ဒုတိယဝန်ကြီး ဦးကြည်မင်း (၆၉)ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော ညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ၁၄ ဇန်နဝါရီ

(၆၉)ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘောဇရိပ်သာဝင်းအတွင်းရှိ ကမ္ဘောဇနန်းတော်၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြက္ခဒိန်သည် နေ့စဉ်လူမှုဘဝများအတွက် အရေးကြီးပါကြောင်း၊ ပြည့်စုံမှုရှိပြီး အကျအပေါက်ကင်းသည့် ပြက္ခဒိန်ရေးဆွဲနိုင်ရန်အတွက် သာမက ပြက္ခဒိန်ရေးဆွဲမှုအတတ်ပညာ အရှည်တည်တံ့စေရန်အတွက် လေးနက်သည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များဖြင့် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ကို မျိုးဆက်သစ်များထည့်သွင်းပြီး အင်ပြည့်အားပြည့် တိုးချဲ့ဖွဲ့စည်းထားခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့သည် နေ့စဉ်သုံးပြက္ခဒိန်သာမက သာသနာတော်၏ ဝါဆိုဝါကပ် ကိစ္စရပ်များကိုပါ ရေးဆွဲသတ်မှတ်ရမည့် တစ်ခုတည်းသော အဖွဲ့အစည်းတစ်ရပ်ဖြစ်ကြောင်း၊ ပညာရှင်ကြီးများအနေဖြင့် မိမိတို့ သင်ကြားလေ့လာထားသည့် ပြက္ခဒိန်နှင့်ဆိုင်သော ပညာရပ်များကို နိုင်ငံ၊ သာသနာနှင့် ပြည်သူအတွက် ပြန်လည်အသုံးချရေးဆွဲကြရာတွင် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ဝါဆို၊ ဝါကပ်၊ ဝါထပ်၊ ရက်ငင်များကို သာသနာတော်က သတ်မှတ်ထားသည့် ဝိနည်း၊ သိက္ခာပုဒ်များနှင့် လျော်ညီစွာ သတ်မှတ်နိုင်ရန်၊ နှစ်စဉ်ပြုစုမြဲဖြစ်သည့် မဟာသင်္ကြန်စာကို နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ရည်မျှော်ပြီး ပြုစုပေးကြပါရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။ 

ထို့နောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ပညိန္ဒ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ချစ်၊ ဒုတိယဥက္ကဋ္ဌ - ၂ ဒေါက်တာပြေငြိမ်းနှင့် ပြက္ခဒိန် အကြံပေးအဖွဲ့ဝင်များ၊ အရန်အဖွဲ့ဝင်များနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြက္ခဒိန်ရေးဆွဲနိုင်ရေးနှင့် မဟာသင်္ကြန်စာ ထုတ်ပြန်နိုင်ရေးတို့အတွက် ဇန်နဝါရီ ၁၇ ရက်အထိ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်