ဒုတိယသမ္မတ ဦးမြင့်ဆွေ e-Government ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၅ နိုဝင်ဘာ

e-Government ဦးဆောင်ကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ e-Government ဦးဆောင် ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေးနှင့် နိုင်သက်လွင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များဖြစ်ကြသည့် ဒေါက်တာခက်အောင်၊ ဦးအယ်လ်ဖောင်းရှို၊ ဦးဆလိုင်းလျန်လွယ်၊ ဒေါက်တာမြင့်နိုင်၊ ဦးမြင့်မောင်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဦးဖြိုးမင်းသိန်း၊ ဒေါက်တာလင်းထွဋ်နှင့် ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၄/၂၀၁၈ ဖြင့် “e-Government ဦးဆောင် ကော်မတီ” ကို လုပ်ငန်းတာဝန် (၅)ရပ်ချမှတ်ကာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ် ဦးဆောင်၍လည်းကောင်း၊ “e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ”ကို လုပ်ငန်းတာဝန် (၅)ရပ်ချမှတ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍လည်းကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှာကြားချက်များကို အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ဦးဆောင်ကော်မတီက “e-ID စနစ် လုပ်ငန်းကော်မတီ” ကို ၂၀၁၈ ခုနှစ်၊ ဇွန် ၁၂  ရက်တွင် ဖွဲ့စည်းပေးခဲ့ပြီး “e-ID စနစ် လုပ်ငန်းကော်မတီ” အောက်တွင် ဆပ်ကော်မတီ (၆)ခုနှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးဆောင်ကြီးကြပ်မှုအဖွဲ့နှင့် နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုတို့တွင်လည်း လုပ်ငန်းအဖွဲ့အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ “အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ” အောက်တွင်လည်း လိုအပ်သည့်ဆပ်ကော်မတီ (၈)ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး ဖြစ်ပါကြောင်း။

e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဧပြီ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၅)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှု (၂)ချက်ရှိပြီး ဆောင်ရွက်ဆဲ (၃)ချက်ရှိပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကို အမြန်ပြီးစီးနိုင်ရေးအတွက် အချိန်တစ်ခုသတ်မှတ်ပြီး ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ e-Government စနစ် အလျင်အမြန် တိုးတက်အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကကျသောအချက် (၃)ချက်ဖြစ်သည့် “ကျွမ်းကျင်မှု၊ ရင်းနှီးမြုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု” တို့ လုပ်ဆောင်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါ အဓိကကျသည့်အချက် (၃)ချက်တွင် “ပူးပေါင်းဆောင်ရွက်မှု” အပိုင်းကို စတင်လုပ်ဆောင်ရန်နှင့် အစိုးရဌာနအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ဦးဆောင်ကော်မတီ နာယက၏ လမ်းညွှန်ခဲ့မှုအပေါ် အထူးအလေးထား လိုက်နာဆောင်ရွက် သွာကြရန် လိုအပ်ပါကြောင်း။

 

DSC_8296

 

e-Government ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန် ၂၇ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၂၁)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှု (၁၁)ချက်ရှိပြီး ဆောင်ရွက်ဆဲ (၁၀)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲဆုံးဖြတ်ချက်များအနက် ကိုရီးယားသမ္မတနိုင်ငံ Economic Development Cooperation Fund (EDCF) ချေးငွေ အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၇၇၉ သန်းဖြင့် တည်ဆောက်မည့် e-GIDC (e-Government Integrated Data Center) တည်ဆောက်ခြင်း လုပ်ငန်းအတွက် ချေးငွေစာချုပ်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များသည် အနည်းဆုံး (၃)နှစ်တာ ကာလအတွင်း အဆင့်အလိုက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။

ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ကုမ္ပဏီကြီးများက ကူညီဆောင်ရွက်ပေးလိုသည့် ကိစ္စရပ်များရှိပါက သက်ဆိုင်ရာကော်မတီများက ဦးဆောင်ကော်မတီသို့ တင်ပြ၍ ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်းသည်လည်း ရေရှည်လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ Privacy and Data Policy ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း ပြည်တွင်းအခြေအနေ၊ ဒေသအခြေအနေတို့နှင့် လိုက်လျောညီထွေ ရှိစေရေး သေသေချာချာ ချိန်ညှိဆောင်ရွက်ရန် လိုသည့်အတွက် အချိန်အနည်းငယ်ယူပြီး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဆုံးဖြတ်ချက် (၅)ချက်မှာ e-ID စနစ် အကောင်အထည်ဖော်နိုင်ခြင်းနှင့် ပတ်သက်နေပါကြောင်း၊ Public Private Partnership (PPP) ဆောင်ရွက်မည့် ပုံစံများနှင့် နည်းလမ်းများကို “ဝယ်ယူရေးနှင့် အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေးဆပ်ကော်မတီ” က ပြုစုတင်ပြရေးကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက် (၁၃)ချက် ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှု (၁၀)ချက်ရှိပြီး ဆောင်ရွက်ဆဲ (၃)ချက်ရှိပါကြောင်း၊ ဆောင်ရွက်ဆဲ အချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးရန် လိုအပ်သည့် အခက်အခဲများရှိပါက တင်ပြပေးကြရန် ပြောကြားလိုပါကြောင်း၊ အဆိုပါဆောင်ရွက်ဆဲ (၃)ချက်မှာ “e-Government စနစ် စတင်အသုံးပြုနေသည့် ဌာနများနှင့် အသုံးမပြုသေးသည့်ဌာနများအကြား ဆွေးနွေးညှိနှိုင်းပြီး အတွေ့အကြုံများ ဖလှယ်သွားရန်” နှင့် “e-Government လုပ်ငန်းများကို အလေးအနက်ထား ဆောင်ရွက်ကြပြီး တိုးတက်မှုအစီရင်ခံစာကို ဦးဆောင်ကော်မတီသို့ လစဉ်မပျက်မကွက် အချိန်မီ ပေးပို့တင်ပြသွားရန်” အတွက်တို့သည် စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည့် အချက်များဖြစ်ပြီး Data Center ငှားရမ်းရန်အတွက် ဆွေးနွေးမှုများပြုလုပ်ပြီးပါက သတ်မှတ်ထားသည့် ငှားရမ်းခများအား အနီးဆုံးဘတ်ဂျက်၌ တင်ပြလျာထားဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း။

e-Government ဦးဆောင်ကော်မတီ၏ ပထမအကြိမ်မှ တတိယအကြိမ် အစည်းအဝေးအထိ ဆုံးဖြတ်ချက်စုစုပေါင်း (၃၉)ချက်ချမှတ်ခဲ့ရာ ဆောင်ရွက်ပြီး (၂၃)ချက်ရှိပြီး ဆောင်ရွက်ဆဲ (၁၆)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများအနက်မှ အချိန်တိုတိုနှင့် ပြီးမြောက်ရမည့်လုပ်ငန်းများကို နောက်လာမည့် အစည်းအဝေးမတိုင်မီ ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကိုလည်း အမြန်ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်းများအသီးသီးမှ လွှင့်တင်ထားသော Website များ၊ e-Service များအား တစ်နေရာတည်းတွင် စုစည်း၍ ပြည်သူလူထုသို့ ကောင်းမွန်သော Single Window ဝန်ဆောင်မှုများပေးနိုင်ရန် နိုင်ငံတော်အား ကိုယ်စားပြုသည့် Myanmar e-Government National Portal ကို လွှင့်တင်နိုင်ခဲ့ပါကြောင်း။

ထို့ပြင် ISO (International Standard Organization) အရ ကိုက်ညီသည့် မြန်မာ Unicode စံစနစ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီ ၁ ရက်ကစပြီး အစိုးရအဖွဲ့အစည်းအားလုံးက လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လည်းကောင်း အသုံးပြုနေကြပြီဖြစ်ပါကြောင်း၊ မြန်မာ Unicode စံစနစ်ကို အရှိန်အဟုန်မပြတ် ပြောင်းလဲအသုံးပြုနိုင်ရေးကို ဆက်လက်တွန်းအားပေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတစ်ဝန်းလုံး အစိုးရ၏ ဝန်ဆောင်မှုများရရှိနိုင်ရန် အခွင့်အလမ်းအဖြစ် မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် MyanmarSat-2 ကိုလည်း ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၇ ရက်က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ကစပြီး အသုံးပြုနေကြပြီဖြစ်ပါကြောင်း။

ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက လက်ရှိ IT နှင့် e-Government ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သည့် စစ်တမ်းကောက်ယူခြင်း၊ အကဲဖြတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အတွက် ထိရောက်အကျိုးရှိသော ကွန်ပျူတာသုံး License Software များ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်ဟု သိရှိရပါကြောင်း။

“e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ” ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင်လည်းကောင်း၊ “e-ID စနစ် လုပ်ငန်းကော်မတီ” ၏ စတုတ္ထအကြိမ်အစည်းအဝေးကို နိုဝင်ဘာ ၁ ရက်တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်ဟု သိရှိရပါကြောင်း၊ အဆိုပါလုပ်ငန်းကော်မတီများ အနေဖြင့် ဦးဆောင်ကော်မတီသို့ တင်ပြအဆုံးအဖြတ်ရယူရန် ကိစ္စများရှိပါက တင်ပြရန်ဖြစ်ပါကြောင်း။

“e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့၏ ဦးဆောင်မှု၊ ကြီးကြပ်မှုတို့နှင့်အတူ ဆပ်ကော်မတီအသီးသီး၏ ကြိုးစားဆောင်ရွက်မှုများ၊ “e-ID စနစ်လုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့၏ ဦးဆောင်မှု၊ ကြီးကြပ်မှုတို့နှင့်အတူ ဆပ်ကော်မတီအသီးသီး၏ ကြိုးစားဆောင်ရွက်မှုများကြောင့် လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် e-ID လုပ်ငန်းနှင့် ဆက်စပ်ပြီး လိုအပ်မည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများအတွက်လည်း ကြိုတင်ပြင်ဆင်ထားရှိရန်လည်း ပြောကြားလိုပါကြောင်း၊ e-ID စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက e-Government လုပ်ငန်းစဉ်များ၌ အကျိုးရှိရှိချိတ်ဆက် အသုံးချနိုင်ရေးအတွက်ကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

ပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေရန်ဆိုသည့်အချက်ကို အမျိုးသားရေးအမြင်နှင့် အဓိကထားဆောင်ရွက်သွားကြရန်နှင့် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် “နှစ်လတ်၊ နှစ်ရှည်လုပ်ငန်းစဉ်” များ သတ်မှတ်ဆောင်ရွက်သွားရမည့်အပြင် အချိန်တိုအတွင်း ပြည်သူများအတွက် သိသာထင်ရှားသည့်ရလဒ်များ ရရှိနိုင်မည့် Quick Win Service များအတွက် “ရေတိုလုပ်ငန်းစဉ်” များကိုလည်း စနစ်တကျသတ်မှတ်ရေးဆွဲပြီး တစ်ပြိုင်တည်း ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ယနေ့အစည်းအဝေးသို့ တက်ရောက်လာကြသူများအနေဖြင့် မြန်မာနိုင်ငံတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ချမှတ်ထားသည့် လုပ်ငန်းတာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက e-Government ဦးဆောင်ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက Video Conferencing စနစ်ကို ခရိုင်ရုံးများအဆင့်အထိ တပ်ဆင်အသုံးပြုနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက Cyber Security Law ထုတ်ပြန်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက Data Policy ဆိုင်ရာကိစ္စဖြစ်သည့် အချက်အလက်များ အဆင့်ခွဲခြားသတ်မှတ်ခြင်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသာဦးက e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီအသီးသီးတို့အတွက် လိုအပ်သည့်ရန်ပုံငွေများ စနစ်တကျတောင်းခံသုံးစွဲနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-ID စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်က မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် e-Government စနစ် အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးသန့်စင်မောင်၊ ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးစိုးဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုတို့က e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ လိုအပ်သည့် အကြံပြုချက်များ၊ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်