ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ နည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်

နေပြည်တော် ၇ စက်တင်ဘာ 

 

အနာဂတ်တွင် မြန်မာနိုင်ငံ၏ စက်မှုနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် စက်မှုဝန်ကြီးဌာနက ကြီးမှူးပြီး  Myanmar Engineering Society (MES)မှ ပံ့ပိုးကူညီ၍  Myanmar Promotional Services (MPS) ကုမ္ပဏီလီမိတက်က စီစဉ်ကျင်းပသည့် ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ နည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

 

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ Myanmar Promotional Services (MPS) Managing Director နှင့် တာဝန်ရှိသူများ၊ စက်မှုနှင့်နည်းပညာ ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးခင်မောင်ချို၊ အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟနှင့် Myanmar Promotional Services (MPS) Managing Director  ဦးဇာနည်မောင်မောင်တို့က ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ နည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ 

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် ဧည့်သည်တော်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ အတွင်း၌ စက်မှုနှင့် နည်းပညာ ကုမ္ပဏီများမှ ခင်းကျင်းပြသထားသည့် စက်မှုနည်းပညာများ၊ ဆောက်လုပ်ရေး နည်းပညာများ၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာများ၊ လုံခြုံရေး နည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေး နည်းပညာများ၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာများနှင့် စက်မှုဝန်ကြီးဌာနမှ တီထွင်ထုတ်လုပ်ထားသော ရွှေပြားကြိတ်စက်၊ လူနာတင်ယာဉ်၊ Mobile Vocational Training Truck ၊ Mobile Mart များနှင့် စက်မှုနည်းပညာ တီထွင်ဖန်တီးမှု စွမ်းရည် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုကြရာ Myanmar Promotional Services (MPS) Managing Director  ဦးဇာနည်မောင်မောင်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသကြသည်။ 

 

မြန်မာနိုင်ငံတွင် နိုင်ငံတကာ နည်းပညာပြပွဲကို ကျင်းပခဲ့သည်မှာ နေပြည်တော်တွင် နှစ်ကြိမ်၊ ရန်ကုန်တွင် နှစ်ကြိမ် ကျင်းပနိုင်ခဲ့ပြီး ယခုပြပွဲသည် နေပြည်တော်၌ ငါးကြိမ်မြောက် ကျင်းပသည့် ပြပွဲဖြစ်ကာ ပြခန်းပေါင်း ၇၀ ကျော် ခင်းကျင်းပြသထားရှိကြောင်းနှင့် ပြပွဲကို စက်တင်ဘာ (၉) ရက်အထိ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြပွဲတွင် နိုင်ငံတကာမှ နည်းပညာနှင့် စက်မှုကုမ္ပဏီကြီးများမှ ထုတ်ကုန်များနှင့်အတူ စက်မှုဝန်ကြီးဌာန လက်အောက်မှ ဌာနများဖြစ်သော DIC,DISI ၊ အကြီးစားစက်မှုလုပ်ငန်း ၁၊ ၂၊ ၃ နှင့် မြန်မာ့ဆေးဝါး လုပ်ငန်းများမှ ထုတ်ကုန်များ၊ ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကမှ နည်းပညာနှင့် ထုတ်ကုန် ပစ္စည်းများကို ပြည်သူများ ပိုမိုသိရှိ နားလည်စေရန်နှင့် လေ့လာဝယ်ယူနိုင်ရန် ခင်းကျင်းပြသထားသည်။

 

ပြပွဲတွင် အနာဂတ် လူငယ်များ၏ နည်းပညာ ဖန်တီးနိုင်မှု စွမ်းအား ဖော်ထုတ် မြေတောင်မြှောက်ပေးနိုင်ရန်  ရည်ရွယ်၍ “ကနောင်ဆု” စက်မှုနည်းပညာ တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကို ပြပွဲကာလအတွင်း ထည့်သွင်းကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပြိုင်ပွဲကို အလွတ်တန်းအဆင့် (Open Level)၊ နည်းပညာတက္ကသိုလ်အဆင့် (TU Level)၊ နည်းပညာကောလိပ်အဆင့် (GTC Level)၊ နည်းပညာအထက်တန်း ကျောင်းစက်မှု သင်တန်းကျောင်းအဆင့် (THS, ITC Level) ဟူ၍ ကဏ္ဍလေးခုဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့်  စက်မှုဝန်ကြီးဌာနမှ ပညာရှင်များက အကဲဖြတ်အမှတ်ပေးပြီး ဆုများကို ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြပွဲ ဒုတိယမြောက်နေ့တွင် မွန်းလွဲ ၁ နာရီမှစ၍ ညနေ ၄ နာရီအထိ ဥရောပနိုင်ငံမှ ပညာရှင်များဖြင့် အစားအသောက် ထုတ်လုပ်မှုနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုဆိုင်ရာ Workshop ကို ကျင်းပသွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံမှ ပညာရှင်များကလည်း စားသောက်ကုန် ထုတ်လုပ်ရာတွင် အရေးပါသည့် နည်းပညာဖြစ်သော long Shelf-life Technology အကြောင်းကို ဆွေးနွေးဟောပြောသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပံ့ပိုးကူညီပြသကြသော Seonsor ကုမ္ပဏီများကလည်း ဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေးနွေးသွားမည်ဖြစ်ပြီး တီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲ၏ ကဏ္ဍလေးခုတွင် ဆုရရှိသူများအား ဂုဏ်ပြု ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)