ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ကြက်ဖမွေးဇောင်းရေငန်တား ကျွန်းပတ်တာနှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ တည်ဆောက််နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၉

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဖျာပုံမြို့နယ် ကျုံကဒွန်းစိုက်ကွင်း နှင့် ကြက်ဖမွေးဇောင်း ရေငန်တား ကျွန်းပတ်တာ နှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ တည်ဆောက်မှု လုပ်ငန်းခွင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဆွေးနွေးမှာကြားသည်။

 

ကြက်ဖမွေးဇောင်းရေငန်တား ကျွန်းပတ်တာနှင့် ရေချိုသွင်းနိုင်မည့် ရေသွင်းရေတံခါးများ ဆောင်ရွက် ခြင်းကြောင့်  ဧက ၂၉၈၀၀ ခန့်အား စိုက်ပျိုးရေရရှိရေးကို အကျိုးပြုနိုင်မည်ဖြစ်ပြီး လက်ရှိတွင် နွေစပါး ဧက ၆၈၀၀ စိုက်ပျိုးလျက်ရှိကာ နွေစပါးထပ်မံတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား သွားရောက်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး အခြေခံကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးခဲ့သည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ပုသိမ်မြို့တော်ခန်းမ၌ ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ လပွတ္တာခရိုင် အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း အမှုထမ်းများနှင့် တွေ့ဆုံ၍ စပါးအပါအဝင် ဆီထွက်သီးနှံစီမံကိန်းများ  ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေ ဧက ၊ အထွက်နှုန်း ဆိုင်ရာ အချက်အလက် ကိန်းဂဏန်း စာရင်းဇယားများ တိကျ မှန်ကုန်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆက်စပ်ဌာန တာဝန်ရှိသူများက ကွင်းဆင်း ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပုသိမ်၊ ကျုံပျော်၊ မြောင်းမြ၊ လပွတ္တာခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)