ဒုတိယသမ္မတ ဦးမြင့်ဆွေ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဒေါက်တာဖေမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာထွန်းနိုင်၊ ဦးဝင်းမော်ထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ၂၀၁၉ ခုနှစ်၊ (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတက (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးအခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅)ရပ်နှင့်အညီ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ အဖွဲ့ဝင်( ၃၇ ) ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း။

 

ဗဟိုကော်မတီ၏အောက်တွင် လုပ်ငန်းကဏ္ဍအလိုက် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ဆပ်ကော်မတီ(၁၀)ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ဗဟိုကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာ (၁၅)ရက် တွင် ကျင်းပခဲ့ရာ အစည်းအဝေး ဆုံးဖြတ်ချက် (၂၂)ချက် ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ (၉)ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်(၂၃)ချက် ချမှတ်ခဲ့ကာ အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်အားလုံးကို သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆပ်ကော်မတီများ အနေဖြင့် ယခင်နှစ်က ကျင်းပခဲ့သည့် လွတ်လပ်ရေး နေ့အခမ်းအနားတွင် တွေ့ကြုံခဲ့သည့် အားနည်းချက်၊ အားသာချက်များအပေါ် သုံးသပ်ပြီး အကောင်းဆုံးလုပ်ဆောင်သွားမည်ဟု ယုံကြည်ပါကြောင်း။

 

လွတ်လပ်ရေးနေ့ အခမ်းအနားအစီအစဉ်ကို အပိုင်း(၂)ပိုင်းဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နံနက်ပိုင်းတွင် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြအခမ်းအနားနှင့် နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ်ကြားသည့် အခမ်းအနား၊ ညနေပိုင်းတွင် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနားတို့ ဖြစ်ပါကြောင်း၊ အဆိုပါ အခမ်းအနားများကို အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ဆပ်ကော်မတီ (၁၀)ခုအနေဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များ အောင်မြင်စေရေး စနစ်တကျစီမံ ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်မရှိအောင် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားကျင်းပမည့်ရက် နီးကပ်လာသည်နှင့်အမျှ ဆပ်ကော်မတီ အလိုက် တာဝန်ယူဆောင် ရွက်ရသည့်လုပ်ငန်းများ ပြီးပြည့်စုံနေမည်ဟု ယုံကြည်ပါကြောင်း၊ ယခုအခမ်းအနားသည် နိုင်ငံတော်အခမ်းအနားဖြစ်သည့်အတွက် အဘက်ဘက်မှ လစ်ဟာမှုများ မရှိအောင် ဝိုင်းဝန်း ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ရာသီဥတုအခြေအနေအပေါ်တွက်ဆကာ ကြိုတင်ပြင်ဆင်မှုများ စီမံဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ဆပ်ကော်မတီများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ အခြားလိုအပ်ချက်များနှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးသွားရန် တိုက်တွန်းပါ ကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲစစ်ရေးပြ ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များအား နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က လည်းကောင်း၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်တို့က လည်းကောင်း၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်တို့ကလည်းကောင်း၊  မီးရှူးမီးပန်းများ ပစ်ဖောက်ရေး ဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များအား စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး  ဗိုလ်မှူးချုပ် သန်းကျော်စိုးက လည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များအား ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူကလည်းကောင်း၊ ပြန်ကြားရေး ဆပ်ကော်မတီ ဆိုင်ရာကိစ္စရပ်များအား ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံတို့ကလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ လွတ်လပ်ရေး နေ့သဝဏ်လွှာ ပြုစုရေးဆပ်ကော်မတီဆိုင်ရာကိစ္စရပ် များအား ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကလည်းကောင်း၊ ကျန်းမာရေး ဆပ်ကော်မတီဆိုင်ရာကိစ္စရပ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာဒေါ်သီတာလှ က လည်းကောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရေးဆပ် ကော်မတီဆိုင်ရာကိစ္စရပ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်ကလည်းကောင်း၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီဆိုင်ရာ ကိစ္စရပ်များအား ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဦးက လည်းကောင်း၊ အခမ်းအနားများအတွက် မော်တော်ယာဉ် ဝင်/ထွက် လမ်းကြောင်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်း တပ်ဖွဲ့မှူး ရဲမှူးကြီး အောင်ကိုဦးက လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို အကြံပြုဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတက ဆပ်ကော်မတီများအလိုက် ဆွေးနွေးတင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။