ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေး အကြံပြု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကား ပြောကြား

နေပြည်တော် ၂၅  ဩဂုတ်

ဌာနဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးအပေါ် ကိုယ်ရော စိတ်ပါ လက်ခံယုံကြည် ဦးဆောင်သွားနိုင်သည့် အခြေအနေကို ရောက်ရှိမှသာပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးက အောင်မြင်နိုင်မည် ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားလိုက်သည်။

 

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) ၌ ယနေ့ နံနက် ၁ဝနာရီတွင် ကျင်းပသည့် ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာ ဗျူဟာစီမံချက် ရေးဆွဲရေး အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

ဒုတိယ သမ္မတက ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရာတွင် ဝန်ထမ်းများသည် သော့ချက်ဖြစ်ပြီး  အစိုးရ အုပ်ချုပ်ရေး နယ်ပယ် ဖွံ့ဖြိုးရန်အတွက် အဓိကမောင်းနှင် အားပင်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများ၏ အခန်း ကဏ္ဍမှာ အဖွဲ့အစည်းများ ပြုပြင် ပြောင်းလဲမှုတွင် အဓိကကျသည့်အတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မား လာအောင် အထူးအလေးထား ဂရုစိုက်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။

 

လက်ရှိ အစိုးရအတွက် အရေးအကြီးဆုံး စိန်ခေါ်မှုမှာ ပြည်သူလူထု၏ မြင့်မားသည့် မျှော်လင့်ချက်များ ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူလူထုအား ပေးထားသည့် ကတိကဝတ်များကို အကောင်အထည် ဖော်ရန်၊ ရေရှည်ဖွံ့ဖြိုးတိုးတက် မှုရှိစေရန်၊ ပြည်သူလူထုအတွက် စွမ်းရည်မြင့်မားပြီး တာဝန်ခံမှုရှိသည့် ဝန်ထမ်း အဖွဲ့ အစည်း ဖြစ်ပေါ်လာစေရန် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးစနစ်ဖြစ် စေရေးအတွက် အထူး ဂရုစိုက် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။

 

ပိုမိုထိရောက် မှန်ကန်မြန်ဆန်သည့် အုပ်ချုပ်ရေး ယန္တရား ဖြစ်လာစေရန်  ဖွဲ့စည်း တည်ဆောက်ထားသည့် Structure မှန်ကန်စေရန်နှင့် အုပ်ချုပ်ရေး ယန္တရားကြီး တစ်ခုလုံးကို မောင်းနှင်နေသည့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ မဟာဗျူဟာကို မှန်ကန်ရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနတိုင်းသည် ပြုပြင်ပြောင်းလဲ မှုကို ယင်းဝန်ကြီးဌာနကပင် ပြုပြင် ပြောင်းလဲပေးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ကိုယ်တိုင် ပွင့်ပွင့်လင်းလင်းနှင့် ပြုပြင်ပြောင်းလဲမည့် အစီအစဉ်များ ရေးဆွဲဆောင်ရွက် ကြရန်လိုကြောင်း၊ အထက်ပါ အကြောင်းအရာ(၃)ချက်ကို အလွယ်တကူ သိမြင်နိုင် သော်လည်း ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာ ထင်သာမြင်သာ မသိနိုင်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတက ထိတွေ့ကိုင်တွယ်ရန် ခက်ခဲသည့်အတွင်း စိတ်ခံစားချက်များ ပါဝင်နေသည့် အတွက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်သည့်နေရာ တွင် အခက်ခဲဆုံးအပိုင်းဟု ဆိုကြကြောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင် ပြုပြင်ပြောင်းလဲရေးအပေါ် ကိုယ်ရောစိတ်ပါ လက်ခံယုံကြည် ဦးဆောင်သွားနိုင်သည့် အခြေအနေကို ရောက်ရှိမှသာ  ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးက အောင်မြင် နိုင်မှာ ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ အလုပ်ခွင် စိတ်နေစိတ်ထား၊ လုပ်ငန်းကျွမ်းကျင်မှု၊ လုပ်ထုံးလုပ်နည်းများ၏ သက်ရောက်မှု တို့သည် ပြုပြင်ပြောင်းလဲမှုကို အဆုံးအဖြတ် ပေးလေ့ရှိကြောင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများကို လူထုထံ ပို့ဆောင်ပေးရာတွင် ရိုးရှင်းလွယ်ကူ အဆင့်မများသည့် ရုံးတွင်း လုပ်ငန်းစဉ်များ ရှိရန်လိုကြောင်း၊ နိုင်ငံ့ ဝန်ထမ်း အားလုံးကလည်း နိုင်ငံတော်က  ဘာလုပ်နေသည်၊ ဘယ်လမ်းကြောင်းကို သွားနေသည်ဆိုသည်ကို သိရှိရန်လိုကြောင်း ပြောကြားသည်။

 

ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ယနေ့ခေတ် နိုင်ငံ့ ဝန်ထမ်း ကဏ္ဍသည် အဖွဲ့အစည်းများအတွင်း ပွင့်လင်းမြင်သာခြင်း မရှိသော စနစ် များရှိနေမှု၊ ဗဟိုချုပ်ကိုင်မှုနှင့် လုပ်ထုံးလုပ်နည်း သက်ရောက်အားနည်း မှုများကြောင့် ပြုပြင်စရာ အချက်များစွာ ရှိနေပါကြောင်း၊ လူထုအတွက် တုံ့ပြန်မှုပိုမို မြန်ဆန်သော၊ ထိရောက်သော ဝန်ဆောင်မှုပေးရာတွင် စွမ်းဆောင်ရည်မြင့်မားသော၊ ပွင့်လင်း မြင်သာပြီး တာဝန်ခံမှုရှိသော၊ အရေးအကြီးဆုံးအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဗဟို ချုပ်ကိုင်မှု စနစ်လျှော့ချရေးနှင့် လုပ်ပိုင်ခွင့်ခွဲဝေ ကျင့်သုံးရေးတို့အတွက် ကြိုးစား အားထုတ်လျက်ရှိသောသူများနှင့် လူထု၏ မျှော်မှန်းချက်များ ထင်ဟပ်စေနိုင်သော ကဏ္ဍတစ်ခုဖြစ်လာရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်တို့ တွဲဖက် ဆောင်ရွက် ထားသော မြန်မာနိုင်ငံ ဝန်ထမ်းကဏ္ဍရှိ ကျင့်ဝတ်၊ တန်းတူအခွင့်အရေး များနှင့် အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုနှင့် စပ်လျဉ်းသည့် နိုင်ငံ့ဝန်ထမ်း များ၏ သဘောထားအမြင်များကို လေ့လာစုဆောင်းသည့် စစ်တမ်း အစီရင်ခံစာနှင့် ရလဒ် များကို မကြာခင်မှာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ဝန်ထမ်းများ၏ သင်ကြားမှုနှင့် ဖွံ့ဖြိုးမှုများ တိုးတက် လာစေရန်နှင့် သင်ကြားမှုနည်းလမ်းနှင့် ဆရာများ၏ အရည်အသွေးများ ခေတ်မီဖွံ့ဖြိုး တိုးတက်လာနိုင်စေရန် ပြည်သူ့ဝန်ထမ်း အကယ်ဒမီကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

အပြောင်းအလဲကို စီမံခန့်ခွဲရာတွင် မျှော်မှန်းချက်၊ ကျွမ်းကျင်မှု၊ မက်လုံး၊ ရင်းမြစ်များ၊ လက်တွေ့အစီအစဉ် စသည့် အခြေခံ(၅)ချက်နှင့် ပြည့်စုံလျှင် အောင်မြင်သော အပြောင်းအလဲ တစ်ရပ်သို့ ရောက်ရှိမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

UNDPနှင့် ကုလသမဂ္ဂ ပြည်သူ့အကျိုး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ ကိုယ်စားလှယ် Ms.Renata Dessallien က နိုင်ငံတော် တည်ဆောက်ရေး စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်မှုအတွက် ပြည်သူ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေးကို ခေတ္တရပ်နားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပညာရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်သူ့ဝန်ထမ်းအုပ်ချုပ် ရေးလုပ်ငန်းစဉ် အစီအမံများ- UCSB၏ လုပ်ပိုင်ခွင့်တာဝန်နှင့် အခန်းကဏ္ဍအား ပြန်လည်သုံးသပ်ခြင်း၊ လုပ်ငန်းစွမ်း ဆောင်ရည် တိုးတက်မှု၏ အခြေခံဖြစ်သော စိတ်အားထက်သန်စွာ ဆောင်ရွက်ခြင်း- အတွင်းအပြင် စေ့ဆော်မှုများအား ပြောင်းလဲမှုအတွက် မောင်းနှင်အားအဖြစ်အသုံး ချခြင်း၊ အနာဂတ် ခေါင်းဆောင်များအတွက် ရင်းနှီးမြှုပ်နှံခြင်း၊ ခေါင်းဆောင်မှုဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်များ၊ ပွင့်လင်းမြင်သာမှုရှိမှုနှင့် တာဝန်ခံမှုတို့ကို မြှင့်တင်ခြင်း-လူထုသဘောတူညီမှုအား ပြန်လည်ဆောင်ရွက်ခြင်း၊  ပြည်ထောင်စုရာထူးဝန် အဖွဲ့၏ လုပ်ပိုင်ခွင့် တာဝန်နှင့် အခန်းကဏ္ဍ၊ ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်း ပြောင်းလဲမှုများအတွက် လိုအပ်ချက်များ။

မြန်မာနိုင်ငံ ပြည်သူ့ဝန်ထမ်းကဏ္ဍရှိ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စား မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ မြန်မာနိုင်ငံပြည်သူ့ ဝန်ထမ်းကဏ္ဍရှိ ကျင့်ဝတ်သိက္ခာ၊ အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုနှင့် တန်းတူအခွင့်အရေးများ ဆိုင်ရာသဘော ထား အမြင်စစ်တမ်းမှ တွေ့ရှိချက်များ၊ လက်ရှိဖွင့်လှစ်လျက်ရှိသော သင်တန်းများနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးချဉ်း ကပ်ဆောင်ရွက်မှုများနှင့် နည်းစနစ်များ၊ ပြည်သူ့ ဝန်ထမ်း စွမ်းဆောင်ရည်မြှင်တင်ခြင်း၊ ပြည်သူ့ဝန်ထမ်း အကယ်ဒမီပုံစံ၊ ပြည်သူ့ဝန်ထမ်း ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့်  အရေးယူ ပြုပြင်မှုဆိုင်ရာ စနစ်များ၊ အရေးယူ တည့်မတ်ပေးမှု ကျင့်ထုံးများနှင့် ဘက်လိုက် ခြင်းကင်းမှုပုံစံများ ခေါင်းစဉ်တို့ဖြင့် အစု အဖွဲ့အလိုက် ဆွေးနွေးကြသည်။

ဆွေးနွေးပွဲ ဒုတိယနေ့ကို ဩဂုတ်(၂၆)ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။