ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများစစ်ဆေး

နေပြည်တော် ၁၅ ဇူလိုင်

 

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်‌ရေး စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၁၃ ရက်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်းရှိ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဘုရားနှင့် ရွှေမင်းဖုန်းကျေးရွာချင်း ဆက်သွယ်သည့် မြေသားလမ်း ဖောက်လုပ်နေမှုနှင့် အောင်ပန်းမြို့နယ်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ စက်မှုလက်မှု သင်တန်းကျောင်း တည်ဆောက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၁၄ ရက်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ ပင်လောင်းမြို့နယ်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပင်လောင်း)၊ နောင်မူလမ်းခွဲ-ကျောက်ဆင့် မြေလမ်းဖောက်လုပ်ခြင်း၊ တောင်ခမောက် - စည်ပင် - ပင်စင် မြေလမ်းဖောက်လုပ်ခြင်း၊ တောင်ခမောက် - ပင်စုံ - ပင်စိမ်းပင် မြေလမ်းဖောက်လုပ်ခြင်း၊ စည်ပင်ကျေးရွာ ရေသွယ်တန်းခြင်း၊ မူယားလမ်းခွဲ - ပက္ကော် - ထင်းရှူးတောင်လမ်း ကတ္တရာခင်းခြင်း၊ လွယ်အယ် - သံတောင် မြေလမ်းဖောက်လုပ်ခြင်း၊ သံတောင်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း၊ လုပ်ငန်းခွင်များသို့ ရောက်ရှိခဲ့ရာ သက်ဆိုင်ရာ တာဝန်ခံ အင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ သတ်မှတ်စံချိန်စံညွှန်းလုပ်ငန်း အရည်အသွေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Time Frame ရေးဆွဲဆောင်ရွက်နေမှု၊ လုပ်ငန်းတည်ဆောက်ပြီးစီးခဲ့မှု မှတ်တမ်းများ၊ တည်ဆောက်ဆဲ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ဒုတိယဝန်ကြီးက တင်ပြချက်များအပေါ် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကို ခွင့်ပြုချက်ရလျှင်ရချင်း နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံး လုပ်နည်းဆိုင်ရာ လမ်းညွှန်ချက်(၁/၂၀၁၇)နှင့်အညီ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါခေါ်ယူ လုပ်ငန်းအပ်နှံခြင်းများကို ဆောင်ရွက်နိုင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနေသည်ကို တွေ့ရှိရပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ယခုလို ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများ ပြီးစီးပါက ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပူးပေါင်းပါဝင် ထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြားပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

           

အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ပင်လောင်းမြို့နယ်၊ နောင်တရားဒေသ အတွင်းရှိ ပေါ့အင်၊ မွှေးပြင်၊ ပင်ခင်နှင့် လွယ်အယ်ကျေးရွာ (၄)အုပ်စုအတွင်း အစားထိုးဖွံ့ဖြိုးရေးဆိုင်ရာ ရှေ့ပြေးစီမံကိန်းလုပ်ငန်းများဖြစ်သည့် လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၅၀၁၂ ဒသမ ၈၄၄ သန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၄၁ ဒသမ ၇၀၀ သန်း၊ သမဝါယမဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၈၄ ဒသမ ၆၄၇ သန်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၄၇ ဒသမ ၃၅၃ သန်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ၈၁၇ သန်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဒသမ ၉၅၅ သန်း၊ အခြေခံပညာဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၂၂၇ ဒသမ ၂၅၀ သန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် (၂၅)သန်း၊ စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် ၆၉၇၈ ဒသမ ၅၆၆ သန်းဖြင့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှု၏ အကျိုးရလဒ်များအပေါ်မူတည်၍ Pilot Project များ ထပ်မံသတ်မှတ် လျာထားအကောင်အထည်ဖော် ဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်