ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဏ္ဏားကျွန်းမြို့ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ

နေပြည်တော် မေ ၂၂

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် မေ ၂၁ ရက် နံနက်ပိုင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ပုဏ္ဏားကျွန်းမြို့သို့ သွားရောက်၍ လေဘေးသင့်ခဲ့သည့် ရုံးများကို ကြည့်ရှု စစ်ဆေးကာ ဝန်ထမ်းအိမ်ရာများနှင့်  ရုံးအဆောက်အဦများ ပြုပြင်ဆောင်ရွက်ရေး၊ ရုံးနှင့် အိမ်ရာပတ်ဝန်းကျင် ရှင်းလင်းဆောင်ရွက်ရေးတို့ကို မှာကြားသည်။

 

ယင်းနောက် ပုဏ္ဏားကျွန်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

အလားတူ ဒုတိယဝန်ကြီးသည် ပုဏ္ဏားကျွန်းမြို့ သမဝါယမဦးစီးဌာနရုံး၊ ကျောက်တော်မြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် သမဝါယမဦးစီးဌာနရုံးများသို့ သွားရောက်ကာ ပျက်စီးဆုံးရှုံးမှုများကို ကြည့်ရှု စစ်‌ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)