ဒုတိယတစ်ကိုယ်တော်အယ်လ်ဘမ်မှာ ဂီတပုံစံ ပြောင်းလဲသီဆိုထားတယ်ဆိုတဲ့ ဝိုင်းလေး

၂၀ ဖေဖော်ဝါရီ

 

တေးသံရှင် ဝိုင်းလေးရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်တေးအယ်လ် ဘမ်ဖြစ်တဲ့ ''ဝိုင်း'' အမည်ရှိ တေးအယ်လ်ဘမ် မိတ်ဆက်ပွဲကို ဖေဖော် ဝါရီ ၁၅ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်းပေါ်ရှိ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

 

ဒီအယ်လ်ဘမ်နဲ့ ပတ်သက်ပြီး တေးသံရှင်ဝိုင်းလေးက ''ဒီခွေလေးက ဝိုင်းလေးရဲ့ ဒုတိယမြောက် စီးရီးပါ၊ ဂီတပုံစံရော၊ သီချင်းအကြောင်း အရာတွေရော ပထမခွေနဲ့မတူပါဘူး၊ ပထမအခွေတုန်းက မိန်းကလေးဆန်တဲ့ အချစ်သီချင်းလေးတွေ ဆိုဖြစ်ခဲ့တယ်၊ ဒီအခွေမှာက မိန်းကလေးဆန်ဆန် လေးတွေတော့ မဟုတ်ဘူး၊ ဆိုတဲ့အပိုင်းမှာလည်း သာမန်အချစ်သီချင်းတွေ ဆိုတာထက်စာရင် အသံပိုင်းကို ပိုပြီး အားကောင်းအောင် ဆိုထားပါတယ်၊ လှုပ်လို့ကောင်းမယ့် သီချင်းလေးတွေလည်း ထည့်ထားပါတယ်၊ ဒီအခွေအတွက် ဝိုင်းလေး သေချာအချိန်ယူ ပြင်ဆင်ထားတာဖြစ်တဲ့အတွက် ပရိသတ်တွေ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်'' ဟု ဝိုင်းလေးက ပြောပါတယ်။

 

သီချင်းစုစုပေါင်း ၁ဝ ပုဒ်ပါဝင်တဲ့ ဒီအယ်လ်ဘမ်မှာ တေးရေးတွေအနေနဲ့ ဝေကြီး၊ ဆလိုင်း၊ ကျားပေါက်နဲ့ ဝိုင်းလေး ကိုယ်တိုင်လည်း ရေးသားထားတယ်လို့ သိရပါတယ်။ ဒီအခွေကိုတော့ ယခုလ ၁၇ ရက်မှစပြီး ဘိုဘို တေးထုတ်လုပ်ရေးကနေ ဖြန့်ချိပေးသွားမှာပဲ ဖြစ်ပါတယ်။

 

ဌေးမမ