နေပြည်တော် ဖေဖော်ဝါရီ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများနင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာအုပ်စု ဝဲကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားသည့် Mobile Solar စနစ် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းနှင့် ၎င်းလုပ်ငန်းဖြင့် အောင်မြင်ဖြစ်ထွန်းနေသာ ငရုပ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံ စိုက်ခင်းများကို ကြည့်ရှုစစ်ဆေးသည်။

ရွှေပြည်သာကျေးရွာအုပ်စု၊ ဝက္ကမူကျေးရွာအနီး ပလွေးချောင်းအား Geotextile နည်းစနစ်ဖြင့် ချောင်းပိတ်မြောင်းပိတ် ပြုလုပ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက 2.16 KW ဆိုလာ (၂) စုံဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးဧက ၆၄ဒသမ၃၃ ဧကတွင် ငရုပ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံများကို သုံးရာသီစလုံး စိုက်ပျိုးလျက်ရှိသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရွှေပြည်သာကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာနှင့် သာယာစု ကျေးရွာတို့မှ သမဝါယမအသင်းသားများ၊ တောင်သူများနှင့်တွေ့ဆုံ၍ ဆိုလာစက်ပစ္စည်းများနှင့် ချောင်း ပိတ်ဆည်အား မိမိပိုင်ပစ္စည်းကဲ့သို့ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရေး၊ စိုက်ပျိုးရေရ ရှိပြီဖြစ်၍ သုံးရာသီလုံး စဉ်ဆက်မပြတ် စိုက်ပျိုးကြရေး မှာကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်ဖြစ်သော လက်ရှိ ၆၄ဒသမ၃၃ ဧကအပြင် အခြားစိုက်ဧက ၁၀၀ တွင်လည်း ဆိုလာရေတင်စနစ် ပြုလုပ် ပေးနိုင်ရေး၊ ရွှေပြည်သာကျေးရွာအုပ်စုမှ ထွက်ရှိလာသော ငရုပ်၊ ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းဂေါ်ဖီနှင့် မြေပဲသီးနှံများကို အာဟာရသုခဈေးသို့ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးအတွက် နေရာထပ်မံရရှိရေးကိစ္စများ ညှိနှိုင်းဆွေးနွေးသည်။

ယခုကဲ့သို့ ဆိုလာရေတင်စနစ် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် ဝဲကြီးကျေးရွာနှင့် သာယာစု ကျေးရွာများမှ ဒေသခံတောင်သူများအနေဖြင့် ၃ ရာသီလုံး စိုက်ပျိုးနိုင်၍ စိုက်ဧက ၁ ဧကအပေါ် ငွေကျပ်သိန်း ၁၀၀ ခန့် ဝင်ငွေရရှိနေပြီး ယင်းသီးနှံများကို နေပြည်တော်ကောင်စီနှင့် ညှိနှိုင်းလျက် အာဟာရသုခဈေးတွင် တိုက်ရိုက်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာသို့ သွားရောက်ပြီး ကောင်းသစ် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ နွေစပါးစိုက်ဧက ၄၀၀ စိုက်ပျိုးရန်အတွက် သမဝါယမအသင်းနှင့် အသင်းသားပိုင် ထွန်စက် ၁၁ စီး၊ John Deere ကုမ္ပဏီမှ ထွန်စက် ၁ စီး တို့ဖြင့် သမဝါယမလယ်ယာ ဝန်ဆောင်မှုပေးနေသောလုပ်ငန်းကို ကြည့်ရှုအားပေးပြီး အသင်းသား တောင်သူများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါလုပ်ငန်းအနေဖြင့် ဖေဖော်ဝါရီ ၂ ရက်တွင် စိုက်ဧက ၁၃၀ ထွန်ယက်ပြီးစီးမည် ဖြစ်ပြီး ကျန်စိုက်ဧက ၂၇၀ ကို ဆောင်းရာသီမတ်ပဲသီးနှံ ရိတ်သိမ်းပြီးစီးမည့် ဖေဖော်ဝါရီလကုန်၌ ဆက်လက်ထွန်ယက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်