ဒုတိယသမ္မတဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လျိုကျိုးမြို့ရှိ တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံနှင့် ဝူလင် မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ

နန်နင်း  ၁၉  စက်တင်ဘာ 
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် လျိုကျိုး (Liu Zhou) မြို့သို့ သွားရောက်ပြီး တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံနှင့် ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန် နံနက် ၉ နာရီ ၃၅ မိနစ်တွင် မြန်နှုန်းမြင့်ရထားဖြင့် နန်နင်းမြို့မှ လျိုကျိုးမြို့သို့ရောက်ရှိရာ ဒုတိယမြို့တော်ဝန် Mr. Jiao Yaoguang နှင့် တာဝန်ရှိသူများက လျိုကျိုးဘူတာ၌  ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် တုန်ဖုန်းလျိုကျိုး မော်တော်ကား (Dongfeng Liuzhou Motor) ကုမ္ပဏီလီမိတက်၏ တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ တုန်ဖုန်းကုမ္ပဏီ ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr. Xuan Yin နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn


ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ၌ ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများ အသုံးပြု၍ လုပ်ငန်းသုံးမော်တော်ယာဉ် အမျိုးမျိုး တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများနှင့် တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်ထားသည့် လုပ်ငန်းသုံးမော်တော်ယာဉ် အမျိုးမျိုးကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများ က မော်တော်ယာဉ်ထုတ်လုပ်မှုအဆင့်ဆင့်၊ စံချိန်စံညွှန်း၊ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှု၊ တန်ဖိုးနှင့် ဈေးကွက်အခြေအနေများကို  လိုက်လံရှင်းလင်း ပြသကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ်ငယ် ထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ တုန်ဖုန်းကုမ္ပဏီ ဒုတိယအထွေထွေမန်နေဂျာ Mr.Yao Liwen နှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ်ငယ် ထုတ်လုပ်ရေးစက်ရုံ၌ ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများအသုံးပြု၍ မော်တော်ယာဉ်ငယ်အမျိုးမျိုး ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်ထားသည့် မော်တော်ယာဉ်အမျိုးမျိုးကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့သည် လျိုကျိုးမြို့တော်ဝန် Mr. Wu Wei က လျန်ဟွာဟိုတယ်၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လျိုကျိုးမြို့ရှိ SAIC GM Wu Ling Automobile ကုမ္ပဏီလီမိတက်၏ ဝူလင်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ ဝူလင်ကုမ္ပဏီ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးနှင့် ဒုတိယအထွေထွေမန်နေဂျာ Mr. Yao Zuoping နှင့်  တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့သည်  ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံ၌ ခေတ်မီနှစ်ယောက်စီး လျှပ်စစ်မော်တော်ယာဉ်ငယ်များ ထုတ်လုပ်မှုလုပ်ငန်းအဆင့်ဆင့်ကို လှည့် လည် ကြည့်ရှုပြီး သိလိုသည်များကို မေးမြန်းရာ ဝူလင်ကုမ္ပဏီ ကွန်မြစ်နစ်ပါတီ အတွင်းရေးမှူးနှင့် ဒုတိယအထွေထွေမန်နေဂျာ Mr. Yao Zuoping နှင့်  တာဝန်ရှိသူများက နှစ်ယောက်စီး လျှပ်စစ်မော်တော်ယာဉ်ငယ်များ ထုတ်လုပ်မှုအဆင့်ဆင့်၊ စံချိန်စံညွှန်း၊ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှု၊ တန်ဖိုးနှင့် ဈေးကွက်အခြေအနေများကို  လိုက်လံရှင်းလင်း ပြသကြသည်။

 

mdn


ညနေပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြန်နှုန်းမြင့်ရထားဖြင့် လျိုကျိုးမြို့မှ နန်နင်းမြို့သို့ ပြန်လည်ရောက်ရှိပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာရာ လိယွမ်အစိုးရဧည့်ဂေဟာသို့   ရောက်ရှိကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်နယ် အုပ်ချုပ်ရေးမှူး H.E.Mr. Chen Wu နှင့် တာဝန်ရှိသူများအား ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် လိယွမ်အစိုးရ ဧည့်ဂေဟာ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးသန့်ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)