ဒုတိယသမ္မတ ဦးမြင့်ဆွေ e-Government Conference and ICT Exhibition 2018 (နေပြည်တော်) ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၂၇ နိုဝင်ဘာ 

 

e-Government Conference and ICT Exhibition 2018 (နေပြည်တော်) ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ e-Government ဦးဆောင် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံး များမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ က e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် e-Government ဦးဆောင်ကော်မတီ ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နာယကအဖြစ် ဦးဆောင်ပြီး လုပ်ငန်းတာဝန် ( ၅ )ရပ် ချမှတ်ကာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့ပြင် ဦးဆောင် ကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်  e-Government လုပ်ငန်းကော်မတီ၊ e-ID စနစ်လုပ်ငန်း ကော်မတီနှင့်ဆပ်ကော်မတီ( ၈ ) ခုကို ဖွဲ့စည်း၍ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

e-Government ဆိုသည်မှာ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဆုံးဖြတ်ချက်များ လျင်မြန်လာစေရေး၊ လုပ်ငန်းများပိုမိုထိရောက် တွင်ကျယ်စေရေး၊ ဝန်ဆောင်မှုပေးရာတွင် တိုးတက်ကောင်းမွန်လာစေရေး၊ ပြည်သူများ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးရာတွင် ပွင့်လင်းမြင်သာမှုရှိပြီး လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်စေရေးတို့အတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ(ICT)ကို အသုံးပြုဆောင်ရွက်သည့် အစိုးရဖြစ်ပါကြောင်း။

e-Government ကို အကောင်အထည်ဖော်ရသည့် ရည်ရွယ်ချက်မှာ အစိုးရနှင့် ပြည်သူများအကြား၊ အစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများအကြား၊ အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင် များအကြား၊ အစိုးရဌာနအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန် ကောင်းမွန်လာစေရေး ဖြစ်ပါကြောင်း၊ e-Government သည် ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုကို ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုအဖြစ် ကူးပြောင်းနိုင်ရေးအတွက် စွမ်းဆောင်ပေးနိုင်သကဲ့သို့ နိုင်ငံ၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်ရေးနှင့် ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် အရေးပါသည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ပြင် e-Government သည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် ဖွံ့ဖြိုးမှုညွှန်းကိန်း (Development Indicator) တစ်ခုလည်း ဖြစ်ပါကြောင်း။ 

 

နိုင်ငံများ၏ e-Government ဖွံ့ဖြိုးမှုကို တိုင်းတာရာတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ e-Government ဖွံ့ဖြိုးမှုညွှန်းကိန်း(၃)ခုဖြင့် တိုင်းတာတွက်ချက်သည်ကို တွေ့ရှိရပါကြောင်း၊  အဆိုပါညွှန်းကိန်း(၃)ခုမှာ “ အွန်လိုင်းဝန်ဆောင်မှုများညွှန်းကိန်း၊ တယ်လီကွန်မြူနီကေးရှင်း ညွှန်းကိန်းနှင့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း ” တို့ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ e-Government ညွှန်းကိန်းကိုကြည့်မည်ဆိုလျှင် ၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း(၁၉၃) နိုင်ငံ တွင် အဆင့်(၁၆၉) ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်  အဆင့်(၁၅၇) သို့ တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံအနေဖြင့် အခြားသောဖွံ့ဖြိုးပြီးနိုင်ငံများကို အမီလိုက်နိုင်ရေးနှင့် တိုင်းပြည်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုများရရှိလာစေရေးတို့အတွက် သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးမှုကို တွန်းအားအဖြစ်အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊  နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးပြု၍ကုန်ထုတ် စွမ်းအားများနှင့် လုပ်ငန်း စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာရန် ဆောင်ရွက်နေကြသည်ကိုတွေ့ မြင်ကြရမည် ဖြစ်ပါကြောင်း။ 

 

e-Government ကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများနှင့် ဝန်ကြီးဌာနများအချင်းချင်း ချိတ်ဆက်ထား သည့်ဆက်သွယ်ရေးကွန်ရက်ကိုလည်း တည်ဆောက်ထားပြီးဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလကလည်း National Web Portal ကို စတင်ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။ ဝန်ကြီးဌာနများ၏အချက်အလက်များ လုံခြုံစွာသိမ်းဆည်းထားနိုင်ရန်နှင့် ဝန်ဆောင် မှုများပေးနိုင်ရန် အစိုးရဒေတာစင်တာတစ်ခု တည်ဆောက်သွားနိုင်ရေးကိုလည်း စီမံ ဆောင်ရွက်လျက်ရှိပြီး အထူးပြု နည်းပညာကျွမ်းကျင်မှု သင်တန်းများကိုလည်း ပို့ချ ပေးလျက်ရှိပါကြောင်း၊ e-Government အတွက် လိုအပ်နေသည့် ဥပဒေအချို့ ပြဋ္ဌာန်း ထားပြီးဖြစ်သည့်အပြင် ဆိုင်ဘာ(Cyber)ဥပဒေကိုလည်း ရေးဆွဲပြဌာန်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

e-Government အကောင်အထည်ဖော်ရာတွင် နိုင်ငံအချို့၏ ဆောင်ရွက်မှုများကို နမူနာယူလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ e-Government ထိပ်တန်းနိုင်ငံများကို လေ့လာကြည့်လျှင် တူညီသည့်အချက်များကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ပထမအချက်မှာ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသနှင့် ပြည်နယ်အဆင့်၊ ဒေသအဆင့် အစိုးရအဖွဲ့များက National Web Portal တစ်ခုတည်းကို အသုံးပြု၍ ဝန်ဆောင်မှုများ ပေးသည်ဆိုသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ဒုတိယအချက်မှာ နှစ်စဉ်စစ်တမ်းများ ကောက်ခံ၍ ရရှိလာသည့် အချက်အလက်များအပေါ် မူတည်လုပ်ဆောင်သွားမည့် လုပ်ငန်းစီမံချက် (Action Plan) များရေးဆွဲ၍ ပြည်သူများလိုလားသည့် ပြည်သူ့ဗဟိုပြုဝန်ဆောင်မှုများကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ တတိယအချက်မှာ ဒစ်ဂျစ်တယ် သက်သေခံ (Digital  Identity ) စနစ်များ အသုံးပြု ဆောင်ရွက်ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊  ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် လည်း အခြားနိုင်ငံများ၏ နမူနာကောင်းများကို လေ့လာ၍ မိမိတို့နှင့်ကိုက်ညီသည့် အကောင်းဆုံး နည်းလမ်းများဖြင့် ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။

 

e-Government ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပထမအနေဖြင့်  “ ပွင့်လင်းသည့်အစိုးရ (Open Government) ” ဖြစ်လာစေရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပွင့်လင်းသည့် အစိုးရဆိုသည်မှာ နိုင်ငံသားများ သိခွင့်ရှိသော အချက် အလက်များကို နိုင်ငံသားများသိရှိနိုင်ရန် ဆောင်ရွက်ပေးသည့် အစိုးရ၊ ပြည်သူများ အတွက်ရေးဆွဲသည့် ပေါ်လစီများတွင် ပြည်သူများပါဝင်ခွင့်ရရှိလာရန် အားပေးသည့် အစိုးရဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်သူများအနေဖြင့် အများနှင့်သက်ဆိုင်သည့် အချက်အလက်များကို သိရှိရယူသုံးစွဲနိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးလာ နိုင်ခြင်းနှင့်  စီးပွားရေးလုပ်ငန်းများကို အထောက်အကူဖြစ်ရန် ဖန်တီးဆောင်ရွက် ပေးခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း အလိုလိုရရှိလာမည် ဖြစ်ပါကြောင်း။

 

ဒုတိယမှာ “ စွမ်းရည်ပြည့်ဝသည့်အစိုးရ ( Competent Government ) ” ဖြစ်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့ ဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းရည်များမြှင့်တင်ပေးခြင်းကို ဦးစားပေးလုပ်ငန်း တစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တတိယအချက်မှာ “ သတင်းအချက် အလက်များကို မျှဝေအသုံးပြုကြရန် ” ဖြစ်ပါကြောင်း၊ အစိုးရဌာနအချင်းချင်းအကြား သတင်းအချက်အလက်များကို လိုအပ်သလို ဖြန့်ဝေဖလှယ်ခြင်းဖြင့် လုပ်ငန်းများ ပိုမို လျင်မြန်သွက်လက်လာမည်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထိုသို့မျှဝေ အသုံးပြုကြရာတွင် သတင်းအချက်အလက် လုံခြုံမှုမကျိုးပေါက်စေရေးအတွက် လိုအပ်သည့် မူဝါဒများ ချမှတ်ပြဋ္ဌာန်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

စတုတ္ထအနေဖြင့် “ ဝန်ဆောင်မှုဦးစားပေးသည့်အစိုးရ (Service-Oriented Government) ” ဖြစ်ရန် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများကို ကောင်းမွန် ထိရောက်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် အစိုးရ၏ဝန်ဆောင်မှုများကို ပြည်သူများက ရိုးရှင်းလွယ်ကူစွာဖြင့် ယုံကြည်စိတ်ချစွာရယူအသုံးပြုသွားနိုင်ရေးကို အထူးဦးစားပေး ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများအားလုံးကို တစ်နေရာတည်းတွင် ပြီးစီးအောင် ဆောင်ရွက်ပေးနိုင်သည့် ဝန်ဆောင်မှု (One-Stop Service) များကို အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း။ 

 

ပဉ္စမအချက်မှာ e-Government ကဏ္ဍဖွံ့ဖြိုးတိုးတက်လာရေး အတွက် “ နိုင်ငံ၏ ICT Industry ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ” လိုအပ်ပါကြောင်း၊ သို့မှသာ ဆော့ဝဲလ်များ၊ စက်ပစ္စည်းများနှင့် နည်းပညာများအတွက် ပြည်ပနိုင်ငံများကို မှီခိုရမှု တဖြည်းဖြည်း နည်းပါးလာမည်ဖြစ်ပြီး  ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမို ဖန်တီးပေးလာနိုင်မည် ဖြစ်ပါကြောင်း။ 

 

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာနိုင်ငံ၏ e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းအတွက် များစွာအရေးပါသည့် ညီလာခံနှင့် ပြပွဲတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ ညီလာခံတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် အရေးကြီးသည့် e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာများ ဖလှယ်ပြီး ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အိုင်စီတီပြခန်းများလည်း ပါဝင် ပြသထားသည့်အတွက် e-Government ဆိုင်ရာစနစ်များနှင့် နည်းပညာများကို တစ်နေရာတည်းတွင် လေ့လာနိုင်မည်ဖြစ်သည့်အတွက် များစွာအကျိုးရှိပါကြောင်း၊ ယခုကျင်းပမည့် ညီလာခံသည် လက်ရှိအခြေအနေမှ ရှေ့ခရီးသို့ အရှိန်အဟုန်ဖြင့် ဆက်လက်သွားနိုင်ရေးအတွက် အင်အားများ၊ နည်းလမ်းများနှင့် ဖြေရှင်းချက်များကို ရှာဖွေတွေ့ရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း။ 

 

ယနေ့အခမ်းအနားကို ဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် e-Government ဦးဆောင်ကော်မတီ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကွန်ပျူတာအသင်းတို့ကို အထူးကျေးဇူးတင်ရှိ ပါကြောင်း။

 

e-Government စနစ်များ အောင်မြင်ရေးအတွက် e-Government မျှော်မှန်းချက် (Vision)များကို အားလုံးနားလည်သဘောပေါက်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း၊ ထို့ကြောင့် e-Government စနစ် အောင်မြင်ရေးအတွက် နိုင်ငံအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်၊ မြို့နယ်များနှင့် ကျေးရွာ အဆင့်ဆင့်ရှိ နိုင်ငံ့ဝန်ထမ်းများ၊ ကွန်ပျူတာအသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် နိုင်ငံသားများအားလုံးက  ထက်သန်သည့် စိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် e-Government ဦးဆောင် ကော်မတီ ဒုတိယဥက္ကဋ္ဌ  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က e-Government စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ICT Infrastructure များ တည်ဆောက်ထားရှိမှုအခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦး က ကြိုဆိုနှုတ် ခွန်းဆက်စကားပြောကြားသည်။

 

ထို့နောက် ICT ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ယင်းနောက် e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့်  ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ  ဦးခွန်ဦး၊ Huawei Co.,ltd CEO Mr. Liman Zhang နှင့် Ease Net Co.,ltd CEO ဦးကျော်မိုးနိုင်တို့က e-Government Conference and ICT Exhibition 2018 (နေပြည်တော်) ညီလာခံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။ 

 

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အခမ်းအနားသို့ တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး e-Government Conference and ICT Exhibition 2018 (နေပြည်တော်) ညီလာခံအထိမ်းအမှတ် ပြခန်းများကို လှည့်လည် ကြည့်ရှုကြသည်။

 

ယင်းနောက် မွန်းလွဲပိုင်းတွင် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက် ကျင်းပရာ “ Road to Digital Myanmar ” ခေါင်းစဉ်ဖြင့် အထူး စကားဝိုင်းပြုလုပ်ပြီးနောက် “ Technology Perspectives ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ e-Government Conference and ICT Exhibition 2018 (နေပြည်တော်) ကို နိုဝင်ဘာ ၂၈ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)