ဒုတိယဝန်ကြီး ဦးအေးကျော် သင်တန်းဖွင့်ပွဲများတက်ရောက်

နေပြည်တော် မေ ၂ 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ထိန်းသိမ်း ပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၂/၂၀၂၃)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်  ၉ နာရီတွင် လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ၊ နေပြည်တော်ဗဟိုသင်တန်းကျောင်း၌   ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်၊ သက်ဆိုင်ရာ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးက ယခုသင်တန်းတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးမှုလုပ်ငန်းများ၌ အဆင့်မြင့် နည်းပညာများကို အသုံးချ၍ ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန် ဝန်ကြီးဌာနမှ စီမံဖွင့်လှစ်သည့်အတွက် သင်တန်းသူ/ သင်တန်း သားများအနေဖြင့် ထိုက်သင့်သည့် ပညာရပ်အခြေခံကောင်းများ ရရှိမည်ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချချက်များ အပြန်အလှန် ဆွေးနွေးခြင်းမှရရှိသည့် အသိပညာများ၊ ဗဟုသုတများနှင့် ဌာနမှပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းများတွင် သင်တန်းသား/သင်တန်းသူ (၅၀)ကို စာတွေ့/ လက်တွေ့ဖြင့် ရက်သတ္တပတ် (၅)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်