ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ရမည်းသင်းမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်များမှ စိုက်ပျိုးရေးတောင်သူများ၊ နည်းပညာပေးဝန်ထမ်းများ  တွေ့ဆုံဆွေးနွေး

နေပြည်တော် ဧပြီ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ယမန်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်နှင့် ကျောက်ဆည်မြို့နယ်များမှ စိုက်ပျိုးရေး တောင်သူများ၊ နည်းပညာပေးဝန်ထမ်းများနှင့်  တွေ့ဆုံဆွေးနွေးသည်။

ရှေးဦးစွာ ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  အဓိကထားဆောင်ရွက်လျက်ရှိသည့်  ရမည်းသင်းမြို့နယ် ကတင်ကျေးရွာရှိ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြို ချဉ်မျှင်ရှည်ဝါ ပန်းတိုင်အထွက်ရရှိရေး စံပြကွက်တွင် ဒေသခံ ဝါစိုက်တောင်သူများနှင့် စိုက်ပျိုးနည်းပညာပေး ကွင်းဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝါသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူနှင့် ပညာရှင်များ  အချိတ်အဆက် မိမိဆောင်ရွက်ရန် ၊ ပန်းတိုင်အထွက်ရရှိရေးအတွက် အဓိကဖြစ်သော အပင်ဦးရေ ပြည့်မီရေး အလေးထားဆောင်ရွက်ရန် ၊ စိုက်ပျိုးရေကို အလေအလွင့်မရှိစေရန်နှင့် အကျိုးရှိ ထိရောက်စွာ ခွဲဝေအသုံးပြုနိုင်ရေးအတွက် တောင်သူများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဝါသီးနှံ နည့်းပညာပေး ဝန်ထမ်းများအနေဖြင့်  မိမိတို့ဒေသတွင် လက်ရှိ အသုံးပြုလျက်ရှိသည့် မျိုးများအပေါ် လေ့လာသုံးသပ်ခြင်း ၊ စိုက်ဧက ကိန်းဂဏန်း အချက် အလက်များ မှန်ကန်တိကျရေး ၊ အထွက်နှုန်းများ မှန်ကန်စွာတင်ပြရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ မိတ္ထီလာမြို့နယ် စက်ပစ်တောင်ကျေးရွာတွင် နိုင်ငံစီးပွား မြှင့်တင်ရေး အစီအစဉ် ဖြင့် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် နွေစပါး မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၅၀) ၏ စိုက်ပျိုးဖြစ်ထွန်းမှုကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီးက မျိုးစေ့ထုတ်လုပ်ငန်း၏ ဝင်ငွေအကျိုးအမြတ်နှင့် တောင်သူများအတွက် အကျိုးစီးပွား ဖြစ်ထွန်းမှု အလားအလာများ၊ လယ်ယာမြေများ၏ မြေဆီလွှာကျန်းမာရေးနှင့် ဂေဟစနစ် ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးကို သတိပြုဆောင်ရွက်ကြရန် လိုအပ်ချက်များ၊ လယ်ယာသုံး စက်ကိရိယာများ၏ စက်စွမ်းအား အရည်အသွေးနှင့် ရိတ်သိမ်းချိန်အလေအလွင့်ကို ဆန်းစစ်လေ့လာ၍ တောင်သူများ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် လိုအပ်သောစစ်ဆေးကြပ်မတ်မှုကို သက်ဆိုင်ရာဌာနများ ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ကျောက်ဆည်မြို့နယ် ကုလကျေးရွာ နှမ်းစိုက်တောင်သူများကို တွေ့ဆုံ၍ နှမ်းစိုက်ပျိုးမှုဆိုင်ရာ ဒေသန္တရ အတွေ့အကြုံများကိုမေးမြန်း ဆွေးနွေးပြီး ဒုတိယဝန်ကြီးက တောင်သူများ၏ နှမ်းမျိုးသန့်ရွေးချယ်အသုံးပြုမှုနှင့် ထိန်းသိမ်းသိုလှောင်ထားရှိမှု လိုအပ်ချက်များအပေါ် အကြံပြု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်