ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၄)ကြိမ်မြောက် ကမ္ဘာ့ တရုတ်ကုန်သည်ကြီးများ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

ရန်ကုန် ၁၆ စက်တင်ဘာ

 

(၁၄) ကြိမ်မြောက် ကမ္ဘာ့ တရုတ်ကုန်သည်ကြီးများ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ Mynamnar Convention Centre (MCC)၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

 

ညီလာခံဖွင့်ပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Qin Min ၊ ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Mrs.Carrie Lam၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ဦးကျော်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေနှင့် အဖွဲ့ဝင်များ၊ ကမ္ဘာအရပ်ရပ်မှ တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနှင့်  ဌာနဆိုင်ရာမှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သီချင်းကို ဂုဏ်ပြုတီးမှုတ်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေက မင်္ဂလာ ရွှေမောင်းကို (၃)ချက်တီးခတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

 

ယင်းနောက် ဒုတိယ သမ္မတဦးမြင့်ဆွေ ၊ တရုတ်နိုင်ငံ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Qin Min ၊ တရုတ်နိုင်ငံ ပင်လယ်ရပ်ခြား ပြည်ပရေးရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr.Xu You Sheng၊ ဟောင်ကောင် အထူးကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Mrs.Carrie Lam၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံတရုတ် ကုန်သည်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ညီလာခံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။

 

ထို့နောက် ဒုတိယသမ္မတက မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ (၁၄) ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်ကြီးများ ညီလာခံ (14th World Overseas Chinese Entrepreneurs Convention - WCEC ) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရရှိပြီး ကမ္ဘာအရပ်ရပ်မှ အောင်မြင် ကျော်ကြားသော တရုတ် လုပ်ငန်းရှင်ကြီးများကို တစ်နေရာ တည်းမှာ ယခုကဲ့သို့ တွေ့ဆုံခွင့် ရရှိသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း၊

 

ယခုကျင်းပသည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်ကြီးများ ညီလာခံ၏ ရည်ရွယ်ချက်မှာ - ကမ္ဘာ့ဒေသ အသီးသီးမှ အောင်မြင် ကျော်ကြားသည့် တရုတ် ကုန်သည် လုပ်ငန်းရှင်များနှင့် မိမိတို့ နိုင်ငံတွင်းမှ ကုန်သည် လုပ်ငန်းရှင်များ ပေါင်းကူး ချိတ်ဆက် အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ဖော်ဆောင် ပေးရေး၊ မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး တံခါးဖွင့် စီးပွားရေးမဟာဗျူဟာ လက်တွေ့ အကောင်အထည်ဖော်မှုကို နိုင်ငံခြား ကုန်သည် လုပ်ငန်းရှင်ကြီးများ မျက်ဝါးထင်ထင် လေ့လာ တွေ့ရှိခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ စီးဝင်စေပြီး နိုင်ငံတော်၏ လူမှု စီးပွားကဏ္ဍအသီးသီး ဖွံ့ဖြိုး တိုးတက်မှုကို တွန်းအား ဖြစ်စေရေးနှင့် မြန်မာနိုင်ငံ၏ ဂုဏ်ရောင် ကမ္ဘာ့အလယ်တွင် တင့်တင့် တယ်တယ် အောင်မြင်စွာ ရပ်တည်နိုင်ရေးတို့ ဖြစ်ပါကြောင်း၊

 

ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို တည်ထောင်ရာတွင် ကမ္ဘာ့နိုင်ငံ အသီးသီး၌ အခြေချ နေထိုင်လျက် ရှိသည့် တရုတ်လူမျိုး လုပ်ငန်းရှင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပြန်လည် ရင်းနှီးမြှုပ်နှံခြင်း၊ နိုင်ငံခြား ကုမ္ပဏီများကို ဆက်သွယ် ခေါ်ယူလာခြင်းတို့ဖြင့် နိုင်ငံ တိုးတက်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြ သည်ဟု သိရှိခဲ့ရပါကြောင်း၊

 

မြန်မာနိုင်ငံရှိ တရုတ် ကုန်သည်ကြီးများ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ကမ္ဘာ့နိုင်ငံများနှင့် ချိတ်ဆက်၍ တစ်တပ်တစ်အား ပါဝင် ဆောင်ရွက်နေကြသည်ကို တွေ့ရ၍ ဝမ်းမြောက်မိပါကြောင်း၊

 

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးသည် (၆၇) နှစ်တိုင် ရောက်ရှိခဲ့ပြီး ကာလကြာရှည် တည်ဆောက်ခဲ့သည့် ဆွေမျိုး ပေါက်ဖော် ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစွာ ထိန်းသိမ်း ထားနိုင်ခဲ့ရုံ သာမက မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊

 

ယခုညီလာခံကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခြင်းသည် ကမ္ဘာအရပ်ရပ်ရှိ တရုတ် ကုန်သည်ကြီးများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ၏ လူမှု- စီးပွားရေးကဏ္ဍ နယ်ပယ် အသီးသီး၏ ဖွံ့ဖြိုး တိုးတက်မှုများကို တွန်းအား ဖြစ်စေမည့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာစေနိုင်ရေး အတွက် များစွာအထောက်အကူပြု စေပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန် အခွင့်အလမ်းသစ် များစွာကိုလည်း ဖော်ဆောင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ယခုညီလာခံ၏ အဓိက ဆောင်ပုဒ် ဖြစ်သည့် " မြန်မာနိုင်ငံ အနာဂတ် လှပဖို့ အားလုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက်စို့ " ဆိုသည့် ဆောင်ပုဒ်သည် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီလှပါကြောင်း၊

 

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို အရှိန်အဟုန်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ၂ဝ၁၆ ခုနစ် ဇူလိုင်လတွင် စီးပွားရေးမူဝါဒ (၁၂) ရပ်ကို ထုတ်ပြန် ကြေညာခဲ့ပါကြောင်း။

 

ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသူများ ပိုမို အဆင်ပြေ ချောမွေ့စေရန်  ၂ဝ၁၆ ခုနစ် အောက်တိုဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေတစ်ရပ်ကိုလည်း အတည်ပြု ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေသစ်အရ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ယခင်ကကဲ့သို့ နိုင်ငံခြားသား၊ နိုင်ငံသား ခွဲခြားမှုမရှိဘဲ အခွင့်အရေး တန်းတူညီမျှစွာ ခံစားခွင့် ရရှိမည် ဖြစ်ပါကြောင်း၊ အလုပ်သမားရေးရာ လုပ်ထုံး လုပ်နည်းများ၊ အခွန်စနစ်နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေး ကဏ္ဍများတွင်လည်း အများယုံကြည် ကိုးစားမှုရှိရေး၊ ပွင့်လင်း မြင်သာမှု ရှိရေးတို့ အတွက် အစိုးရ အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

 

တရုတ်နိုင်ငံက ဦးဆောင် ဆောင်ရွက်နေသည့် " ရပ်ဝန်းနှင့် လမ်းကြောင်း စတင်မှု စီမံကိန်း ( Belt and Road Initiative ) "  ၏ ဆောင်ပုဒ်ဖြစ်သည့် "ပြောင်းလဲဖို့ရာ ပေါင်းစည်းပါ ၊ ကမ္ဘာနီးဝေး ထိတွေ့ပေး" ဆိုသည့်အတိုင်း မြန်မာနိုင်ငံ အနေဖြင့်လည်း အဆိုပါ အစီအစဉ်တွင် ပါဝင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ မဟာဗျူဟာ ကျစွာ တည်ရှိနေမှုသည်လည်း အဆိုပါ အစီအစဉ် အတွက် အောင်မြင်မှုကို ဖြစ်စေပါကြောင်း၊ မြန်မာ- တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုသည် နှစ်စဉ် တိုးတက်လျက် ရှိပြီး ယခုထက် ပိုမို တိုးတက်ရန်လည်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊

 

မြန်မာနိုင်ငံတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် သီလဝါအထူး စီးပွားရေးဇုန်၊ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုန်များတွင် ဝင်ရောက် ရင်းနှီး မြှုပ်နှံကြရန် ဖိတ်ခေါ်လိုပါကြောင်း။

 

ထို့ပြင် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ၊ ဆောက်လုပ်ရေး ကဏ္ဍ၊ စိုက်ပျိုး မွေးမြူရေး ကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ ၊ ခရီးသွားလုပ်ငန်း ကဏ္ဍ၊ ကူးသန်း ရောင်းဝယ်ရေးနှင့် အခြား လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်နိုင်မည့် အခွင့်အလမ်းများ ရှိသည့်အတွက် ဝင်ရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်လိုပါကြောင်း၊

 

ယခု ညီလာခံသို့ တက်ရောက်လာသည့် ကမ္ဘာအရပ်ရပ်မှ တရုတ် ကုန်သည်ကြီးများနှင့် မြန်မာနိုင်ငံအတွင်းမှ ကုန်သည်များ၊ လုပ်ငန်းရှင်များ ပေါင်းကူး ချိတ်ဆက်ပြီး အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်း များစွာကို ဖန်တီး ပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း။

 

ထို့အပြင် မြန်မာနှင့် တရုတ်ပြည်သူများ အချင်းချင်း အပြန်အလှန် နားလည် လေးစားမှု ချစ်ကြည် ရင်းနှီးမှုတို့ကို တစ်ဆင့်ပြီး တစ်ဆင့် တည်ဆောက်ပြီး ရေရှည် တည်တံ့သည့် စီးပွားရေးနှင့် လူမှုအသိုက်အဝန်း တစ်ရပ် ထူထောင်နိုင်မည်ဟု ယုံကြည် ပါကြောင်း၊ တက်ရောက် လာသူများ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိသည့် ရင်းနှီး မြှုပ်နှံမှုများ တိုးမြှင့် ဝင်ရောက်လာစေရန် အတူလက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်း အကောင် အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီ ဥက္ကဋ္ဌ၏ သဝဏ်လွှာကို တရုတ်နိုင်ငံ ပင်လယ်ရပ်ခြား ပြည်ပရေး ရာအဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr.Xu You Sheng က ဖတ်ကြားသည်။

 

ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Wang Qin Min က နှုတ်ခွန်းဆက် စကား ပြောကြားသည်။

 

ဆက်လက်၍ ဟောင်ကောင် တရုတ်ကုန်သည်များအသင်း ဥက္ကဋ္ဌ Mr.Cai Guan Sheng ၊ ဟောင်ကောင် အထူးကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး Mrs.Carrie Lam ၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးမြင့်ရွှေ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ထိုင်းနိုင်ငံ တရုတ် ကုန်သည်များအသင်း ဥက္ကဋ္ဌ Mr. Chen Zhen Zhi ၊ ထိုင်းနိုင်ငံ CP Group ကုမ္ပဏီဥက္ကဋ္ဌ Mr. Xie Guo Ming တို့က အမှာအစကား ပြောကြားကြသည်။

 

ထို့နောက် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ အတွက် အလှူငွေ ကျပ်သိန်း ၅ဝဝကို မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ က ပေးအပ် လှူဒါန်းရာ ဒုတိယသမ္မတ ကလက်ခံရယူပြီး ကျေးဇူးတင် စကား ပြောကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် တက်ရောက် လာကြသည့် ဧည့်သည်တော် များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)