ဒုတိယဝန်ကြီး ဒေါ်နုမြဇံ အခြေခံပညာနှင့် အဆင့်မြင့်ပညာသင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်  မေ ၃

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာကတက္ကသိုလ် များတွင် အခြေခံပညာ Grade 12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ်(၃၅)ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ညွှန်ကြားရေးမှူး (လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ)နှင့် ဌာနမှူး၊ ပါမောက္ခ(ဌာနမှူး)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီး က ညှိနှိုင်းဆွေးနွေးပွဲနှင့် သက်ဆိုင်သည့်အကြောင်း အရာများကို အဖွင့်အမှာစကားပြောကြားပြီး Grade 11 နှင့် Grade 12 သင်ရိုးများကို လေ့လာကာ မိမိတို့ တက္ကသိုလ်နှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲနိုင်ရန်၊ တက္ကသိုလ်များ တွင် ဘွဲ့ဒီဂရီများ အပ်နှင်းရာတွင် term paper/ project paper များပြုလုပ် စေပြီးမှ ဘွဲ့ပေးအပ်ရန်၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် လိုက်နာဆောင်ရွက်ထားရှိမှု၊ တက္ကသိုလ်အသီးသီး၏ ပညာသင်နှစ်များကို လက်ရှိသင်ကြားနေသည့် ပညာသင်နှစ်အတိုင်းထားရှိရန် သို့မဟုတ်လျော့ချရန် လိုအပ်ခြင်း ရှိ/မရှိနှင့် အနုပညာကောလိပ်များ တိုးချဲ့ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးသည်။

 

ယင်းနောက်တက်ရောက်လာသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)