ဒုတိယသမ္မတဦးမြင့်ဆွေ (၁၂) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ၃၁ အောက်တိုဘာ

 

(၁၂) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေး (12thAsean Ministerial Meeting on Transnational Crime and Its Related Meetings - 12 th AMMTC) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ ဦးသောင်းထွန်း၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှဝန်ကြီးများ၊ AMMTC ၏ ဆွေးနွေးဘက်များ ဖြစ်ကြသော တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးတာဝန်ရှိသူများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂၊ Holding Room ၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ AMMTC ၏ ဆွေးနွေးဘက် များ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံတို့မှ ဝန်ကြီးများအား ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သီချင်းနှင့် အာဆီယံ သီချင်းများ ဂုဏ်ပြုတီးမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်သည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် (၁၂)ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးကို မြန်မာနိုင်ငံ အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အာဆီယံအသိုက်အဝန်း၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အကောင်အထည်ဖော် ရာတွင် အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးအဖြေရှာသည့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါကြောင်း။

 

အာဆီယံဒေသတွင်းနိုင်ငံများရှိ ပြည်သူများ၏အကျိုးစီးပွားကိုရည်စူး၍ နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေးအတွက် ကြိုတင်ကာကွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာခြင်း၊ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အတည်ပြုခြင်းများ ဆောင်ရွက်သည့် 12thAMMTC ကို အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အနေဖြင့် အလေးအနက်ထောက်ခံပါကြောင်း။

 

အာဆီယံအသင်းကြီးသည် ထုတ်ပြန်ထားသည့် ပဋိဉာဉ်စာတမ်းနှင့်အညီ ဒေသတွင်းရှိ နိုင်ငံများ အားလုံးမှ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုအပ်ချက်များကို အသိအမှတ်ပြုပြီး နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ စီးပွားရေး အသိုက်အဝန်းနှင့် လူမှုယဉ်ကျေးမှု အသိုက်အဝန်းစသည့် မဏ္ဍိုင်ကြီး(၃)ရပ်ကို အခြေပြုကာ စည်းမျဉ်းဥပဒေသကို လေးစား လိုက်နာသည့် အာဆီယံအသိုက်အဝန်းကြီးတစ်ရပ် ထူထောင်ရေးအတွက် ရှင်းလင်း ပြတ်သားသည့် အစီအစဉ်များကို ချမှတ်ထားပြီးဖြစ်ပါကြောင်း။

 

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံသော်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် သော်လည်းကောင်း တရားမျှတ၍သဟဇာတဖြစ်သည့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်စေရေး၊ ပြည်သူများ တည်ငြိမ် အေးချမ်းစွာ နေထိုင်နိုင်စေရေး အာမခံချက်ပေးနိုင်ရန် ပဋိဉာဉ် စာတမ်းပါ သတ်မှတ်ချက်များနှင့်အညီ ပူးပေါင်း ဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုလျှင်  (၅၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ တန်ဖိုးများနှင့် အာဆီယံမျှော်မှန်းချက်များကို တိုးမြှင့်ဖော်ဆောင်နိုင်သည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို အားလုံးသိရှိကြမည်ဖြစ်ပါကြောင်း။

 

အာဆီယံအသင်းကြီး၏ ပူးပေါင်းဆောင်ရွက်မှု၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့အတွက် အာဆီယံသည် နှစ် (၅၀) ကာလအတွင်း ဖြည်းဖြည်းမှန်မှန် ဖွံ့ဖြိုးတိုးတက်လာပြီး ငြိမ်းချမ်းသောပတ်ဝန်းကျင်ကို ထိန်းသိမ်းထားနိုင်ခဲ့သည့် အောင်မြင်သော ဒေသတွင်း အစုအဖွဲ့အဖြစ် ကမ္ဘာက အသိအမှတ် ပြုလာခဲ့ပါကြောင်း၊ အရှေ့တောင်အာရှ၏ တက်ကြွ လှုပ်ရှားမှုရှိသော အစုအဖွဲ့တစ်ခုအဖြစ် ဖြစ်ပေါ်လာခြင်းကို ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါကြောင်း။

 

ထို့ပြင် အာဆီယံအသင်းကြီးကဦးဆောင်သည့် ဒေသဆိုင်ရာအစီအမံများကို ဆွေးနွေးဘက် နိုင်ငံများ၊ အဖွဲ့အစည်းများ ပါဝင်ပြီး ဒေသဆိုင်ရာဖိုရမ်များ၊ အရှေ့အာရှထိပ်သီး အစည်းအဝေး များ၊ ဝန်ကြီးအဆင့်အစည်းအဝေးများ၊ အဆင့်မြင့် အရာရှိကြီးအဆင့် အစည်းအဝေးများ အစရှိသည့် အဆင့်ဆင့်သော ညှိနှိုင်းဆွေးနွေးမှုများဖြင့် ဒေသတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကဏ္ဍများတွင် ထိရောက်မှုရှိခဲ့သည့် အတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ပြီး ဆွေးနွေးဘက် နိုင်ငံများနှင့်လည်း မဟာဗျူဟာမြောက်ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ပါကြောင်း။

 

၂၀၂၅ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်ကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်သူများ၏ လူမှုဘဝတိုးတက်မှု၊ တရားမျှတမှု၊ အခြေခံအခွင့်အရေးနှင့် လုံခြုံစိတ်ချရမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ရေရှည်တည်တံ့မှု၊ အာဆီယံနှင့် ပတ်သက်၍ ပိုမိုသိမြင် နားလည်နိုင်မှုနှင့် ဖွံ့ဖြိုးမှုအဆင့်ကွာဟမှုများကို အလေးထား ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း တိုးတက်ဖြစ်ပေါ်လာသည့် နိုင်ငံဖြတ်ကျော် မှုခင်းပြဿနာများကို အာဆီယံ၏စွမ်းပကားနှင့် ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရေး အဓိကလိုအပ်နေသည်ဟု ရှုမြင်သုံးသပ်မိပါကြောင်း။

 

နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများသည် အာဆီယံဒေသသာမက ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု တစ်ရပ်ဖြစ်ပြီး လူသားအားလုံးကို ထိခိုက်နစ်နာမှုများစွာ ဖြစ်ပေါ်စေလျက်ရှိပါကြောင်း၊ အထူးသဖြင့် နှစ်နိုင်ငံနယ်နိမိတ်များ တစ်လျောက်တွင် အုပ်စုဖွဲ့မှုခင်းများသည် တိုးတက်လာ သော နည်းပညာများကို အသုံးပြု၍ တရားမဝင်ငွေကြေးခဝါချခြင်း၊ လူမှောင်ခိုခြင်း၊ ဆိုက်ဘာပြစ်မှု ကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ လက်နက်မှောင်ခိုခြင်း၊ တောရိုင်း တိရစ္ဆာန်ရှားပါး မျိုးစိတ်များ ကုန်ကူးခြင်းနှင့် နျူကလီးယားအသုံးပြုမှုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်းတို့တွင် အစီအစဉ်တကျချိတ်ဆက်၍ နိုင်ငံတစ်ခုထက်ပိုသည့် ကွန်ရက်များဖြင့် ကျူးလွန်လျက် ရှိနေသည်ကို တွေ့ရှိကြရမည်ဖြစ်ပါကြောင်း၊ ရာဇဝတ်ကောင်များ၏ အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်မှုများကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များ ပိုမိုတိုးတက် ဖြစ်ပေါ်လာပြီး အစိုးရများသည် နစ်နာသူများကိုထိရောက်စွာ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရန် အရေးတကြီးလိုအပ်လျက် ရှိပါကြောင်း၊ မှုခင်းပြဿနာများ မကာကွယ်နိုင်လျှင် အစိုးရများသည် ပြစ်မှုကျူးလွန်ခြင်း ခံရသည့် သားကောင်များသဖွယ် အားနည်းချိနဲ့နေမည်သာဖြစ်ပါကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများသည် နိုင်ငံတကာ၏လုံခြုံရေးကို ပိုမိုခြိမ်းခြောက် လာလျက်ရှိသဖြင့် ပြည်သူ့ဘဝလုံခြုံရေး၊ ကျန်းမာရေး၊ စီးပွားရေးတည်ငြိမ်မှုနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များကိုပါ ဆိုးဝါးစွာ ပျက်စီးစေလျက်ရှိပါကြောင်း။

 

နိုင်ငံဖြတ်ကျော်မှုခင်းများသည် လတ်တလောနစ်နာမှု၊ ဆုံးရှုံးမှုမရှိခြင်းကြောင့် တိုင်တန်းမှု နည်းပါးခြင်း၊ တရားဥပဒေ စိုးမိုးရေးအဖွဲ့အစည်းများအနေဖြင့်လည်း ချက်ချင်းသိရှိရန် မလွယ်ကူဘဲ အရေးယူဆောင်ရွက်ရာတွင်လည်း စွမ်းရည်နှင့် နည်းပညာလိုအပ်ချက်များ ရှိနေကြပါကြောင်း၊ ပြစ်မှုပြဿနာများ ပေါ်ပေါက်ပြီးမှသာ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ရသည့်အတွက် မလိုလားအပ်သည့် ရှုပ်ထွေးမှုများနှင့် တရားစီရင်ရေးစနစ် ကန့်သတ်ချက်များကြောင့် နိုင်ငံများအချင်းချင်း အငြင်းပွားမှုများကို ဖြစ်ပေါ်စေပါကြောင်း၊ ၂၀ဝ၀ ပြည့်နှစ်လွန်ကာလမှစ၍ အာဆီယံဒေသတွင်း၌ နိုင်ငံဖြတ်ကျော်မှုခင်း အမျိုးအစားများမှ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် သဘာဝပတ်ဝန်းကျင်မှုခင်းများ တစ်စတစ်စ တိုးတက်ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် အကြမ်းဖက်မှုပြဿနာနှင့် ဆိုက်ဘာမှုခင်းပြဿနာများ ကူးစက်ဝင်ရောက် လာတာကို တွေ့ရှိကြရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသည် ၂၀ဝ၄ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ကုလသမဂ္ဂ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေးဆိုင်ရာကွန်ဗင်းရှင်း (UNCTOC) နှင့် ဆက်စပ်နောက်ဆက်တွဲစာချုပ် (Protocol) များ လက်မှတ်ရေးထိုး၍ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ အာဆီယံ ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဦးဆောင် နိုင်ငံများအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချ မှု၊ ဆိုက်ဘာမှုခင်းနှင့် အကြမ်းဖက်မှုစသည့် နယ်ပယ် (၅)ရပ်ကို အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်၍ ဦးစားပေး တိုက်ဖျက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မှုခင်းများ အလိုက် သီးခြားဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဗဟိုကော်မတီ (၄)ခု ဖွဲ့စည်းထားပြီး ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ကွပ်ကဲမှု အောက်တွင် နိုင်ငံဖြတ်ကျော်မှုခင်းဌာနကို ၂၀ဝ၅ ခုနှစ်၌ ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဌာနကြီးအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပါကြောင်း၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့အတွက် တားဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့များ ဖွဲ့စည်းထားပြီး (၅)နှစ်စီမံကိန်းများနှင့် နှစ်အလိုက်စီမံချက် များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ထို့ပြင် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးတွင်လည်း ၂၀ဝ၉ ခုနှစ်၌ (၉)ကြိမ်မြောက် အာဆီယံ အဆင့်မြင့်အရာရှိကြီးအစည်းအဝေး၊ ၂၀၁၂ ခုနှစ်တွင် အာဆီယံ အမျိုးသားရဲအဖွဲ့ညီလာခံ၊ ၂၀၁၃ ခုနှစ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဆင့်မြင့်အရာရှိကြီး အဆင့်အစည်းအဝေးနှင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီး အစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊  အာဆီယံနိုင်ငံများက အလှည့်ကျ ကျင်းပသည့် လုပ်ငန်းအဖွဲ့အစည်းအဝေးများ၊ အဆင့်မြင့်အရာရှိကြီးအစည်းအဝေး များနှင့် ဝန်ကြီးအဆင့် အစည်းအဝေးများကို စဉ်ဆက်မပြတ် တက်ရောက်ပူးပေါင်း ဆောင်ရွက် လျက်ရှိပါကြောင်း၊  အိမ်နီးချင်း တရုတ်၊ ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့်လည်း နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် နယ်စပ်ဒေသပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုစသည့် နယ်ပယ်များတွင် MoU များ လက်မှတ်ရေးထိုး၍ ဝန်ကြီးအဆင့်၊ အဆင့်မြင့်အရာရှိကြီးအဆင့်နှင့် လုပ်ငန်းအဖွဲ့ အဆင့်များတွင် ပုံမှန်အစည်းအဝေးများ ကျင်းပ၍ ညှိနှိုင်းဆွေးနွေးခြင်း နှင့်  သတင်းအချက်အလက် ဖလှယ်ခြင်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

 

အာဆီယံမိသားစုဝင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ဆောက်မှု အောင်မြင် ရေးအတွက် ကျေပွန်ရမည့် တာဝန်နှင့်ဝတ္တရားများကို အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ သာယာ ဝပြောရေးနှင့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်း၏ သာယာဝပြောရေးကြိုးပမ်းဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် မျှဝေ ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုအပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း အာဆီယံ၏ မူဘောင်များနှင့်အညီ အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက် ရန် အမြဲအသင့်ရှိနေ ပါကြောင်း။

 

ပြည်သူများ၏ ယုံကြည်မှုကို ရရှိရန် ဖြစ်ပေါ်လာသောမှုခင်းများနှင့် အကြမ်းဖက်မှုများကို ခေတ်ကာလ အခြေအနေများနှင့် လျော်ညီသည့် ကြိုတင်ကာကွယ် တားဆီးမှုများ ပြုလုပ်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ တိုးတက်လာသည့် မြို့ပြထူထောင်တည်ဆောက်မှုများ၊ ပွင့်လင်းလာသည့် ကုန်သွယ်မှုနှင့် အဆင့်မြင့်ဆက်သွယ်ရေးစနစ်များ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာကပ်ဆိုးများကြောင့် လူတစ်ဦးချင်းစီအဆင့်၊ ဒေသအဆင့်မှ ကမ္ဘာလုံးဆိုင်ရာအဆင့်အထိ မှုခင်းအန္တရာယ်ဖြစ်နိုင်ခြေ အမျိုးမျိုးရှိနေပါကြောင်း၊ မှုခင်းအန္တရာယ်ဖြစ်နိုင်သည့် အကြောင်းအရင်းများကို အချိန်နှင့် တစ်ပြေးညီသိရှိပြီး ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂ၏ မှုခင်းကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြဿနာအရင်းအမြစ် များကို ဖော်ထုတ်၍ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖြေရှင်းသွားရန် လိုအပ်ပါကြောင်း။

 

အာဆီယံဒေသတွင်းရှိ ပြည်သူများ လွတ်လပ်၍တရားမျှတသည့် ဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်း ပေါ်ပေါက်စေရေးတွင် အနှောင့်အယှက်အဟန့်အတားဖြစ်စေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာပြဿနာများကို ထိရောက်စွာ တားဆီးဖြေရှင်းနိုင်ရေးတို့ကို အဓိကဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။  ထိုပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာတွင် အာဆီယံအသင်းကြီး၏ ဒေသတွင်းပေါင်းစည်းမှု၊ ဆင်းရဲနွမ်းပါးမှု၊ မညီမျှမှုနှင့် ဘာသာရေးကို အခြေခံသည့်အကြမ်းဖက်မှု၊ သဘာဝသယံဇာတ ပျက်သုဉ်းမှုများကို ရင်ဆိုင်နေရပြီဖြစ်သည့်အတွက် အာဆီယံရှိစွမ်းရည်များနှင့်အင်အားများကို ထပ်မံမြှင့်တင်ပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ခိုင်ခိုင်မာမာရပ်တည်ဖြေရှင်းကြရန် လိုအပ်ပါကြောင်း။

 

အာဆီယံအသင်းကြီး၏ (၅၁)နှစ်တာကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံကောင်းများနှင့် အောင်မြင်မှုများကိုအခြေခံ၍ အာဆီယံ၏ အောင်မြင်မှုသော့ချက်ဖြစ်သည့် အားလုံး သဘောတူညီမှုဖြင့် အထပ်ထပ်အခါခါ တိုင်ပင်ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

အာဆီယံ၏ အခြေခံမူဝါဒဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း၊ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခြင်းတို့ဖြင့် အာဆီယံမျှော်မှန်း ချက် ၂၀၂၅ ကို မလွဲဧကန် အောင်မြင်ရောက်ရှိနိုင်မယ်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။

 

အဆွေတော်ဝန်ကြီးများ၏ ယခုအစည်းအဝေး ဆွေးနွေးချက်များသည် အာဆီယံဒေသအတွက်သာမက ကမ္ဘာတစ်ဝှမ်း ဆက်စပ်အကျိုးဖြစ်ထွန်းစေမည့် ရလဒ်ကောင်းများရရှိ လိမ့်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက 11th AMMTC ကို ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့ပြီး နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)၊ အကြမ်းဖက်အစွန်းရောက်ဝါဒနှင့် အစွန်းရောက် မှုများပေါက်ဖွားလာမှု ကြိုတင် ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး အာဆီယံလုပ်ငန်းစီမံချက်တစ်ရပ်ရေးဆွဲရေး ဆုံးဖြတ် ချက်များအပြင် ဒေသတွင်းစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး နယ်ပယ်မှ ချိတ်ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၄)ရပ်ကို ဆက်လက်ဆောင်ရွက် သွားနိုင်ရန် အတည်ပြုနိုင် ခဲ့ပါကြောင်း။

 

ယနေ့ကျင်းပသည့် 12th AMMTC တွင် အဆွေတော်ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၏ ရင့်ကျက်သည့် အတွေ့အကြုံ များ၊ ဉာဏ်ပညာထက်မြက်မှု၊ အမြော်အမြင်ကြီးမားမှုများဖြင့် အာဆီယံဒေသအတွင်း၌ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ ဆိုက်ဘာမှုခင်း၊ ငွေကြေးခဝါချမှု၊ တောင်းရိုင်းတိရစ္ဆာန် ပစ္စည်းများ ကုန်ကူးမှုတို့နှင့် စပ်လျဉ်း၍ (၁၈)ကြိမ်မြောက် အာဆီယံအဆင့်မြင့် အရာရှိကြီး အဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေး(18th SOMTC)တွင် ဆွေးနွေးခဲ့သည့် ရလဒ်များ၊ ဆွေးနွေးဘက်နိုင်ငံများနှင့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေးတင်ပြချက်များနှင့် အစီအမံများကို အကောင်းဆုံး အဖြေရှာဆွေးနွေး၍ အကြံပြုချက်များ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဒေသတွင်း၌သာမက နိုင်ငံတကာနှင့် ချိတ်ဆက် အကောင်အထည်ဖော်နိုင်မည့် ရလဒ်ကောင်းများရရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ ယဉ်ကျေးမှု အဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက သဘာပတိအဖြစ် ဦးဆောင်၍ (၁၂) ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးကို ဆက်လက်ကျင်းပ ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)