ဒုတိယသမ္မတ ဦးမြင့်ဆွေ Crans Montana Forum on Africa and South-South Cooperation အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

Dakhla ၁၇  မတ်

 

မော်ရိုကိုနိုင်ငံ Dakhla မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မတ် ၁၆ ရက် နံနက်ပိုင်းတွင် မော်ရိုကိုနိုင်ငံ Dakhla မြို့ Dakhla’s Congress Center ၌ ကျင်းပသည့် Crans Montana Forum on Africa and South-South Cooperation အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ကာ မိန့်ခွန်းပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် မော်ရိုကိုနိုင်ငံ၏ ဆဌမမြောက်ဘုရင်မိုဟာမက်က Crans Montana Forum on Africa and South-South Cooperation အစည်းအဝေးသို့ပေးပို့သည့် သဝဏ်လွှာကို Dakhla-Oued Eddahab ပြည်နယ်ဥက္ကဋ္ဌ Mr. Yanja El Khattat က ဖတ်ကြားသည်။

 

ထို့နောက် Crans Montana Forum on Africa and South-South Cooperation အစည်းအဝေး ပူးတွဲသဘာပတိဖြစ်သည့် Crans Montana Forum ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ သံအမတ်ကြီး Mr.Jeam-Paul Carteron က နှုတ်ခွန်းဆက် စကားပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် မိမိအနေဖြင့် Dakhla မြို့၌ကျင်းပပြုလုပ် သည့် Crans Montana Forum သို့ ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ခွင့် ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် နွေးထွေးပျူငှာစွာ ကြိုဆိုပြီး ဧည့်ဝတ်ကျေပွန်မှုများအတွက် ဖိုရမ်စီစဉ်သူ များနှင့် မော်ရိုကိုအစိုးရတို့ကို ကျေးဇူးတင်ရှိပါကြောင်း။

 

နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ ယခုနှစ်သည် မြန်မာနိုင်ငံနှင့် မော်ရိုကို နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် (၄၀) ပြည့်မြောက်သည့် နှစ်ပတ်လည်ဖြစ်ပါကြောင်း၊ မော်ရိုကိုနိုင်ငံ အပါအဝင် အခြားမိတ်ဆွေ အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေး၊ ချစ်ကြည်ရ င်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မြဲလိုသည့်အတွက် ဖိုရမ်သို့ ပါဝင် တက်ရောက်ခြင်းဖြစ်ပါကြောင်း၊ ယခုဖိုရမ်အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများက ရင်ဆိုင်နေရသော စိန်ခေါ်မှုများ အပေါ်အမြင်ချင်း ဖလှယ်နိုင်ပြီး အာဖရိကဒေသနှင့် ကမ္ဘာ့နိုင်ငံများအကြား အထူး သဖြင့် အာရှဒေသနှင့် ကုန်သွယ်မှု၊ စီးပွားရေးဆက်ဆံမှုများ ခိုင်မြဲစေရေးအတွက် နည်းလမ်း များကို ရှာဖွေနိုင်မည်ဟု မျှော်လင့်ပါကြောင်း။

 

မိမိတို့အားလုံးတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောမှုတို့ရှိကြသည့် ကောင်းမွန်သော ကမ္ဘာကြီး၌ နေထိုင်သွား လိုသည့် ဘုံရည်မှန်းချက် တစ်ရပ်ရှိကြပါကြောင်း၊ သို့ရာတွင် ကမ္ဘာကြီးသည် လူသားတို့က ဖန်တီးသည့် လက်နက်ကိုင် ပဋိ ပက္ခ၊ ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ် မှု၊ ရွှေ့ပြောင်းအခြေချမှု၊ ရာသီဥတုပြောင်းလဲမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ အကြမ်းဖက်မှုနှင့် အစွန်းရောက်မှု၊ ဆိုက်ဘာလုံခြုံရေးနှင့် နျူကလီးယား စစ်ပွဲခြိမ်းခြောက်မှု စသည့် စိန်ခေါ်မှု များကို ရင်ဆိုင်ရလျက်ရှိကြောင်း၊ ယင်းစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် စုပေါင်းကိုင်တွယ် ဖြေရှင်းရမည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိသော လမ်းကြောင်းသာလျှင် မိမိတို့ မျှော်လင့်ထားသည့် ကမ္ဘာကြီးကို တွေ့မြင်နိုင်ရန် အကောင်းဆုံး နည်းလမ်းပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အာဖရိကနိုင်ငံများအနေဖြင့် ဆင်းရဲနွမ်းပါးမှု အဆုံး သတ်ရေး၊ ကမ္ဘာကြီး ကိုကာကွယ်ရေး၊ သာယာဝပြောမှုရှိရေးကို ဖော်ဆောင်ရန် ရည်ရွယ်ပြီး အတည်ပြုပြဌာန်းခဲ့သည့် (New Partnership for Africa’s Development (NEPAD)) နှင့် အာဖရိက 2063 Agenda တို့ကို ချမှတ်ဆောင်ရွက်မှုအပေါ် ဝမ်းမြောက်ဂုဏ် ယူမိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဖရိကနိုင်ငံများနှင့် ခိုင်မြဲစွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ထပ်လောင်း ပြောကြားလိုကြောင်း။

 

မိမိတို့ဒေသ၌မူ အာဆီယံအဖွဲ့ဝင်၁၀နိုင်ငံသည် စီပွားရေးအသိုက်အဝန်း တစ်ခုကို ၂၀၁၅ ခုနှစ်၌ အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပြီး ASEAN Community Vision 2015ကို ချမှတ်နိုင်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) နှင့် Greater Mekong  Subregion (GMS) စသည့် ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဘက်စုံထောက်ပံ့ပေးမည့် စီးပွားရေး စင်္ကြံများ၌လည်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၂၁ ရာစုတွင် အာရှနှင့်အာဖရိကဒေသတို့သည် ကုန်သွယ် ရေးနှင့် ရင်းနှီးမြှပ့်နှံမှု အခွင့်အလမ်းများ ထွန်းကားရာဒေသကြီးတို့ဖြစ်ပါကြောင်း၊ South- South Cooperationမှ တစ်ဆင့် အပြန်အလှန်အကျိုးဖြစ်ထွန်းရေးအတွက် အလားအလာကောင်းသော ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များရှိပါကြောင်း။

 

မြန်မာနိုင်ငံသည် ၁၉၅၅ခုနှစ်တွင် ကျင်းပခဲ့သည့်ဘန်ဒေါင်း (Bandung) ညီလာခံဟု လူသိများ သည့် သမိုင်းဝင် အာရှ-အာဖရိက ညီလာခံကို စီစဉ်ကျင်းပသည့် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်သကဲ့သို့ လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်ကျော်က အာရှနှင့် အာဖရိကနိုင်ငံများအကြား ချစ်ကြည် ရင်းနှီးမှုနှင့် သွေးစည်းညီညွတ်မှုတို့ကို တည်ဆောက်ရာတွင် ဦးဆောင် နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ထိုအချိန်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်သည် အာရှနှင့်အာဖရိကဒေသရှိ နိုင်ငံအချို့ ကိုလိုနီဘဝမှ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက် ပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် အာဖရိကနိုင်ငံများသည် ကာလကြာ ရှည်စွာခိုင်မြဲသည့် ဆက်ဆံရေးရှိသည့် နိုင်ငံများဖြစ်သည့်အလျှောက် သွေးစည်းညီညွတ်မှု၊ ခင်မင်ရင်းနှီးမှုရှိသည့် ဆက်ဆံရေးပိုမိုကောင်းမွန် လာရေးအတွက်လည်းကောင်း၊ ကုန်သွယ် မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေရန်အတွက် လည်းကောင်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

`မိမိတို့အစိုးရအနေဖြင့် ဆယ်စုနှစ် ခုနှစ်ခုခန့် ကြာမြင့်ခဲ့သည့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ကို အဆုံးသတ်ပြီး ပြည်သူလူထုကို ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောမှုကို အာမခံပေး မည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးစားပေးဆောင်ရွက်နေပါကြောင်း၊ သိသာ ထင်ရှားသည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် တံခါးဖွင့်ထားပါ ကြောင်း။

 

ယနေ့ဖိုရမ်သည် အာဖရိကတိုက်၏ စည်းလုံးညီညွတ်မှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာစေရုံသာမက အာရှနှင့် အာဖရိကအကြား ရင်းနှီးသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ပေးမည်ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ပညာရေးတွင် နှစ်ဖက်သော ပြည်သူလူထုများ အကြား ချိတ်ဆက်ဆောင်ရွက်နိုင်မှုကို မြှင့်တင်သွားရန်အတွက် အတူလက်တွဲ ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်း။

 

ယခုကဲ့သို့ အရေးပါလှသည့် ဖိုရမ်ကို ကျင်းပပေးသည့်အတွက် မော်ရိုကိုနိုင်ငံ၏ ဘုရင်မင်းမြတ် ကို ကျေးဇူးအထူးတင်ရှိ ပါကြောင်း၊လာမည့်ရက်များ အတွင်းမိမိတို့ ဘုံအကျိုးစီးပွားအတွက် ကိစ္စရပ်ပေါင်းများစွာ၌ ပူးပေါင်းဆွေးနွေးခြင်းဖြင့် မိမိတို့ လိုချင်သည့်အနာဂတ်ကို ပုံသွင်းရာ တွင် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ပိုမိုနားလည်နိုင်အောင် ကူညီပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးမျက်နှာစာသစ်တွင် အာဖရိကမိတ်ဆွေများနှင့် ကျန်ကမ္ဘာ့ နိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ရန် လမ်းခင်း သွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် စီးပွားရေးကောင်စီအဖွဲ့ဝင်များ၊ မိတ်ဖက် အဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့်အတူ အလုပ် သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

 

ထို့နောက် ပင်လယ်ရေကြောင်းကုန်သွယ်ရေး၊ ငါးလုပ်ငန်းနှင့် အာဖရိကဒေသ အစာအာဟာရ ဖူလုံရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပွဲများသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် မော်ရိုကိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်တို့  တက်ရောက်ဆွေးနွေးကြသည်။

 

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မတ် ၁၅ရက် ညပိုင်းတွင် Dakhla ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Lamine Benomar က Crans Montana Forum on Africa and South-South Cooperation အစည်းအဝေးသို့ တက်ရောက်လာကြသည့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံ ခေါင်းဆောင်များနှင့် အစိုးရအကြီးအကဲများအား ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်၌ တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

မြန်မာနှင့် မော်ရိုကိုနှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်မှု ထူထောင်ခဲ့သော ပူးတွဲကြောငြာချက် ကို ၁၉၇၈ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး မော်ရိုကို နိုင်ငံသည် မြန်မာ နိုင်ငံ၏ (၆၁)နိုင်ငံမြောက်သံတမန် အဆက်အသွယ် ထူထောင်သော နိုင်ငံဖြစ်သည်။ မော်ရိုကို နိုင်ငံသည် အာဖရိကအနောက်မြောက် အစွန်ဆုံးတွင်တည်ရှိပြီး မြောက်ဘက်တွင် မြေထဲပင်လယ် အနောက်ဖက်တွင် အတ္တလန်တိတ် သမုဒ္ဒရာတို့ ဝန်းရံထားသည့် ကုန်သွယ်ရေး အချက်အချာကျသည့် နေရာ၌ တည်ရှိသောနိုင်ငံငယ် ဖြစ်ကြောင်း သိရသည်။

 

Crans Montana Forumကို Swiss Non- Governmental International Organization တစ်ခုအဖြစ် ၁၉၈၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး Crans Montana Forumကို  ခေါင်းစဉ်များခွဲ၍ ကျင်းပလျက်ရှိရာ Crans Montana Forum on Africa and South-South Cooperationအစည်းအဝေးကို မော်ရိုကိုနိုင်ငံတွင် ၂၀၁၅ခုနှစ်မှ စတင် ကာ နှစ်စဉ်ဆက်တိုက် ကျင်းပခဲ့ရာ ယခု ၂၀၁၈ခုနှစ်သည် စတုတ္ထအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ယခုဖိုရမ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကိုအခြေခံပြီး  စည်းလုံးညီညွတ်မှု တိုးတက်ကောင်းမွန်စေရေး၊ ဒေသတွင်းစီးပွားရေး၊ လူမှုဘဝနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးပွား စေရေးကို ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)