ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိ ၊ Universal Peace Federation (UPF) ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ

ဖနောင်ပင်  ၁၈   နိုဝင်ဘာ 

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြသည်။

 

ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါသွားကြသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၂ဝ တွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြပြီး ထိုမှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက် ထွက်ခွာကြရာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ရောက်ရှိကြသည်။

 

ဒုတိယသမ္မတနှင့်အဖွဲ့အား ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးများကောင်စီရုံး ဒုတိယဝန်ကြီး Mr. Hem Kranhtony၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းကိုကိုနှင့် မြန်မာသံရုံးနှင့်စစ်သံရုံးတို့မှ တာဝန်ရှိသူများက ဖနောင်ပင် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Sokha Phnom Penh Hotel သို့ ရောက်ရှိကြသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် Universal Peace Federation (UPF) ဥက္ကဋ္ဌ Dr. Thomas G. Walsh အား ခေတ္တတည်းခိုသည့် Sokha Phnom Penh Hotel ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် Universal Peace Federation နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၌ ဆွေးနွေးပွဲများ၊ ဖိုရမ်များ ကျင်းပနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဒေါက်တာ အရှင်သောဘိတ ကြွရောက်တော်မူပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

 

ညပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။

 

(သတင်းစဉ်)