ဒုတိယသမ္မတ ဦးမြင့်ဆွေ ဆဋ္ဌမအကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော် ၅ နိုဝင်ဘာ

 

ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေး ( 6th ASEAN Coordinating Committee on Micro, Small and Medium Enterprises - 6th ACCMSME Meeting) နှင့် ဆက်စပ်အစည်းအဝေးများ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြားသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ချိုနှင့် ဒေါက်တာသန်းမြင့်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးလှကျော်၊ ဒေါက်တာထွန်းနိုင်နှင့် ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ Mr. Lor Sathya ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံ များမှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများ၊ အထူးဖိတ်ကြား ထားသော ဧည့်သည်တော် များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတက ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး (6th ACCMSME) နှင့် ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း။

 

အာဆီယံ အငယ်စားနှင့် အလတ်စား အေဂျင်စီလုပ်ငန်းအဖွဲ့ (ASEAN SME Agency Working Group -SMEWG) ကို ၁၉၉၅ ခုနှစ် ကတည်းက စတင်ခဲ့ရာ အသေးစား စီးပွားရေးလုပ်ငန်း (micro) များ ပါဝင်လာနိုင်ရေးနှင့် အခြား ASEAN Working Group များနှင့် ပိုမိုချိတ်ဆက် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ( ACCMSME ) အဖြစ် အမည်ပြောင်းလဲ တိုးချဲ့ ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါ ကော်မတီအနေဖြင့် အာဆီယံဒေသ တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (Micro, Small and Medium Enterprises – MSME) ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “အာဆီယံ ၂၀၁၆ -၂၀၂၅ မဟာဗျူဟာမြောက် လက်တွေ့ကျသည့် လုပ်ငန်းစဉ်” ကို ရေးဆွဲနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

 

ယနေ့ကျင်းပသည့် အစည်းအဝေးသည် အာဆီယံဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေး ပါသည့် အစည်းအဝေးဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ချမှတ်ခဲ့သည့် မဟာဗျူဟာမြောက် လုပ်ငန်းစဉ် (၅) ရပ်မှာ ထုတ်လုပ်နိုင်မှုစွမ်းရည်၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုတို့ကို မြှင့်တင်ရန်၊ ငွေကြေး အရင်းအနှီး ရရှိစေရေး ပံ့ပိုးကူညီရန်၊ ဈေးကွက်ချဲ့ထွင်ရန်နှင့် နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်ရန်၊ လိုအပ်သည့် မူဝါဒ၊ ဥပဒေမူဘောင်များ၊ ထိန်းကျောင်းသွားရန်နှင့် စွန့်ဦးတီထွင်မှုနှင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရန်တို့ ဖြစ်ပါကြောင်း။

 

အဆိုပါ လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ရည်မှန်းထားသည့်ရလဒ်များ ရရှိရေး အကောင်အထည်ဖော်ရာတွင် တိုင်းတာရမည့် အဓိကသော့ချက်မှတ်တိုင် (Key Performance Indicators) များရှိပါကြောင်း၊ အဆိုပါသော့ချက် မှတ်တိုင်များကို အသုံးပြု၍ အဓိကရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် စီးပွားရေးဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသ သည် ကမ္ဘာပေါ်တွင် နယ်မြေကျယ်ပြန့်ကြီးမားသည့် အသိုက်အဝန်း တစ်ခုဖြစ်ပါကြောင်း၊ တစ်ခုတည်းသော အာဆီယံဒေသ အတွင်းတွင် လုံခြုံရေးနှင့် တည်ငြိမ်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု၊ ဘက်ပေါင်းစုံ တိုးတက်မှုများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြင့်မားဆုံး အာဆီယံအသိုက်အဝန်း ဖြစ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

 

အာဆီယံ MSME များတွင် ဦးစားပေးကဏ္ဍ (၁၂) ခုရှိပါကြောင်း၊ အဆိုပါကဏ္ဍများမှ (၇) ခုသည် ကုန်ပစ္စည်းထုတ်လုပ်သည့် ကဏ္ဍများဖြစ်ပြီး ကျန် (၅) ခုမှာ ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပါကြောင်း၊ MSME များတွင် ခရီးသွားကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ၊ စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်သည့်ကဏ္ဍ၊ သစ်ထုတ်ကုန်များကဏ္ဍနှင့် ငါးမွေးမြူရေး ဆိုင်ရာ ကဏ္ဍများ အများဆုံးပါဝင်နေသည်ကို တွေ့ရပါကြောင်း။

 

ခရီးသွားကဏ္ဍ၊ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍများရှိ MSME များအကြား အနာဂတ်ဈေးကွက် ချဲ့ထွင်ရန်နှင့် Supply Linkage များအပါအဝင် အခြားအခွင့်အရေးများဖြစ်သည့် သတင်းအချက်အလက်ရင်းမြစ်များရရှိရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အာဆီယံဒေသတွင်း MSME ကဏ္ဍများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်များ၊ နည်းပညာပိုင်းဆိုင်ရာနှင့် ဈေးကွက် အခြေအနေများအရ အခြားစိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ သည့်အပြင် သတင်းအချက်အလက် မလုံလောက်မှု၊ အသိအမှတ်ပြု အဆင့်အတန်းအရ လုံလောက်သည့် စွမ်းရည်မရှိမှု၊ စီးပွားရေးနှင့် မူဝါဒဆိုင်ရာများတွင် ပိုမိုပါဝင်မှု စသည့် အခက်အခဲပြဿနာ များနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း။

 

အဆိုပါ “အခက်အခဲ၊ ပြဿနာများကို ကျော်လွှားနိုင်ရေးအတွက် အာဆီယံ ဒေသတွင်းပေါင်းစည်းအားနှင့်အတူ နိုင်ငံတကာနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီပံ့ပိုးမှုကို ရယူပြီး ဆောင်ရွက်သွားကြရမည်” ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း နိုင်ငံများ၏ MSME များ ချောမွေ့စွာ ချိတ်ဆက်ပေးနိုင်ရေးအတွက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အနေဖြင့် အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများသည် တစ်နိုင်ငံချင်းအလိုက် ရေမြေအနေအထား၊ မြေမျက်နှာသွင်ပြင်နှင့် သဘာဝသယံဇာတ ပိုင်ဆိုင်မှုများ ကွာခြားပါကြောင်း၊ အဆိုပါပိုင်ဆိုင်မှု ကွာခြားမှုများကို အားသာချက် အဖြစ်အသုံးချပြီး ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်နိုင်ရန် တိုးတက်သည့် တီထွင်ဆန်းသစ်မှုများကို ဖန်တီးကြရမည် ဖြစ်ပါကြောင်း။

 

အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) ၏ လုပ်ငန်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် MSME ကဏ္ဍများနှင့် ပတ်သက်၍ အာဆီယံ MSME ကဏ္ဍများ၏ ပုံမှန်အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်းမှ ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို လေ့လာပြီး နိုင်ငံတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ MSME များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုပံ့ပိုးပေးနိုင်ရေး၊ နည်းပညာရရှိနိုင်ရေး၊ ဈေးကွက်ရှာဖွေနိုင်ရေး၊ MSME လုပ်ငန်းများကို ထိရောက်သည့် ဥပဒေမူဘောင်များဖြင့် အကာအကွယ်ပေးနိုင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအပိုင်းများတွင် ထိထိရောက်ရောက် ပံ့ပိုးပေးလျက်ရှိသည့်အပြင် နှစ်တိုနှစ်လတ် “Quick Win” ကဏ္ဍများကို ဆောင်ရွက်နေရုံသာမက ရေရှည်ဆောင်ရွက်ရမည့် ကဏ္ဍများကို Twin-Track လမ်းစဉ်ဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ယနေ့ကာလသည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ရောက်ရှိပြီဖြစ်၍ ၂၀၁၆ - ၂၀၂၀ Phase I ၏ ခရီးတစ်ဝက်ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ပြီးသမျှ လုပ်ငန်းများအားလုံးကို အစည်းအဝေးတွင် ပြန်လည်သုံးသပ်ပြီး ရှေ့ (၂) နှစ်တာ ကာလအတွက် တိကျသည့်လုပ်ငန်း အစီအစဉ်များ လျာထားရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (ACCMSME) ၏ ဆောင်ရွက်ချက်များအနက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဝန်ဆောင်မှု ဗဟိုဌာန (SME Service Centre) ၊ အခွန်အခနှင့် ငွေကြေးဆိုင်ရာ မက်လုံးပေးမှု အစီအစဉ်များ (Tax and Financial Incentive Scheme) ၊ ဒီဂျစ်တယ်စီးပွားရေး (Digital Economy)၊ အသေးစားလုပ်ငန်းများ ရေရှည်ရှင်သန် ရပ်တည်နိုင်ရေး (Sustainability of Micro Enterprises) များကို ဦးဆောင်ပြုလုပ်သောနိုင်ငံများ (Champion Countries) ဖြင့် ဦးဆောင် စတင်ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူဝမ်းမြောက် ပါကြောင်း ပြောကြားလိုပါကြောင်း။

 

ယခုကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအစည်းအဝေး (6th ACCMSME) နှင့် ဆက်စပ်အစည်းအဝေးများသည် မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသတွင်း MSME များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်နိုင်ရန် အထောက်အပံ့ ပြုပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် အာဆီယံဒေသ တွင်း နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ ရုရှားနှင့် OECD ၊ USAID ၊ GIZ အစရှိသော မိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသည့် ကိုယ်စားလှယ် များအား ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ အလှည့်ကျဥက္ကဋ္ဌ Mr. Lor Sathya က အမှာစကား ပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဦးဆောင်၍ ဆဋ္ဌမ အကြိမ် မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ အစည်းအဝေးကို ဆက်လက်ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်များ အချင်းချင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ဂျာမနီနိုင်ငံ GIZ နှင့် MSME လုပ်ငန်းများ တိုးမြှင့်ရေး စီမံကိန်းနှင့် ပတ်သက်၍လည်းကောင်း၊ အာဆီယံနှင့် အရှေ့အာ ရှနိုင်ငံများဆိုင်ရာ စီးပွားရေး သုတေသန အဖွဲ့အစည်း (ERIA) ၊ မြန်မာနိုင်ငံ သုတေသန အဖွဲ့အစည်း (MRI) တို့နှင့် ဒစ်ဂျစ်တယ် စီးပွားရေးစီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ အာဆီယံ စီးပွားရေး အကြံပေးကောင်စီ (ASEAN BAC) နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် အာဆီယံလမ်းညွှန်မှု အစီအစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ အမေရိကန် - အာဆီယံ စီးပွားရေး အကြံပေးကောင်စီ (ASEAN BAC) နှင့် Online Academy တို့နှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်ရေးကော်မတီ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၅ ရက်မှ ၉ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

 

(သတင်းစဉ်)