ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြား

 

နေပြည်တော် ၉  အောက်တိုဘာ

 

မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက် (၂၀၁၇) အတည်ပြု မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်း ပြောကြားသည်။

 

အခမ်းအနားတွင် ဒုတိယသမ္မတက မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (MAPDRR) (၂၀၁၇) တွင် ပါဝင်သည့် အကြောင်းအရာများကို မဆွေးနွေးမီ မျက်မှောက် ကမ္ဘာတွင် ဖြစ်ပွားနေသည့် ဘေးအန္တရာယ်များက လူသားများကို မည်မျှအထိ စိန်ခေါ် ခြိမ်းခြောက်နေသည်ကို ဦးစွာ ပြောကြားလိုကြောင်း။

 

အားလုံး သတိပြုမိကြသည့် အတိုင်း လတ်တလော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်း မုန်တိုင်း ကိုမန်၊ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ဖြစ်ပွားသည့် ဟာရီကိန်းအာမာနှင့် ပွာတိုရီကိုတွင် ဖြစ်ပွားသည့် ဟာရီကိန်းမာရီယာ၊ တရုတ်နိုင်ငံ ကွမ်ကျိုးတွင် ဖြစ်ခဲ့သည့် မြေပြိုဘေး၊ အိန္ဒိယ၊ နီပေါ၊ ရီမန်နှင့် နိုင်ဂျာ နိုင်ငံတို့တွင် ဖြစ်ခဲ့သည့် ရေလွှမ်းမိုးမှု ဘေးအန္တရာယ်များနှင့် မက္ကဆီကို နိုင်ငံတွင် လူပေါင်း ၃၀ဝ ကျော် သေဆုံးခဲ့ရပြီး တစ်လအတွင်း (၃)ကြိမ်တိတိ လှုပ်ခတ်ခဲ့သည့် မြေငလျင်ဘေး စသည်တို့ကို ကြည့်ပါက ဘေးအန္တရာယ်များက မိမိတို့ အားလုံး၏ အသက် အိုးအိမ်များကို ကြီးမားစွာ ခြိမ်းခြောက် နေသည်ကို ပြသနေပါကြောင်း။

 

ယနေ့ခေတ်တွင် သဘာဝ ဘေးအန္တရာယ် ကျရောက်မှုများသည် ပိုပြီးရှုပ်ထွေး လာပါကြောင်း၊ ငလျင်လှုပ်ခြင်းနှင့် ဆက်စပ်ပြီး မီးဘေး ကြုံတွေ့ရခြင်း၊ ဆူနာမီဘေးကနေ နျူကလီးယားဘေး ဖြစ်ခြင်းနှင့် ဟာရီကိန်းကနေ ဆည်ကျိုးခြင်း အထိ မျိုးစုံ ဖြစ်ပွားလျက် ရှိပါကြောင်း၊ ထို့ပြင် ရာသီဥတု ပြောင်းလဲခြင်းနှင့် ပုံသဏ္ဍန် မမှန်သည့် ဖွံ့ဖြိုး တိုးတက် လာမှုများကြောင့်လည်း သဘာဝ ဘေးအန္တရာယ်များ ကျရောက်သည့် အခါ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက် ဆုံးရှုံးမှုများကို ပိုမို ဖြစ်ပွားစေလျက် ရှိပါကြောင်း၊ ဘေးအန္တရာယ်များ ဆိုးဆိုးဝါးဝါး ပိုမို များပြား လာရသည့် အခြား အကြောင်းများမှာ အန္တရာယ်ရှိသည့် နေရာများတွင် လူနေထူထပ်မှု၊ မတည် ရင်းနှီးမြှုပ်နှံမှုနှင့် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ပိုမို တိုးပွားလာမှု၊ မြို့ပြများ လျင်လျင် မြန်မြန် ဖွံ့ဖြိုး တိုးတက်လာမှုနှင့် သစ်တော ပြုန်းတီးမှုတို့ ဖြစ်ကြောင်း။

 

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်မယ် ဆိုပါက လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် စီးပွားရေး ကဏ္ဍတွင် တိုက်ရိုက် ထိခိုက် ဆုံးရှုံးမှုများသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံခန့် ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း သဘာဝ ဘေးအန္တရာယ်များ ကျရောက်မှုကြောင့် နှစ်စဉ် နိုင်ငံဂျီဒီပီ၏ ၃ ရာခိုင်နှုန်းခန့် ဆုံးရှုံး နစ်နာလျက် ရှိပါကြောင်း၊ ဘေးအန္တရာယ်များသည် နိုင်ငံမရွေး ကျရောက်လေ့ ရှိသည် ဆိုသော်လည်း ဝင်ငွေ နည်းပါးသည့် နိုင်ငံများတွင် ဘေးအန္တရာယ်များကြောင့် အသက် ဆုံးရှုံးမှုများကို ပိုမို ကြုံတွေ့နေရပါကြောင်း။

 

ယင်းနိုင်ငံများတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ဘေးအန္တရာယ် တစ်ကြိမ် ကျရောက်တိုင်း ပျမ်းမျှလူပေါင်း (၃၂၇)ဦး အသက် ဆုံးရှုံးနေရပါကြောင်း၊ အဆိုပါ ဦးရေ ပမာဏသည် ချမ်းသာသည့် နိုင်ငံများတွင် ကြုံတွေ့ရသည့် အသက်ဆုံးရှုံးမှု အရေအတွက်ထက် (၅)ဆခန့် ပိုများပါကြောင်း၊ ယင်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ခြင်းက သဘာဝဘေးများ၏ ဆိုးကျိုးများကို လျှော့ချသည့် နေရာတွင် မည်မျှအထိ အရေးကြီးသည်ကို သိမြင်နိုင်မည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် (၃)နှစ်အတွင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အနေအထားများ ပြောင်းလဲလာခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စား ဘေးအန္တရာယ်များနှင့် ရာသီဥတုကြောင့် ဖြစ်ပေါ်သည့် ရေလွှမ်းမိုးမှု ဘေးနှင့် မုန်တိုင်း ဘေးအန္တရာယ်များ ပိုမိုတိုးပွားလာသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲမှုများ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုနှင့် အပူချိန် တိုးမြင့်လာမှုများကိုလည်း ကြုံတွေ့နေရပါကြောင်း၊ အဆိုပါ အချက်များကြောင့် ဘေးအန္တရာယ် ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာခြင်း ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ် ကျရောက်လာမည်ကို ကြိုတင်မသိရှိနိုင်ခြင်းကြောင့်  ဘေးအန္တရာယ် ကျရောက်သည့်အခါ ထိခိုက်ဆုံးရှုံးရမှုများ လျော့နည်းရန်နှင့် စွမ်းဆောင်ရည်မြင့်မားရန် အတွက် မိမိတို့အနေဖြင့် ကြိုတင် ဆောင်ရွက်ထားနိုင်ရန် လိုအပ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ် ထူထောင်ရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ ရရှိနိုင်ရန်အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် နေပါကြောင်း၊ ဘေးအန္တရာယ် ကျရောက်မှုများက မိမိတို့၏ ကြိုးပမ်း ဆောင်ရွက်မှု အားလုံးကို အချိန်ပိုင်း အတွင်းတွင် ရိုက်ချိုးလှဲဖြို ပြစ်နိုင်စွမ်းရှိပါကြောင်း၊ ရာသီဥတု ပြောင်းလဲမှုနှင့် ပုံသဏ္ဍာန် မမှန်သည့် ဖွံ့ဖြိုး တိုးတက်လာမှု အလေ့အထများကြောင့်လည်း ထိခိုက် ဆုံးရှုံးနိုင်ခြေများ ဖြစ်လာနိုင်သည့် အတွက် ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများကို ကြိုတင် မျှော်တွေး လုပ်ဆောင်ရန် လိုအပ် လာပြီး ရေရှည် ရင်းနှီးမြှုပ်နှံမှုနှင့် မိတ်ဖက် ဆောင်ရွက်မှုများလည်း တိုးမြှင့်ရန် လိုအပ် လာပါကြောင်း၊ ထို့ကြောင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (MAPDRR)ကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း။

 

MAPDRR သည် မြန်မာနိုင်ငံ၏ ဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းစဉ်များကို စနစ်တကျ သတ်မှတ်ထားသည့် ပုံစံအတိုင်း ဖော်ဆောင်ပေးမည် ဖြစ်ပြီး ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ အကောင် အထည်ဖော်ရာတွင် သာမန် လုပ်ရိုးလုပ်စဉ် ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများကို ကျော်လွန်ပြီး ကြိုတင် ပြင်ဆင်ခြင်းနှင့် ကြိုတင် ကာကွယ်ခြင်းတို့ကို အလေးပေး ဆောင်ရွက်စေမည် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်များကြောင့် ဖြစ်လာမည့် ထိခိုက်ဆုံးရှုံးမှုများကို အကာအကွယ် ပေးထားသည့် ရင်းနှီးမြှုပ်နှံမှု ပုံစံမျိုးများ တိုးပွားလာစေရန်လည်း MAPDRR က  အဓိက အထောက်အကူပြုပေးမည် ဖြစ်ပါကြောင်း၊ MAPDRR တွင် သဘာဝ ဘေးအန္တရာယ်တွေကို သာမက လူ့ပယောဂကြောင့် ဖြစ်သည့် မတော်တဆ အန္တရာယ်ဖြစ်ပွားမှုများကိုပါ ထည့်သွင်းထားပါကြောင်း၊ စီမံချက်အရ ပြည်သူ အခြေပြုပြီး အားလုံးပါဝင်သည့် နည်းလမ်းကို အသုံးပြုမည်ဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်များကို စီမံ ခန့်ခွဲခြင်းထက် အန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်ရန်ကို အလေးပေး အာရုံစိုက်ပြီး စီမံခန့်ခွဲသွားမည် ဖြစ်ပါကြောင်း။

 

စီမံချက် အသစ်တွင် အင်အား သေးငယ်သော်လည်း ထပ်ပြန်တလဲလဲ ဖြစ်ပွား တတ်သည့် ရေလွှမ်းမိုးမှုဘေး၊ မိုးကြိုးဘေး၊ လေပြင်း တိုက်ခတ်ခြင်းနှင့် မြစ်ကမ်းပါး ပြိုခြင်း ကဲ့သို့သော ဘေးများကိုပါ လျှော့ချနိုင်ရန် စီမံချက်များ ဖော်ထုတ် ထားပါကြောင်း၊ ထို့ပြင် အသက်အိုးအိမ် ပစ္စည်းပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် သဘာဝ ပတ်ဝန်းကျင်တို့အပြင် တန်ဖိုး မဖြတ်နိုင်သည့် ယဉ်ကျေးမှု အမွေအနှစ်များကိုပါ ကာကွယ် စောင့်ရှောက် ပေးနိုင်ရန် စီမံချက် အသစ်ကနေ မျှော်မှန်းထားပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာတွင်လည်း အစိုးရတစ်ရပ်လုံးနှင့် ပြည်သူ တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှု အပြင် အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍနှင့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၏ တက်ကြွစွာ ပါဝင်မှုကိုလည်း တွန်းအားပေးထားပါကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး ဆိုင်ရာ ဆန်ဒိုင်း မူဘောင်အရ (၂၀၂၀)ပြည့်နှစ်တွင် ပထမဆုံး ပြည့်မီရမည့် နိုင်ငံတော် အဆင့်နှင့် ဒေသန္တရအဆင့် ဘေးအန္တရာယ် လျော့ပါးရေး မဟာဗျူဟာ များ ပေါ်ထွက် လာစေရန် ဆိုသည့် ရည်မှန်းချက် ပန်းတိုင်ကိုလည်း စီမံချက်အသစ်ကနေ ရောက်ရှိစေနိုင်မည် ဖြစ်ပါကြောင်း။

 

MAPDRR ကို အောင်အောင် မြင်မြင် အကောင် အထည်ဖော်နိုင်ရန် အတွက် ပြည်တွင်းပြည်ပ အရင်းအမြစ်များ ရယူ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ ယခု စီမံချက်ကို အကောင် အထည်ဖော်ခြင်းအားဖြင့် နိုင်ငံတော် အဆင့်တွင် အန္တရာယ် ခံနိုင်ရည်ရှိသည့် ဖွံ့ဖြိုး တိုးတက်မှုကို ရယူနိုင်မည် ဖြစ်ပြီး ကမ္ဘာ့ အဆင့်တွင်လည်း ရေရှည် ဖွံ့ဖြိုးမှု ပန်းတိုင်များကို ပြည့်မီစေမည် ဖြစ်ပါကြောင်း၊ စီမံချက်ထဲတွင် ပါသည့် ဦးစားပေး လုပ်ငန်းများကို အကောင် အထည်ဖော်ရာတွင် ရရှိလာမည့် တိုးတက်မှု အခြေအနေများ ကို စောင့်ကြည့် လေ့လာနိုင်ရန် အတွက်လည်း အညွှန်းကိန်းများနှင့် ပန်းတိုင်များကို သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဦးဆောင် ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ အနေဖြင့် မြေပြင်တွင် လက်တွေ့စီမံ အကောင် အထည်ဖော်မှုများကို ကြီးကြပ် ဆောင်ရွက် ပေးကြရန်နှင့် ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်မှု ရှိအောင် ဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး၏ အကြီးအကဲ Mr. Mark Cutts က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်း စီမံချက်နှင့် စပ်လျဉ်းသည့် မှတ်တမ်း ဗွီဒီယိုကို ပြသသည်။

 

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအောက်ရှိ လုပ်ငန်း ကော်မတီ ၁၂ ခုမှ ဥက္ကဋ္ဌများနှင့် တာဝန် ရှိသူများထံ မြန်မာနိုင်ငံ ဘေးန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (၂၀၁၇)ကို လွှဲပြောင်း ပေးအပ်ပြီး တက်ရောက် လာကြသူများနှင့် အတူ မှတ်တမ်း ဓာတ်ပုံရိုက်သည်။

 

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံရုံး အသီးသီးနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

(သတင်းစဉ်)