ဒုတိယသမ္မတ ဦးမြင့်ဆွေ Myanmar Investment Forum 2017 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေး

နေပြည်တော် ၆  ဇွန်

 

မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ကြီးမှူးကျင်းပ သည့် Myanmar Investment Forum 2017 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2)၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေးပြီး မိန့်ခွန်းပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတက လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ပြည်သူတို့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေ ရန်အတွက် နိုင်ငံခြား မ,တည်ငွေရင်းနှင့် ကုန်သွယ်မှုတို့ကို အဓိကအားထားနေရ ပါကြောင်း၊ ထို့ကြောင့် လိုအပ်သည့် နိုင်ငံခြား မတည်ငွေရင်းများ နိုင်ငံတွင်းကို များစွာ ဝင်ရောက်လာစေရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်သာ အဓိကမောင်းနှင်အား ဖြစ်လာပါကြောင်း။

 

တစ်နည်းအားဖြင့် နိုင်ငံတော်၏ စီးပွားရေးအခြေခံအဆောက်အဦ ပြောင်းလဲ တိုးတက်စေရန်နှင့် နိုင်ငံ့စီးပွားရေးကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက် ပေါင်းစည်းနိုင်ရန် အတွက် ယခင်က တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို အခြေခံပြီး နိုင်ငံတကာအဖွဲ့ အစည်းများ၏ အကူအညီများ၊ အကြံပြုချက်များနှင့်အညီ နိုင်ငံ၏စီးပွားရေးမူဝါဒ၊ ငွေကြေးနှင့် ဘဏ္ဍာရေးမူဝါဒများ၊ ကုန်သွယ်ရေးမူဝါဒများနှင့် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို အခြေခံ ကျကျ လေ့လာသုံးသပ်ကာ ပြုပြင်ပြောင်းလဲမှု၏ အဓိကအနှစ်သာရအဖြစ် ခိုင်မာမှုရှိ သည့် မူဝါဒများချမှတ်ခြင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ပြဋ္ဌာန်းခြင်းနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

 

သိသာထင်ရှားသည့် တိုးတက်မှုများအနေဖြင့် ပြည်သူအားလုံး ပါဝင်နိုင်ပြီး နိုင်ငံ တစ်ဝန်း ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြည်သူကိုဗဟိုပြုသည့် နိုင်ငံတော် ၏ စီးပွားရေးမူဝါဒ(၁၂)ရပ်ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာမူဝါဒများ ကိုလည်း ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ပြဋ္ဌာန်းခဲ့ပါကြောင်း။

 

အလားတူ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရင်းတည်ကာ နိုင်ငံအတွင်း၌ စီးပွားရေး လာရောက် လုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးများကို ထိန်းသိမ်း စောင့်ရှောက်ပေးမည့်၊ စီးပွားရေးလုပ်ငန်းအတွက် ပင်မအသက်သွေးကြောဖြစ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် စီးပွားရေးလုပ်ကိုင်ရာတွင် ရိုးရှင်းလွယ်ကူမှုရှိသည့် လုပ်ထုံးလုပ်နည်းများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်း ဥပဒေများကို အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေး ရှင်း(IFC)၏ ပံ့ပိုးကူညီမှုဖြင့် Stakeholder Consultation များ အကြိမ်ကြိမ်ပြုလုပ်ပြီး ၎င်းတို့၏ အကြံပြုချက်များနှင့်အညီ နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီမှုရှိအောင် ထုတ်ပြန် နိုင်ခဲ့ခြင်းသည် အစိုးရ၏ ပြင်းပြသည့် ကြိုးပမ်း အားထုတ်မှုများထဲမှ မှတ်တိုင်တစ်ခု ဖြစ်ပါကြောင်း။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်နေသည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင် နိုင်ရန်၊ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးနိုင်ရန်နှင့် ပြည်သူတို့အတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် နိုင်ငံတကာ စံနှုန်းများနှင့် ညီညွတ်မှုရှိ အောင်၊ မြန်မာနိုင်ငံနှင့်ချုပ်ဆိုထားသည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ၊ အာဆီယံဆိုင်ရာ သဘောတူစာချုပ်များနှင့် ညီညွတ်မှုရှိစေရန် ဥပဒေသစ်ကို ဖော်ဆောင် ခဲ့ခြင်းဖြစ်ပါကြောင်း။

 

နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ တစ်ခုတည်း ကိုဖော်ဆောင်ရုံနှင့် မလုံလောက်သည့်အတွက် စီးပွားရေး လုပ်ကိုင်ရာတွင် ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များ အဆင်ပြေလွယ်ကူ ချောမွေ့မှုရှိစေရန် ဆက်စပ်ဥပဒေ များကို ခိုင်မာမှုရှိအောင် ပြင်ဆင် ထုတ်ပြန်ခြင်း၊ ဥပဒေအချင်းချင်း ညီညွတ်မှုရှိအောင်နှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်းတို့ကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါကြောင်း ပြောကြားသည်။

 

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များ၏ ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သည့် တည်ဆဲ မြန်မာ ကုမ္ပဏီများအက်ဥပဒေသည် နှစ်တစ်ရာကျော်သက်တမ်းရှိပြီ ဖြစ်သည့်အတွက် ခေတ်နှင့် လျော်ညီမှုရှိစေရန်၊ နိုင်ငံတကာ စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန်အပြင် အသေးစားနှင့် အလတ်စား ကုမ္ပဏီများ တွေ့ကြုံနိုင်သည့် အခက်အခဲများလျော့ကျစေရန် ရည်ရွယ်၍ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီဖြင့် ပြင်ဆင်ကာ ဥပဒေသစ်ကို ၂၀၁၇ ခုနှစ်အတွင်း ထုတ်ပြန်နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း။

 

ယင်းကိုကြည့်ခြင်းအားဖြင့် အာရှ၏ နောက်ဆုံးစူးစမ်းလေ့လာရန်ကျန်သည့်နေရာ  (Last Frontier) ဟုပြောနိုင်သည့် မြန်မာနိုင်ငံ၏ မဟာဗျူဟာကျသည့် အားသာချက် များနှင့်အကွ နိုင်ငံတကာစံနှုန်းများနှင့် အညီ ခိုင်မာမှုရှိသည့် စီးပွားရေးမူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒ၊ ဥပဒေစည်းမျဉ်းများ ပြဋ္ဌာန်းပေးခြင်းသည် ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်း ဆုံးအထောက်အပံ့ဖြစ်စေမည့် စီးပွားရေးဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းဖြစ်သည်ဟု ယုံကြည်မိပါကြောင်း။

နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး စီးပွားရေးဝန်းကျင်ကောင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များအတွက် ဖန်တီးပေးရာတွင် နိုင်ငံ၏ အဓိကအားနည်းချက် တစ်ချက်အဖြစ် ကြုံတွေ့နေရသည်မှာ အခြေခံအဆောက်အအုံ လိုအပ်ချက် ဖြစ်ပါကြောင်း။

 

နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ကြိုတင်ခန့်မှန်းချက်တွင် ၂၀၃၀ ခုနှစ်အထိ နိုင်ငံ အတွက်လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၆၅၀ ဘီလီယံဖြစ်ပြီး အခြေခံအဆောက်အအုံအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၃၂၀ ဘီလီယံ ဖြစ်ပါကြောင်း၊ ၎င်းပမာဏ ပြည့်မီအောင် ပုဂ္ဂလိကကဏ္ဍကို ဖိတ်ခေါ်ပြီး အစိုးရနှင့် ပုဂ္ဂလိကအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖြည့်ဆည်းပေးရမည် ဖြစ်ပါကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှုတို့အတွက် အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကနဦး အဆင့်အနေဖြင့် ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးကော်မရှင်ကို ၂၀၁၆ ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့ ပါကြောင်း၊ ထို့ပြင် အာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးကူညီမှုဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီကို ၂၀၁၆ ခုနှစ် အတွင်း၌ပင် ဖွဲ့စည်းခဲ့ပြီး ပြီးပြည့်စုံသည့် မူဘောင် ချမှတ်နိုင်ရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

အလားတူ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရသာမက ပုဂ္ဂလိကကဏ္ဍပါ တာဝန်ယူမှုနှင့်ပတ်သက်ပြီး တိကျသည့်မူဘောင်ဖြင့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ဖော်ဆောင်နိုင်ရန် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်းအချို့၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်ချက်များထဲတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားပြီး ဖွံ့ဖြိုးတိုးတက်လာစေရေးသည်လည်း အစိုးရ၏ ဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ၂၀၁၆ ခုနှစ်အတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

 

ထို့ပြင် “အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်နှင့် ၎င်းတို့ကို ဖွံ့ဖြိုးတိုးတက် စေနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ကြိုဆိုအားပေးရန်” ဆိုသည့် အချက်များကို စီးပွားရေးမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ သက်ဆိုင်ရာဥပဒေ များတွင် ပါဝင်ပြဋ္ဌာန်းပြီးဖြစ်သည်ကို တွေ့ရှိနိုင်ပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ၏ ဈေးကွက်စီးပွားရေး စနစ်တစ်ခု ဖွံ့ဖြိုးလာရန် မီးမောင်းထိုးပြထားခြင်းဖြစ်ပါကြောင်း။

 

အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားရေး အဆောက်အအုံ ခိုင်မာစွာတိုးတက် လာရေးအတွက် စီးပွားရေးဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေရန် ဘက် ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက် ခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ်၏ Doing Business Report (၂၀၁၄) အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်မှု အဆင့်သည် ၁၈၂ ဖြစ်ခဲ့သော်လည်း ယခု ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် ၁၇၀ ကို တက်လှမ်းနိုင်ခဲ့ခြင်းသည် သက်သေတစ်ခုအဖြစ် ပြသနိုင်ပါကြောင်း၊ အစိုးရအနေဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရေးကို အစဉ်တစိုက် ဆောင်ရွက်နေလျက်ရှိခြင်းကြောင့် နောက်နှစ်တွင်လည်း မြန်မာနိုင်ငံ၏ Doing Business အဆင့်သည် ယခုထက် ပိုမိုတိုးတက်လာမည်မှာ အသေအချာဖြစ်ပါ ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ အနုပညာရှင်များက မြန်မာ့ရိုးရာအကဖြင့် ကပြ ဖျော်ဖြေကြပြီး ဒုတိယသမ္မတက မင်္ဂလာအောင်မောင်းကို တီးခတ်၍ ဖွင့်လှစ်ပေးသည်။

 

ယင်းနောက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြန်မာ့ကုန်သွယ်မှုဆိုင်ရာ မူဝါဒများကို လည်းကောင်း၊  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက  နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့ကြသည်။

 

Myanmar Iivestment Forum 2017 ကို အာရှ၏ မဟာဗျူဟာအကျဆုံး နေရာတွင်တည်ရှိနေသည့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်၊ ပြည်တွင်းကုမ္ပဏီများနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက် နိုင်ရန်နှင့် ကမ္ဘာ့ဈေးကွက်ကို ချဲ့ထွင်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊  ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးခင်မောင်ချို၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဦးကျော်ဝင်း၊ ဦးဝင်းခိုင်၊  ဦးအုန်းမောင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွဋ်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုး တက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများမှ  ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် လုပ်ငန်းရှင် များ၊ စီးပွားရေး ပညာရှင်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက် ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် Myanmar Investment Forum ကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပပြီး ပုဂ္ဂလိက အခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ စွမ်းအင်၊ အဆောက်အအုံနှင့် လမ်း စသည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများနှင့် အထူးစီးပွားရေးဇုန်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

 (သတင်းစဉ်)