ဒုတိယသမ္မတဦးမြင့်ဆွေ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ၂၈  မတ်

(၁၇) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ ကျင်းပနိုင်ရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ယဉ်ကျေးမှုရတနာ ခန်းမ၌ ကျင်းပရာ (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံကျင်းပနိုင်ရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်စိုး နှင့် ဦးဆက်အောင်၊ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ၂၀၁၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် ပထမဆုံးအကြိမ် လက်ခံ ကျင်းပမည့် (၁၇)ကြိမ်မြောက် အရှေ့တောင် အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံ (17th Congress of Southeast Asian Librarians – CONSAL XVII ) နှင့် တစ်ဆက် တစ်စပ်တည်း အစည်းအဝေးများဖြစ်ကြသည့် တတိယအကြိမ် အမှုဆောင်အဖွဲ့အစည်း အဝေး (3rd Executive Board Meeting) နှင့် ( ၂၆ ) ကြိမ်မြောက် အာရှနှင့်ပစိဖိတ်ဒေသ အမျိုးသားစာကြည့်တိုက်များ၏ ညွှန်ကြားရေးမှူးများ ညီလာခံ(The Conference of Directors of National Libraries in Asia and Oceania - CDNLAO ) တို့ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း။

(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၁/၂၀၁၇)ဖြင့် ဦးစီးကော်မတီကို ဒုတိယသမ္မတ ဦးဆောင်၍ (၁၃) ဦးဖြင့်လည်းကောင်း၊ လုပ်ငန်းကော်မတီကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဦးဆောင်၍ (၁၃) ဦးဖြင့်လည်းကောင်း ဖွဲ့စည်းခဲ့ပါကြောင်း။ ထို့အတူ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်(၄)ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ(၁၅)ခုကို ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

ဦးစီးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက် နေ့တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၁၈)ချက်ကို ချမှတ်ခဲ့ရာ အစည်းအဝေး ဆုံးဖြတ်ချက် အားလုံးနီးပါး အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဟု သိရှိရပါကြောင်း၊ ယခု ဒုတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးပြီးပါက လုပ်ငန်းများအပြီးသတ် ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

ညီလာခံအကြိုအစီအစဉ်အဖြစ် စတုတ္ထအကြိမ်မြောက် အာဆီယံဒေသတွင်း ကျောင်းစာကြည့်တိုက်များ၏ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် တွင် ကျင်းပမည်ဟု သိရှိရပါကြောင်း။ မြန်မာနိုင်ငံအနေနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးဝန်ကြီး ဌာနမှ ဆောင်ရွက်နေပြီဖြစ်၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် မိမိနိုင်ငံအတွက် အကျိုးကျေးဇူးရရှိနိုင်မည် ဖြစ်ပါကြောင်း။

ညီလာခံကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ(၁၅) ခုတို့အနေဖြင့် ညီလာခံဖွင့်ပွဲ၊ ပိတ်ပွဲ၊ စာတမ်းဖတ်ပွဲများနှင့် အစီအစဉ်အားလုံးကို အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရန်အတွက် မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် အားနည်းချက်မရှိအောင် အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။ စာတမ်းဖတ်ပွဲ အတွက် စာတမ်းစုစုပေါင်း (၂၂၉) စောင် လက်ခံရရှိခဲ့ပြီး (၉၄)စောင် စိစစ်ရွေးချယ်ခဲ့သည် ဟုလည်း သိရှိရပါကြောင်း။ တင်သွင်းလာသည့် စာတမ်းများကို အချိန်ယူအပင်ပန်းခံပြီး စိစစ်ပေးခဲ့ကြသည့် မြန်မာနိုင်ငံစာကြည့်တိုက်အသင်းမှ ဆရာကြီး၊ ဆရာမကြီးများကိုလည်း အထူးကျေးဇူးတင်ပါကြောင်း။ အဆိုပါစာတမ်းများသည် အလွန်အကျိုးကျေးဇူး ရှိစေမည့် စာတမ်းများဖြစ်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ယခုကျင်းပမည့် ညီလာခံသည် အာဆီယံ (၁၀) နိုင်ငံတွင် (၂) နှစ်လျှင် (၁) ကြိမ်စီ ကျင်းပရခြင်းဖြစ်သည့်အတွက် နှောင်နှစ်ပေါင်း (၂၀) ရောက်ရှိမှသာ မိမိတို့နိုင်ငံအလှည့်  ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း။ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် ကျင်းပမည့် (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လာကြမည့် နိုင်ငံတကာမှ ပညာရှင်များကို မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်ကိုပြသနိုင်မည့် အခွင့်အလမ်းတစ်ရပ် ဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကိုယ်တိုင်သိမြင်ခံစားနိုင်စေမည် ဖြစ်သည့်အတွက် အဖက်ဖက်မှလစ်ဟာမှုမရှိအောင် သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း။

နိုင်ငံတော်ကတာဝန်ယူကျင်းပမည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများညီလာခံနှင့် တစ်ဆက်တစ်စပ်တည်း အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီးကလည်း မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးများ ကျင်းပခြင်း၊ အသေးစိတ် ညှိနှိုင်းဆွေးနွေးခြင်းများနှင့် လုပ်ငန်းများ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဆောင်ရွက်နေကြသည် ကိုလည်း သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း။ ထို့အပြင် ယနေ့အစည်းအဝေး တွင်လည်း သက်ဆိုင်ရာဆပ်ကော်မတီအလိုက် ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေး တင်ပြရင်း လုပ်ငန်းလိုအပ်ချက် အခက်အခဲရှိပါကလည်း ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ပြောကြားသည်။

ထို့နောက် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ၏ စာကြည့်တိုက်မှူးများ ညီလာခံကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံ များ၏ စာကြည့်တိုက်မှူးများညီလာခံ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံက ဦးစီးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဥက္ကဋ္ဌ ဦးသန်းအောင် က စာတမ်း စိစစ်ရေးနှင့် ဆွေးနွေးပွဲကျင်းပရေးဆပ်ကော်မတီဆိုင်ရာများကို လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က ဘဏ္ဍာရေး ဆပ်ကော်မတီနှင့် အခမ်းအနား ပြင်ဆင်ရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီဆိုင်ရာများကို လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က စည်းရုံးလှုံ့ဆော်ရေး နှင့် သတင်းပြန်ကြားရေး ဆပ်ကော်မတီဆိုင်ရာများကို လည်းကောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးစန်းမြင့်ဦး က ပို့ဆောင် ဆက်သွယ်ရေးဆပ်ကော်မတီဆိုင်ရာများကိုလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကောင်းထွဋ် က ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ ဆိုင်ရာများကိုလည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ပြခန်းနှင့်အမှတ်တရ ပစ္စည်းများ ခင်းကျင်းရောင်းချရေးဆပ်ကော်မတီ ဆိုင်ရာများကို လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဦးဟန်မျိုးအောင်က ရန်ပုံငွေရှာဖွေရေး ဆပ်ကော်မတီဆိုင်ရာ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲမှူးချုပ် အောင်နိုင်သူ က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း က ကျန်းမာရေး ဆပ်ကော်မတီဆိုင်ရာများကို လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ် ဦးညွန့်ဝင်း က ပုံနှိပ်ထုတ်ဝေရေးဆပ်ကော်မတီ ဆိုင်ရာများကို လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က စေတနာ့ဝန်ထမ်းဆိုင်ရာ ဆပ်ကော်မတီ ကိစ္စရပ်များကိုလည်းကောင်း၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီနှင့် အတွင်းရေးမှူးရုံးအဖွဲ့ လုပ်ငန်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဝေလွင်မြင့်က လုပ်ငန်းစိစစ်ရေးဆပ်ကော်မတီဆိုင်ရာများကို လည်းကောင်း သက်ဆိုင်ရာဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ ဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဦးသန့်စင်မောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသိမ်းနှင့် အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင် တို့က ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။