက်အပြီး မိုးစပါး (၁၈၀၀) ဧက စိုက်ပျိုးရန်အတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ကူညီပံ့ပိုးပေးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီးရမည်းသင်းမြို့နယ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက် ဝန်ထမ်းများနှင့်တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်