ဒုတိယသမ္မတ ဦးမြင့်ဆွေ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆွေးနွေးပွဲသို့ တက်ရောက် ပြောကြားသည့်မိန့်ခွန်း

နေပြည်တော် ၁၁ ဒီဇင်ဘာ

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ကျင်းပရာ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ငွေကြေးကဏ္ဍတည်ငြိမ်မှု၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေရန်အတွက် ဦးစားပေးဆောင်ရွက်ရမည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/ CFT) ဦးဆောင်ကော်မတီ၏ ပထမဆုံးဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ စီးပွားဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ လျော့နည်းကင်းစင်အောင် စီးပွားရေးအသိုက်အဝန်းတစ်ရပ်လုံးတွင် ဆက်စပ်ပါဝင်သည့် ဌာနများ၊ အဖွဲ့အစည်းများက ယခုကဲ့သို့ စုစည်းပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးနှင့် အရေးကြီးဆုံး ဆွေးနွေးပွဲလည်း ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ကလည်း တစ်ကမ္ဘာလုံးက ပြစ်မှုအဖြစ် သတ်မှတ်ထားသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအား ပြစ်မှုတစ်ရပ်အဖြစ် သတ်မှတ်ပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကို အရှိန်အဟုန် တိုးမြှင့်သည့်အနေဖြင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် မိမိဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဆက်အောင် ဦးဆောင်သည့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများသည် နိုင်ငံတော်က ချမှတ်ထားသည့် “ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း  (MSDP)”၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သည့်အတွက် မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများအား အရေးယူဆောင်ရွက်ခဲ့ရာ “၂၀၀၂ ခုနှစ် တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ”အရ အမှုပေါင်း ၂၁ မှု အရေးယူခဲ့ပြီး တရားမဝင် နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်း စုစုပေါင်းတန်ဖိုးကျပ် (၂၃၁၆၆ ဒသမ ၃၈)သန်းကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါကြောင်း၊ “၂၀၁၄ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ” အရ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အမှုပေါင်း(၉၂)မှု စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲတင်ခဲ့သည့် အမှုပေါင်း(၂၄)မှု၊ တရားစွဲတင်ရန် ဆောင်ရွက်ဆဲ(၃၄)မှုနှင့် ပြစ်ဒဏ်ချမှတ် အရေးယူနိုင်မှု (၁၀)မှုရှိပါကြောင်း၊ စုစုပေါင်း တန်ဖိုးကျပ် (၆၀၃၁)သန်းကို နိုင်ငံဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ပြီးဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးမှုခင်းများ အပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများက တရားမဝင်ရရှိသည့် ငွေကြေးများကို တရားဝင်ငွေကြေးအဖြစ် ပြောင်းလဲပြီး မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ထဲကို ဝင်ရောက်မလာနိုင်အောင် တားဆီးကာကွယ်ရန်နှင့် တိုက်ဖျက်ရန်အတွက် ဌာနဆိုင်ရာ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအားလုံးနှင့် ပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်သလို နိုင်ငံဖြတ်ကျော် မှုခင်းများကို တိုက်ဖျက်ရာတွင် အဓိကရေသောက်မြစ်ဖြစ်သည့် ပြစ်မှုကျူးလွန်ရာမှရရှိသော တရားမဝင်ငွေကြေး၊ ပစ္စည်းနှင့် အကျိုးအမြတ်များကို ဖော်ထုတ်အရေးယူပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် အဓိကကျပါကြောင်း။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် မြန်မာနိုင်ငံသည် ၂ဝဝ၆ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia-Pacific Group on Money Laundering - APG)တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ APG ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force–FATF)၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အကြံပြုချက်စံနှုန်းအချက် (၄၀)ချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစဉ်အဆက် ကြိုးစားခဲ့ပါကြောင်း၊ သတင်းအချက်အလက်များ ဖလှယ်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံပေါင်း (၁၅)နိုင်ငံနှင့်လည်း နားလည်မှုစာချွန်လွှာများ ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ APG ၏ အဖွဲ့ဝင်နိုင်ငံ အချင်းချင်းအပြန်အလှန် အကဲဖြတ်မှု (Mutual Evaluation- ME) ကို ၂ဝဝ၇ - ၂ဝဝ၈ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း(၂)ကြိမ် အကဲဖြတ်ခံခဲ့ပြီး ဒုတိယအကြိမ် APG က “အပြန်အလှန် အကဲဖြတ်ချက် အစီရင်ခံစာ” (Mutual Evaluation Report – MER) ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ အစီရင်ခံစာပါ အဓိက တွေ့ရှိချက်များနှင့် ဆောင်ရွက်ရန် အကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်ပြီး ဆောင်ရွက်လျက် ရှိပါကြောင်း။

“ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း အမျိုးသားအဆင့်အန္တရာယ် အကဲဖြတ်ရေးအစီရင်ခံစာ” တွင် မြန်မာနိုင်ငံအတွင်း၌ ငွေကြေးခဝါချမှု ခြိမ်းခြောက်မှုများ မြင်သာထင်ရှားရှိနေကြောင်း တွေ့ရှိခဲ့ရသည့်အတွက် မူးယစ်ဆေးဝါးမှုခင်းများ အပါအဝင် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ သစ်နှင့်ကျောက်မျက်ရတနာများ တရားမဝင် ရောင်းဝယ်မှု၊ အခွန်တိမ်းရှောင်မှုများကို ရှာဖွေဖော်ထုတ်ပြီး လျော့နည်းကျဆင်းအောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ 

အစိုးရဌာနအဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်သည့် ကဏ္ဍအသီးသီးမှ အဆိုပါမှုခင်းများ လျော့နည်းကျဆင်းအောင် တားမြစ်ပိတ်ဆို့ တိုက်ဖျက်သွားရမည်ဖြစ်ပါကြောင်း၊ အလားတူ သတင်းပို့ အဖွဲ့အစည်းများအနေဖြင့် AML/CFT ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရေး အရာရှိများ သတ်မှတ်ခန့်အပ်ပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါကြောင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုလည်း စွမ်းရည်ပြည့်ဝပြီး လုပ်ငန်းများကို လွတ်လပ်စွာဆောင်ရွက်နိုင်အောင် ဖွဲ့စည်းရမှာဖြစ်ပါကြောင်း၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့အနေဖြင့် သက်ဆိုင်ရာ သတင်းပို့အဖွဲ့အစည်းများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး AML/CFT မူဘောင်ကို ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်ပါကြောင်း။

နိုင်ငံတကာ စံနှုန်းများနှင့်အညီ “အမျိုးသားအဆင့် မဟာဗျူဟာ” ရေးဆွဲပြဋ္ဌာန်းပြီး လုပ်ငန်းအစီအမံများ ချမှတ်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေးဆွဲထားသည့် “ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး မဟာဗျူဟာ” ကို ယခု တက်ရောက်လာကြသည့် ဌာနဆိုင်ရာနှင့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံးက မိမိတို့ကဏ္ဍ အလိုက်၊ အစီအမံများချမှတ်ပြီး အပြည့်အဝအကောင်အထည်ဖော် ဆောင်ရွက်ကြရန်တိုက်တွန်း ပြောကြားလိုပါကြောင်း။

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအနေဖြင့်  “ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် ပြင်ဆင်ခြင်း၊ AML/CFT ဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်း၊ မိမိတို့ဌာနများအလိုက် ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို အချိန်အပိုင်းအခြားအလိုက် အကဲဖြတ်ခြင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ ကြီးကြပ်ရေးအာဏာပိုင်များက ကဏ္ဍအလိုက် ကြီးကြပ်ကွပ်ကဲမှု တိုးမြှင့်ခြင်း၊ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ချက်များကို ဖော်ဆောင်ခြင်း၊ ဥပဒေရေးရာပုဂ္ဂိုလ်နှင့် ဥပဒေရေးရာစီစဉ်ဆောင်ရွက်မှုများကို အလေးထားစိစစ်ခြင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများအား စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းခြင်းနှင့် လူအများအပြား သေကြေပျက်စီးစေသော လက်နက်များပြန့်ပွားအောင် လုပ်ဆောင်နေမှုများကို ငွေကြေး ထောက်ပံ့မှုအား တိုက်ဖျက်ခြင်း” စသည့်အချက်များကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးအသိုက်အဝန်း လုံခြုံစေရန်နှင့် ပြစ်မှုကျူးလွန်ရာမှ ရရှိသောတရားမဝင်ငွေကြေး၊ ပစ္စည်းနှင့်အကျိုးအမြတ်များ လျော့နည်းပပျောက်အောင် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် Political Will အပြည့်အဝရှိပြီး ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးကဏ္ဍ မြင့်မားရေးကို အပြည့်အဝ ဦးဆောင်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ်ထားပါကြောင်း၊ မိမိတို့နိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုများ လျော့နည်းကျဆင်းပြီး နိုင်ငံတကာ အဆင့်မီ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဝန်းကျင်များနှင့် တည်ဆောက်ထားသည်ကို ပြသရမည် ဖြစ်ပါကြောင်း။

“ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း” များကို ထိထိရောက်ရောက် တိုက်ဖျက်ရန် နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဥပဒေဆိုင်ရာ အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအမိန့်တွင် စုံစမ်းစစ်ဆေးမည့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကို လုပ်ပိုင်ခွင့်များ တိုးမြှင့်ပေးအပ်ထားသကဲ့သို့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုလည်း လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်စွာဆောင်ရွက်ခွင့်များကို ပေးအပ်ထားပါကြောင်း၊ ကြီးကြပ်ရေး အာဏာပိုင်များကိုလည်း လိုအပ်သည့် စည်းမျဉ်းစည်းကမ်းများ၊ အန္တရာယ်အခြေပြု ချဉ်းကပ်ဖြေရှင်းမှု နည်းလမ်းများ၊ မိမိတို့ကဏ္ဍနှင့် သက်ဆိုင်သည့် ဆုံးရှုံးနိုင်ခြေအန္တရာယ် အကဲဖြတ်မှုများ၊ ဆောင်ရွက်ရန်တာဝန်များ ခွဲဝေပေးထားသကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ဖောက်ဖျက်လျှင်လည်း ထိရောက်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အပြစ်ပေးမှုများလုပ်ရန် အသေးစိတ် ရေးသားဖော်ပြထားပါကြောင်း၊ “ မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းအန္တရာယ် အကဲဖြတ်ချက် အစီရင်ခံစာ” နှင့် “ အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်အကဲဖြတ်ရေး အစီရင်ခံစာ ” ပါ အကြံပြုချက်များနှင့်အညီ ပြင်ဆင်ရေးဆွဲထားသည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအသစ်ကိုလည်း လွှတ်တော်ကို တင်ပြပြီး အတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

ယနေ့ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာန၊ အဖွဲ့အစည်းများအား “AML/CFT ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ” နှင့် “အမျိုးသားအဆင့် မဟာဗျူဟာ” တို့ကိုချပြပြီး အပြန်အလှန် ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လုံခြုံစိတ်ချရသည့် စီးပွားရေးရပ်ဝန်းဖြစ်စေရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

(သတင်းစဉ်)