ဒုတိယဝန်ကြီး ဦးလှကျော် တာချီလိတ်မြို့နယ်ရှိ  စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စိုက်ဧက ၁၃၀  စိုက်ပျိုးနေမှု အားပေးကြည့်ရှု

နေပြည်တော်  ၂  သြဂုတ်

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်သည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်နှင့်အတူ ဩဂုတ် ၁ ရက်၊ ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် မိုးစပါး မျိုးသန့် မျိုးပွား မျိုးစေ့-စီးပွားဖြစ် မျိုးသန့်မျိုးစေ ့(RS to CS) ထုတ်  စိုက်ခင်းဧက ၁၃၀တွင် စိုက်ပျိုးဆောင်ရွက်နေမှုများကို အားပေးကြည့်ရှုသည်။

 

ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် မျိုးစေ့ထုတ် စိုက်ဧက ၄၀၅၈ အတွက် နိုင်ငံတော်မှ ငွေကျပ်သန်း ၆၀၀ ကျော် ထောက်ပံ့ပေးအပ်မည်ဖြစ်ရာ တာချီလိတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ကျေးရွာတွင် (CERP) အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။  ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါ စီမံချက်ဖြင့် မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးနေသည့် တောင်သူ ဦးကျလော အပါအဝင် တောင်သူ ၂၀ နှင့်တွေ့ဆုံ၍ မျိုးသန့် မျိုးပွား မျိုးစေ့-စီးပွားဖြစ် မျိုးသန့်မျိုးစေ့ ( RS to CS) ထုတ် စိုက်ခင်း ဧက ၁၃၀ အား ကြည့်ရှုအားပေးသည်။ ထိုသို့ကြည့်ရှုစဉ် ရှမ်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးက မျိုးစေ့ ထုတ်စိုက်ခင်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား မြေပုံနှင့်တကွ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တောင်သူများနှင့် ဝန်ထမ်းများအား လိုအပ်ချက်များကို မှာကြားသည်။

 

mdn

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်  မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုပင် ကျေးရွာအနီး  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဟိုရမ်းရေတံခါး ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာချီလိတ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးဟန်ထွန်း က ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြသည်။

အဆိုပါ ဟိုရမ်း ရေတံခါးအဆောက်အဦကို  ၂၀၀၄ ခုနှစ်တွင် ပြည်သူလူထုမှ ကိုယ့်အား ကိုယ်ကိုးစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ မိုးရာသီကာလ စက်တင်ဘာလတွင်  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေတံခါးရေလျှံတား တာပေါင်ကျိုးပေါက်ခဲ့ပြီး  ဟိုရမ်းစိုက်ကွင်း အတွင်းရှိ လယ်မြေဧက ၅၀ ခန့်သာ စိုက်ပျိုးရေပေးဝေခဲ့ရသဖြင့်  ယင်းရေတံခါးကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ပြန်လည်ပြုပြင် တည်ဆောက်ပေးခဲ့သည်။ ယခုအခါ ဟိုရမ်းရေတံခါးမှ လယ်မြေဧက ၁၀၀ ကျော်ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေလျက်ရှိကြောင်း သိရသည်။

 

ဖြိုးလေး(ပြန်/ဆက်)

 

mdn