ဒုတိယသမ္မတ ဦးမြင့်ဆွေ (၁၀)ကြိမ်မြောက် အရှေ့တောင်အာရှ နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေး ဦးစီးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇူလိုင် ၂၃

(၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေး ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေးဦးစီးကော်မတီ၏ ပထမ အကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ (၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများ နှင့်မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ က  ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံတွင် အိမ်ရှင်နိုင်ငံအဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပမည့် (၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပရေးဦးစီးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးဖြစ်ပါကြောင်း။

ပထမအကြိမ် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးကို ၂၀ဝ၆ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ စတင်ကျင်းပခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့၌ နှစ်ကြိမ်စီနှင့် ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘရူနိုင်းနိုငံ၊ လာအိုနိုင်ငံတို့တွင် တစ်ကြိမ်စီ စုစုပေါင်း (၉)ကြိမ်အထိ ကျင်းပခဲ့ပါကြောင်း။

၂၀ဝ၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် “အာဆီယံဒေသတွင်းနိုင်ငံများ၏ ပညာရေးပူးပေါင်းဖလှယ်ရေး အစီအစဉ်များဖြင့် ပိုမိုကောင်းမွန်သောလူနေမှုစနစ်ကို မြှင့်တင်နိုင်ရန် ” ရည်ရွယ်၍ အာဆီယံပညာရေး ဝန်ကြီးများ၏ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများမှ သဘာပတိအဖြစ် အလှည့်ကျတာဝန်ယူ၍ (၂)နှစ်တစ်ကြိမ်ကျင်းပရန်နှင့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို နှစ်စဉ် ကျင်းပပြုလုပ်ရန် သဘောတူညီခဲ့ကြပါကြောင်း။

မြန်မာနိုင်ငံတွင် ပထမအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် (၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပရေးဦးစီးကော်မတီကို နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၀)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၆/၂၀၁၈)ဖြင့် ဒုတိယသမ္မတ ဦးဆောင်၍ (၁၆)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန် (၅)ရပ်ကို ချမှတ်ပေးခဲ့ပါကြောင်း။ 

အဆိုပါလုပ်ငန်းတာဝန်များမှာ (၁၀)ကြိမ်မြောက်အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် လိုအပ်သောလမ်းညွှန်မှုများပေးရန်၊ အစည်းအဝေးများ အဆင်ပြေချောမွေ့စေရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ လုပ်ငန်းအလိုက် လိုအပ်သောငွေကြေးရန်ပုံငွေကိုသုံးစွဲရန်အတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ညှိနှိုင်းသတ်မှတ်ရန်၊ လိုအပ်သောလုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်း၍ အသေးစိတ်လုပ်ငန်းများဆောင်ရွက်မှုကို လမ်းညွှန်ရန်နှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်၍ ဆပ်ကော်မတီအသီးသီး၏ လုပ်ဆောင်ချက်များကို ကြီးကြပ်လမ်းညွှန်ရန်နှင့် ဆပ်ကော်မတီအသီးသီးနှင့် ပုံမှန်တွေ့ဆုံ၍ လိုအပ်ချက်များနှင့် ဆောင်ရွက်ချက်များကို အချိန် နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးရန်တို့ဖြစ်ပါကြောင်း။

ဦးစီးကော်မတီ၏လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုရန်အတွက် အတွင်းရေးမှူးရုံးအဖွဲ့နှင့် လုပ်ငန်းဆပ်ကော်မတီ (၁၁)ခုကိုလည်း ဖွဲ့စည်းရန်လျာထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းဆပ်ကော်မတီများမှာ အခမ်းအနားများပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့်သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းဆပ်ကော်မတီ၊ မှတ်တမ်းပြုစုရေး လုပ်ငန်းဆပ်ကော်မတီ၊ လုံခြုံရေးနှင့် စိစစ်ရေးလုပ်ငန်းဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းဆပ်ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆပ်ကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းဆပ်ကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးလုပ်ငန်းဆပ်ကော်မတီနှင့် ပံ့ပိုးမှုရုံးအဖွဲ့လုပ်ငန်း ဆပ်ကော်မတီတို့ဖြစ်ပါကြောင်း၊ (၁၀) ကြိမ်မြောက် အရှေ့ တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း။

အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ “ပညာရေးဝန်ကြီးများ အစည်းအဝေး”နှင့် “အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး”အသီးသီးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရေး ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိကြီးများ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်ကြသည့် ကိုရီးယားသမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ရုရှားသမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယသမ္မတနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံအဖွဲ့အစည်း၏ အတွင်းရေးမှူးချုပ်ရုံး (၃)ရုံးမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်မည်ဟု သိရှိရပါကြောင်း။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံအဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးနှင့်လည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပါကြောင်း။

ဒေသတွင်းပညာရည်မြင့်မားရေးနှင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အာဆီယံနိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်နေသည့်အချိန်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် အိမ်ရှင်နိုင်ငံအဖြစ် အစည်းအဝေး များကို တာဝန်ယူကျင်းပခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများအနေဖြင့် အခြားနိုင်ငံများတွင် ကျင်းပခဲ့သည့်အစည်းအဝေးများထက် အဆင့်မနိမ့်စေရေး၊ လစ်ဟာမှုမရှိစေရေးနှင့် အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရေးတို့အတွက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်နှင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ လစ်ဟာမှုနှင့် ချို့ယွင်းမှု မရှိအောင် အသေးစိတ် စီမံဆောင်ရွက်သွားကြစေလိုပါကြောင်း။

ထို့ကြောင့် ဒေသတွင်းနှင့်နိုင်ငံတွင်းရှိ ပြည်သူများ၏ ပညာရည်မြင့်မားရေး၊ ပညာရေးနှင့် ဆက်နွယ်နေသော လူမှုစီးပွားရေးဖွံဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို များစွာအကျိုး ရှိစေသည့် ဆွေးနွေးမှုများနှင့် ညှိနှိုင်းမှုများ ရရှိလာနိုင်မည်ဖြစ်သည့်အတွက် အစည်းအဝေးများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနိုင်မည့်အခက်အခဲများ၊ လိုအပ်သည့် အကြံပြုချက်များကိုလည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်ကြပါရန်နှင့် ဘက်ပေါင်း စုံမှ ဝိုင်းဝန်းကြိုးပမ်းပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက (၁၀)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ  ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးစီးကော်မတီအတွင်းရေးမှူး အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက အစည်းအဝေးများကျင်းပရေး ဦးစီးကော်မတီ အတွင်းရေးမှူးရုံး အဖွဲ့၏ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။

ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ အမြဲတမ်း အတွင်းဝန်များဖြစ်ကြသည့် ဦးတင်မြင့်၊ ဦးအေးလွင်၊ ဦးထွန်းထွန်းနိုင်နှင့် ဦးဝင်းခန့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ဆပ်ကော်မတီ များအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ 

(သတင်းစဉ်)