ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် ရေသယံဇာတနှင့် ဘေးအန္တရာယ်များဆိုင်ရာ တတိယအကြိမ် ကုလသမဂ္ဂ အထူးအစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းစကားပြောကြား

နယူးယောက် ၂၁ ဇူလိုင်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဇူလိုင် ၂ဝ ရက် ဒေသစံတော် ချိန် နံနက် ၁ဝ နာရီတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ကျင်းပသည့် ရေသယံဇာတနှင့် ဘေးအန္တရာယ်များဆိုင်ရာ တတိယအကြိမ် ကုလသမဂ္ဂ အထူးအစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက “ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီ ထွေရှိစေခြင်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ခြင်းနှင့် သိပ္ပံနှင့်နည်း ပညာမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့အစည်း အဝေးကျင်းပခြင်းသည် အချိန်အခါ သင့်မြတ်ပြီး ရေသယံဇာတနှင့်ဘေးအန္တရာယ်များနှင့် ဆက်နွယ်နေသည့် ကမ္ဘာ့ဖြစ်စဉ်များ၏  လက်ရှိလမ်းကြောင်းအပေါ် ထင်ဟပ်မှုရှိစေပါကြောင်း။

 

မိမိတို့အနေဖြင့် ရေသယံဇာတနှင့်ဘေးအန္တရာယ်များဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းရေးတွင် အထောက်အကူပြုစေရန် ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

 

လက်ရှိတွင် လူဦးရေသန်းပေါင်း (၆၆၀) ကျော်သည် ရေရှားပါးသည့် နေရပ်ဒေသတွင် နေထိုင်ကြလျက်ရှိပြီး သောက်သုံးရေများ ရရှိရေးအတွက် အချိန်ကြာမြင်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ဝေးလံသည့်နေရာများသို့ သွားရောက်ရေသယ်ယူရခြင်း၊ မသန့်ရှင်းသောရေကို အသုံးပြုခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်းတို့ကို ကြုံတွေ့ ခံစားနေကြရပါကြောင်း။

 

စင်စစ်အားဖြင့် ရေသယံဇာတနှင့်ရေနှင့်ဆက်နွယ်သည့် ဘေးအန္တရာယ်များသည် အပြန်အလှန် ဆက်နွယ်နေပြီး မကြာခဏတစ်ခုနှင့် တစ်ခုနယ်ပယ်ချင်း ဖြတ်ကျော်ဖြစ်ပွား လေ့ရှိတတ်ပါကြောင်း။

 

ထို့ကြောင့် ဆယ်စုနှစ်ကာလများအတွင်း ရေသယံဇာတနှင့်ဘေးအန္တရာယ်များ ဆိုင်ရာ ပြဿနာသည် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့်အမျိုးသားအဆင့် အရေး အကြီးဆုံးသော ကိစ္စရပ်များအနက် တစ်ခုအပါအဝင်ဖြစ်လာပါကြောင်း။

 

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့်လည်း ဆန်းဒိုင်မူဘောင် သဘောတူညီချက် နှင့် ၂ဝ၃ဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ရည်မှန်းချက်ပန်းတိုင်-၆ ဖြစ်သည့် သောက်သုံးရေ ရရှိရေးအတွက် မည်သူမျှ နောက်ကျန်ရစ်မနေစေရေးကို အလေးထားသည့် “လူသားအားလုံးအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲနိုင်ရေး”တို့မှ တစ်ဆင့် ချမှတ်ထားသည့် ကတိကဝတ်များကို ထပ်လောင်း အတည်ပြုထားကြပါကြောင်း။

 

အဆိုပါ ရည်မှန်းချက်များကို ထိရောက်စွာအကောင် အထည်ဖော်ကြရာတွင် မိမိတို့အနေဖြင့် အသိပညာပေးမှုများကို မြှင့်တင်ပြီးကုလသမဂ္ဂ၊ ဒေသဆိုင်ရာနှင့်တစ်နိုင်ငံချင်း ကျင်းပဆောင်ရွက်သည့် ဖိုရမ်များမှတစ်ဆင့် ပံ့ပိုးထောက်ခံမှုများ ပိုမိုရရှိလာစေရန် မိမိတို့၏ ကြိုးပမ်းချက်များကို နှစ်ဆ တိုးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ရေနှင့်ဆက်နွယ်သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် သာမက ရေနှင့် ဆက်နွယ် နေသောသဘာဝဘေးအန္တရာယ်များ စီမံခန့်ခွဲမှုတို့အတွက်ပါ ဒေသဆိုင်ရာနှင့် နိုင်ငံတကာ မျက်နှာစာများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကမ္ဘာပေါ်ရှိ နိုင်ငံများစွာသည် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများ တိုးမြင့်ဖြစ်ပေါ်မှုများကို ရင်ဆိုင်ကျော်လွှားရာတွင် စိန်ခေါ်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ရလျက်ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ခြွင်းချက်မရှိ ရင်ဆိုင်နေရပါကြောင်း။

 

မြန်မာနိုင်ငံသည် မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်းအစရှိသည့်ရေနှင့် ဆက်နွယ် နေသော သဘာဝဘေးအန္တရာယ်များကို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ် ပုံမှန်ကြုံတွေ့ခံ စားရလျက်ရှိပါကြောင်း။

 

မြန်မာ့ခေတ်သစ်သမိုင်းတွင် အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်မှာ ၂ဝဝ၈ခုနှစ်က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းနာဂစ်မုန်တိုင်း ဖြစ်ပါကြောင်း၊ နာဂစ်မုန်တိုင်း  ဒဏ်ကြောင့် လူပေါင်း တစ်သိန်းလေးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူဦးရေ (၂ဒသမ၄) သန်းအပေါ် ထိခိုက်စေခဲ့ပါကြောင်း၊ စီးပွားရေးအားဖြင့် အမေရိကန်ဒေါ်လာ (၄ဒသမ၅) ဘီလီယံခန့်နှင့် ညီမျှသည့် ငွေကျပ်ပေါင်း (၄ဒသမ၅) ထရီလီယံ တန်ဖိုးရှိသည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း။

 

၂ဝ၁၅ခုနှစ်ကလည်း မိမိတို့နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးနှင့်ပြည်နယ်အများ အပြားတွင် ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပါကြောင်း၊ ထိုသို့သဘာဝ ဘေးအန္တရာယ်များကြောင့် အကူအညီအမှန်တကယ်လိုအပ်နေသည့် မိမိတို့နိုင်ငံက ထိခိုက်ခံစားနေသည့် ပြည်သူများအတွက် ကူညီထောက်ပံ့များပေးအပ်ခဲ့သော နိုင်ငံတကာအသိုက်အဝန်းကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း။

 

မြန်မာအစိုးရအနေဖြင့် အာရှ-ပစိဖိတ်ရေဖိုရမ်၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ တတိယအကြိမ်အာရှ-ပစိဖိတ်ရေညီလာခံ ထိပ်သီးအစည်းအဝေးကို ယခုနှစ် ဒီဇင်ဘာ ၁၁ရက်မှ၁၂ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း။

 

အဆိုပါ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသောရလဒ်များကိုလာမည့် နှစ်ဆန်း ပိုင်းအတွင်း ဘရာဇီးလ်နိုင်ငံ၌ကျင်းပမည့် အဌမအကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်သို့ တင်ပြ သွားရန်ရှိပါကြောင်း။

 

မြန်မာနိုင်ငံသည် “၂ဝ၃ဝကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်” နှင့်အခြားသော နိုင်ငံတကာ သဘောတူညီမှု အစီအစဉ်များအပေါ် များစွာအလေးထားပါကြောင်း၊ သို့ဖြစ်၍ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးအစီအစဉ်များ၊ မူဘောင် သဘောတူညီချက်များနှင့် ဆက်စပ်ပေါင်းစည်းစေမည့် သက်ဆိုင်ရာအမျိုးသားလုပ်ငန်း စီမံချက်များကို မြန်မာနိုင်ငံအနေဖြင့် ချမှတ်ဖေါ်ထုတ်ထားပါကြောင်း။

 

မိမိတို့အနေဖြင့် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသယံဇာတ (၂၀၁၈-၂၀၂၈)” ခေါင်းစဉ်ဖြင့် လာမည့်ဆယ်စုနှစ်ကာလအတွင်း အကောင်အထည် ဖေါ်မည့် အပြည်ပြည်ဆိုင်ရာ စီမံချက် လုပ်ငန်းစဉ် ဆိုင်ရာ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် အပေါ် အပြည့်အဝထောက်ခံပါကြောင်း၊ ယင်းစီမံချက်သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရေသယံဇာတပေါင်းစည်း စီမံခန့်ခွဲရေးတို့တွင် အောင်မြင်မှုရှိစေရန် ဆက်လက်ကြိုးပမ်း သွားရမည့် ဆောင်ရွက်ချက်များပင် ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအစီအစဉ်များ အကောင်အထည်ဖေါ်ရန် လိုအပ်သည့်ဘဏ္ဍာငွေရရှိရေးအတွက် အစိုးရ၏ ကိုယ်ပိုင် ဘဏ္ဍာ ငွေမတည် ရင်းနှီးမှုဖြင့် “နိုင်ငံတော်သမ္မတ၏ အရေးပေါ်ရန်ပုံငွေနှင့် အမျိုးသား သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ရန်ပုံငွေ” တို့ကို တည်ထောင်ထားပါကြောင်း၊ ဒုတိယရန်ပုံငွေ အနေဖြင့် နိုင်ငံတကာနှင့်ပြည်တွင်း အလှူရှင်များထံမှ ပံ့ပိုးကူညီလာသည့် လှူဒါန်းငွေများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးဒဏ်ကိုခုခံရင်ဆိုင်ရာတွင် ငွေကြေးထောက်ပံ့ နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံထားရှိနိုင်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နိုင်မှု စီမံခန့်ခွဲရေး စီမံကိန်းသို့လည်း ပူးပေါင်းပါဝင်ထားပါကြောင်း။

 

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကဏ္ဍတွင်အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့ အစည်းများသို့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး လေ့ကျင့် ပျိုးထောင်မှုများပြုလုပ် လျက်ရှိပါကြောင်း၊ သို့သော်လည်း ပမာဏ အားဖြင့် နည်းပါးဆဲဖြစ်ပါကြောင်း။

 

မြန်မာအစိုးရသည် ကမ္ဘာ့ဘဏ်၊နယ်သာလန်နိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့နှင့် ပူးပေါင်းပြီး ရေအရင်း အမြစ်အဖွဲ့ တစ်ရပ်ကိုဖွဲ့စည်းလျက်ဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသန ဆိုင်ရာ မိတ်ဖက်များ၊ငွေကြေးနှင့် နည်းပညာ အထောက်အပံ့များ ရှာဖွေရေးနှင့် ရေအရင်းအမြစ်ကဏ္ဍ စွမ်းဆောင်ရည် တည်ဆောက်ရေးတို့တွင် ချိတ်ဆက်ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

အမျိုးသား ရေအရင်းအမြစ်ကော်မတီအနေဖြင့် အနာဂတ်ရေစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားမူဝါဒနှင့် ကိုက်ညီစေမည့် ရေဥပဒေမူကြမ်း တစ်ရပ်ကို ရေးဆွဲလျက်ရှိပြီးမိမိ ဦးဆောင်သည့် ကော်မတီနှစ်ရပ်အကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးတက်စေရေးအတွက် “Integrated Flood Initiative(IFI) Country Platform”ကို မကြာသေးမီက တည်ထောင်ထားပါကြောင်း။

 

မြန်မာနိုင်ငံသည် “၂ဝ၃ဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်” အောင်မြင်စေရေးအတွက် အားလုံးပါဝင်သည့် ဖွံဖြိုးတိုးတက်မှု လမ်းကြောင်းဆီသို့ ဦးတည်လျက်ပြည်သူ၊ ကမ္ဘာ၊ သာယာဝပြောမှု၊ ငြိမ်းချမ်းမှုနှင့် မိတ်ဖက်ဆောင်ရွက်မှုတို့အပေါ် အလေးပေး ဆောင်ရွက်သွားမည်ဟု အသိပေး ပြောကြားလိုပါကြောင်း။

 

မိမိတို့၏ ယနေ့ဆွေးနွေးချက်များမှတစ်ဆင့် လာမည့်နှစ်များအတွင်း “နိုင်ငံတကာ သဘော တူညီမှု ရရှိထားသော အစီအစဉ်များ”ကို အကောင်အထည်ဖေါ် ဆောင်ရွက်ရာတွင် အဓိပ္ပါယ်ပြည့်ဝသည့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

 

အဆိုပါ အထူးအစည်းအဝေးတွင် ဒုတိယသမ္မတနှင့်အတူ ဟန်ဂေရီနိုင်ငံသမ္မတ H.E. Mr. Janos Ader ၊ မောရိသျှပ်နိုင်ငံသမ္မတ H.E. Mrs. Ameenah Gurib-Fakim ၊ ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ ကိုယ်စားလှယ် Liberal Democratic Party အတွင်းရေးမှူးချုပ် H.E. Toshihiro Nikai  တို့ကလည်း မိန့်ခွန်းများ ပြောကြားကြပြီး ဂျပန်နိုင်ငံအိမ်ရှေ့ မင်းသား HIH Naruhito၏ မိန့်ခွန်းအား ဗီဒီယိုဖိုင်ဖြင့်ပြသသည်။ အစည်းအဝေးတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ဘေး အန္တရာယ်လျှော့ချရေးနှင့် ရေသယံဇာတဆိုင်ရာ အထူးကိုယ်စားလှယ် Dr. Han Seung-Soo၊ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံဥက္ကဋ္ဌ H.E. Mr. Peter Thomson၊ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mr. Wu Hongbo တို့က မိန့်ခွန်းများ ပြောကြားကြသည်။ အစည်းအ ဝေးသို့ မြန်မာ၊ ဟန်ဂေရီ၊ မောရိသျှပ်၊ ဂျပန်၊ နယ်သာလန်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂို လီးယား၊ ဘရာဇီး၊ ဖိလစ်ပိုင်၊ တာဂျစ်ကစ္စတန်၊ ဖီဂျီ၊ မော်လ်ဒိုက် နိုင်ငံများမှ အစိုးရအဖွဲ့ အကြီးအကဲများ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ အေဒီဘီနှင့် ရေနှင့်ဆက်စပ်သော နိုင်ငံတကာအဖွဲ့ အစည်းများမှ  ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ကမ္ဘာလုံးဆိုင်ရာရေသယံဇာတနှင့် ဘေးအန္တရာယ်များနှင့် ပတ်သက်သော ကိစ္စရပ်များအား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအကြား ဂရုပြုအာရုံ စိုက်လာမှု တိုးတက်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ အတွေ့အကြုံနှင့် သင်ခန်းစာများ အပြန်အလှန် ဖလှယ်ရယူရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၃၀ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၊ ဆန်းဒိုင်မူဘောင် သဘော တူညီချက်နှင့် ၂၀၁၈ခုနှစ်၊ မတ်လတွင် ကျရောက်မည့် ကမ္ဘာ့ရေနေ့မှစ၍ အကောင် အထည်ဖေါ်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေသယံဇာတ (၂၀၁၈-၂၀၂၈) ခေါင်းစဉ်ဖြင့် ဆယ်စုနှစ် စီမံချက် အပါအဝင်နိုင်ငံတကာ သဘောတူထားသည့် ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ အကောင် အထည်ဖော်နိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ အစည်းအဝေး၏ Theme တွင်ဖေါ်ပြထားသည့်အတိုင်း ရာသီဥတု ပြောင်းလဲ လာမှုနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်ရေး၊ ရေနှင့်ဆက်စပ်သောကဏ္ဍများတွင် ထိရောက်စွာဆောင်ရွက် နိုင်ရေးအတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ သိပ္ပံနှင့်နည်းပညာ တိုးတက်ရေးနှင့် သက်ဆိုင်ရာ နိုင်ငံများအလိုက် အကောင်အထည်ဖေါ် ဆောင်ရွက်မှုများ၊ အတွေ့အကြုံနှင့် စိန်ခေါ်မှုများ၊ နိုင်ငံတကာ၏ ကူညီထောက်ပံ့မှု လိုအပ်နေမှုများကို ဆွေးနွေးပြောကြားကြသည်။

 

အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က ကုလသမဂ္ဂဌာနချုပ်၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင်နယူးယောက်မြို့ တစ်ဖက်ကမ်းရှိ နယူးဂျာစီပြည်နယ်၊ ဂျာစီမြို့နှင့်ဟိုဘိုကမ်မြို့များသို့ သွားရောက်၍၊ သဘာဝဘေး အန္တရာယ်နှင့်ရေကြီးရေလျှံမှု တားဆီးရေး မြို့ပြလုပ်ငန်းများကို သွားရောက်လေ့လာကြရာ ရာတွင်၊ ဂျာစီမြို့တော်ခန်းမ၌ အဆိုပါမြို့များနှင့် ပူးပေါင်းဆောင်ရွက်နေသော ကုလသမဂ္ဂ ဘေးအန္တရာယ်ဖြစ်နိုင်မှု လျှော့ချရေး (UNISDR) ၏ “မြို့များပြန်လည်ထူထောင်နိုင်ရေး (Making Cities Resilient)” ကိုမြှင့်တင်အကောင်အထည်ဖေါ်နေသူ Dr. Alexander Mirescu၊ Innovation ကုမ္ပဏီညွှန်ကြားရေးမှူး Mr. Brian Platt  နှင့်ဂျာစီမြို့ စည်ပင် သာယာ ရေးကော်မတီမှ တာဝန်ရှိသူများက မြို့ပြလုပ်ငန်းစီမံကိန်းများ သာမက၊ ဒေသခံ လူထုအကြား ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ အသိပညာပေး မှုများနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားကြသည်။

 

ထို့နောက်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရန်ပုံငွေသီးခြားထားရှိ ဆောင်ရွက်မှုများကို ပြန်လည်ရှင်းလင်း ပြောကြားပြီး၊ အပြန်အလှန် ဆွေးနွေးကြသည်။

 

(သတင်းစဉ်)