ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပသည့် GMS စီးပွားရေးထိပ်သီး အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်းပြောကြား

ဟနွိုင်း မတ် ၃၀

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မတ် ၂၉ ရက်မှ ၃၁ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပပြုလုပ်မည့် ဆဋ္ဌမအကြိမ်မြောက် Greater Mekong Subregion (GMS) ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် မတ် ၃၀ ရက် ညနေ ၄ နာရီခွဲတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့သို့ ရောက်ရှိကြသည်။

ဒုတိယသမ္မတ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဗီယက်နမ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီး မစ္စတာ ကျူအုန် မင်းသွမ်၊ ဗီယက် နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းနှင့် ဇနီး၊ စစ်သံမှူး ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တာဝန်ရှိသူများက Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ညနေ ၅ နာရီတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် GMS အဖွဲ့ဝင် နိ်ုင်ငံ့ခေါင်းဆောင်များနှင့် အတူ National Convention Center (NCC)၌ ခင်းကျင်း ပြသထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ အထိမ်းအမှတ် ဓာတ်ပုံပြခန်းများကို လှည့်လည် ကြည့်ရှုသည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ National Convention Center (NCC) ၌ ကျင်းပသည့် Greater Mekong Subregion (GMS) စီးပွားရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည်။

အဆိုပါ အစည်းအဝေးသို့ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် ဇူယွမ်ဖတ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရိ၊ လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီ ဆုလစ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ပရာယွတ်ချန်အိုချာ၊ အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ် (ADB) ဥက္ကဋ္ဌ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ ကမ္ဘာ့ဘဏ် မန်နေဂျင်းဒါရိုက်တာ၊ GMS အဖွဲ့ဝင်နိုင်ငံများမှ ကိ်ုယ်စားလှယ်များ၊ အဆင့်မြင့် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗီယက်နမ် ဝန်ကြီးချုပ် မစ္စတာ ငုယင် ဇူယွမ်ဖတ်က အဖွင့် မိန့်ခွန်းပြောကြားပြီး GMS အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့အစည်းများ ဖြစ်သည့် ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ငုယင် ဇူယွမ်ဖတ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် ဟွန်ဆန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရိ၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီ ဆုလစ်၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာ၊ အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) ဥက္ကဋ္ဌ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ကမ္ဘာ့ဘဏ် မန်နေဂျင်းဒါရိုက်တာတို့က မိန့်ခွန်း ပြောကြားကြသည်။

မျက်နှာစုံညီ အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မိန့်ခွန်း ပြောကြားရာ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် မိမိတို့ ဒေသတွင်းတွင် ရှိသည့် အချို့ နိုင်ငံများသည် ကုန်ကျစရိတ် သက်သာသည့် လုပ်သားနှင့် သဘာဝ သယံဇာတ အရင်း အမြစ်များကို ထုတ်ယူ အသုံးချမှုအပေါ် အဓိက မှီခိုခဲ့ကြပါကြောင်း။

သို့သော်လည်း မိမိတို့ ဂျီအမ်အက်စ် နိုင်ငံများ၏ စီးပွားရေး ပမာဏ ကြီးမားလာမှု၊ ဂျီအမ်အက်စ်နိုင်ငံများ၏ စီးပွားရေး သဘောသဘာဝ ရှုပ်ထွေးလာမှုနှင့် လူတစ်ဦးချင်း ဝင်ငွေလည်း တိုးတက်လာသည့် အတွက် အချက်(၂) ချက်ဖြစ်သည့် ကုန်ကျစရိတ် သက်သာသည့် လုပ်သားနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များကို ထုတ်ယူ အသုံးချမှုအပေါ် ဆက်လက် မှီခိုရန် မဖြစ်နိုင်တော့ ပါကြောင်း။

ထို့ကြောင့် (၂၁) ရာစုကမ္ဘာကြီးနှင့် သင့်တော်ပြီး ဂျီအမ်အက်စ် ဒေသအတွက် လျော်ကန်သော ရေရှည် တည်တံ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အား အသစ်များကို ဖော်ထုတ်ကျင့်သုံးရန် အချိန်ရောက်လာပြီ ဖြစ်ပါကြောင်း။

အရည်အသွေးမြင့်သည့် ရုပ်ပိုင်းဆိုင်ရာနှင့် လူသား အရင်းအနှီးများဖြင့် ဆောင်ရွက်သည့် နည်းပညာ တိုးတက်မှုကသာ ရေရှည်စီးပွားရေး တိုးတက်မှု၏ အဓိက မောင်းနှင်အား ဖြစ်ပါကြောင်း။

ကောင်းစွာ စီမံခန့်ခွဲထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် သင့်လျော်သလို ထိန်းညှိ လုပ်ကိုင်နေသော ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် ပုဂ္ဂလိကကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍတွင် မရှိမဖြစ် ပါဝင်နေပါကြောင်း။

မြန်မာနိုင်ငံတွင်လည်း အလားတူပင် ဖြစ်ပါကြောင်း၊ အနာဂတ် ရေရှည်ဖွံ့ဖြိုးမှု အတွက် အဓိကမောင်းနှင်အားသည် နည်းပညာ တိုးတက်မှုများပင် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ဂျီအမ်အက်စ် ဒေသအတွင်းတွင် ပိုမိုကျယ်ပြန့်လာစေမည့် နည်းပညာ တိုးတက်မှုများကို ကူညီထောက်ပံ့ရာတွင် ပုဂ္ဂလိကကဏ္ဍသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပိုမို ပါဝင်လာပါကြောင်း။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်ရပ်အရ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုရန် အရေးကြီးသည့် နယ်ပယ်များသည် စီးပွားရေးလုပ်ငန်းများ အတွက် လုပ်သာကိုင်သာရှိသည့် ဝန်းကျင်ကောင်း တစ်ရပ် ပေါ်ထွန်းလာရေးကို အထောက်အကူပြုရေး၊ အထူးသဖြင့် ဘဏ်၏ ဝန်ဆောင်မှု လုပ်ငန်းများကို ရယူသုံးစွဲခြင်း မရှိသည့် ပြည်သူများနှင့် အသေးစားနှင့် အလတ်စားစက်မှု လုပ်ငန်းများ အတွက် ငွေရေး ကြေးရေး လက်လှမ်းမီစွာ ပိုမိုရယူသုံးစွဲနိုင်ရေးကို အထောက်အကူပြုရေး၊ အရည်အသွေး ပြည့်ဝသည့် ပညာရေး ပိုမိုတိုးမြှင့်ရရှိရေးနှင့် ကုန်သွယ်မှု၊ ယှဉ်ပြိုင်စွမ်း အားနှင့် ဆန်းသစ်တီထွင်မှုကို တိုးမြှင့်စေနိုင်မည့် မူဝါဒ ဝန်းကျင်တစ်ရပ် ဖန်တီးရေးတို့ပင် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် မိမိတို့ ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များမှ အကျိုးရလဒ် ရစေသကဲ့သို့ ဒေသခွဲပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များတွင်လည်း ပြန်လည် ပံ့ပိုးဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒသည် ရေရှည် တည်တံ့သည့် ဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင် ရရှိရေးတွင် ပုဂ္ဂလိက ကဏ္ဍသည် အခြေခံကျသည့် မောင်းနှင်အားအဖြစ် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို မီးမောင်းထိုး ပြထားပါကြောင်း။

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် ဂျီအမ်အက်စ်နိုင်ငံများမှ ပုဂ္ဂလိက ကဏ္ဍများ နှင့်ပူးပေါင်းဆောင်ရွက်ရာတွင် ဒေသတွင်း ပေါင်းစည်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမို လွယ်ကူ ချောမွေ့စေရန် လိုအပ်သည့် ရုပ်ပိုင်းဆိုင်ရာ အခြေခံ အဆောက်အအုံနှင့် သယ်ယူ ပို့ဆောင်ရေး ကွန်ယက်များ ပေါ်ထွန်းလာရန် အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကဏ္ဍ တိုးတက်ရန် ဦးစားပေးမဏ္ဍိုင်(၅) ရပ်ဖြစ်သည့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းကို လိုက်နာ ဆောင်ရွက်သည့် ဝန်းကျင် ဖြစ်ထွန်းလာရေး၊ ငွေရေးကြေးရေး လက်လှမ်းမီမီရရှိရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေး လုပ်ငန်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် နိုင်ငံတော်၏ အခန်းကဏ္ဍကို ပြန်လည် ပြင်ဆင် လုပ်ဆောင်ရေးနှင့် မြန်မာနိုင်ငံ၏ လူသား အရင်းအမြစ်ကို အခြေပြု ဆောင်ရွက်ရေးတို့ကို အခြေခံထားပါကြောင်း။

စီးပွားရေး လုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် ဝန်းကျင်တွင် ပုဂ္ဂလိက အရင်းအနှီး အထူးသဖြင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် မိမိတို့နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေမည့် အရေးကြီးသည့် မောင်းနှင်အားတစ်ရပ် ဖြစ်နိုင်ပါကြောင်း။

ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဈေးကွက်အနေအထား၊ ပြည်သူများ၏ အကျိုးစီးပွားကို ဦးစားပေးသည့် စည်းမျဉ်း စည်းကမ်းများနှင့် ပေါင်းစပ် ဆောင်ရွက်မည် ဆိုပါက ပုဂ္ဂလိက ကဏ္ဍသည် အရင်းအမြစ်များကို စွမ်းဆောင်ရည် အမြင့်ဆုံးဖြင့် ဆောင်ရွက်နိုင်စေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဖြစ်ပေါ်လာသည့် လိုအပ်ချက်များနှင့်အညီ ဖြည့်ဆည်း ပေးနိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်မည် ဖြစ်ပြီး ဂျီအမ်အက်စ် နိုင်ငံများ၏ စီးပွားရေးသည် ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်ပါကြောင်း။

အထူးသဖြင့် ကမ္ဘာ့နိုင်ငံများ၊ အစိုးရများ၊ လူမှုအဖွဲ့အစည်းများ၏ လုပ်ကိုင် ဆောင်ရွက်မှုကို ပြောင်းလဲနေစေသည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနယ်ပယ်တွင် ပိုပြီး ထင်ရှားပါကြောင်း။

ဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက် ဖြေလျှော့ပေးခြင်းသည် မိုဘိုင်းနှင့် အင်တာနက် အသုံးပြုမှုကို သိသိသာသာ တိုးမြင့်လာစေခဲ့ပါကြောင်း၊ Smart phone နှင့် internet အသုံးပြုမှု တိုးတက် များပြားလာသောကြောင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ GDP သည် ICT ကဏ္ဍ၏ ပါဝင်လာမှုသည် အမေရိကန် ဒေါ်လာ (၆ ဒသမ ၄) ဘီလီယံဖြစ်လာမည်ဟု အချို့က ခန့်မှန်းထားကြပါကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်နေသည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံမျိုး တွင် Mobile infrastructure နှင့် ဆက်သွယ် ယှက်နွယ်မှုသည် အလွန်အရေးကြီးလှပါကြောင်း။

နည်းပညာ ခုန်ပျံကျော်လွှားခြင်းသည် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံမျိုးတွင် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု လုပ်ငန်းမျိုးစုံ အတွက် ရုပ်ပိုင်းဆိုင်ရာ၊ ဒစ်ဂျစ်တယ်နည်း အရပါ ဈေးကွက်အသစ် တွေဖန်တီးပေးမည့် အလားအလာ ရှိပါကြောင်း။

ဝေးလံခေါင်ဖျားသည့် ဒေသများရှိ ပြည်သူများအတွက် ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်းစသည့် ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို mobile နည်းပညာ အသုံးပြု၍ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများကို mobile နည်းပညာ အသုံးပြု၍ ရယူနိုင်ခြင်းစသည့် ဆန်းသစ် တီထွင်မှုများသည် လယ် သမားများအား ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း၊ လူနာများအား ဆေးရုံ၊ ဆေးခန်းနှင့် ပိုမိုမြန်ဆန်စွာ ချိတ်ဆက်ပေးခြင်း၊ ပုံမှန် ဆောင်ရွက်နေသည့် ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် လူတစ်ဦး တစ်ယောက်ချင်းစီကို အဆင်ပြေလွယ်ကူ ချောမွေ့စေရန် ဝန်ဆောင်မှု ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ လျင်မြန်စွာ ချဲ့ထွင်ဖြန့်ကျက်လာသည့် ဒစ်ဂျစ်တယ် စီးပွားရေး အခြေအနေကို ပံ့ပိုးပေးနိုင်စေရန် Myanmar Digital Economy Development Master Plan ကိုရေးဆွဲပြုစုလျက်ရှိပါကြောင်း။

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် နည်းပညာ တိုးတက်မှုဆိုသည့် စီးပွားရေး တိုးတက်မှု၏ မောင်းနှင်အား (၂)ရပ်သည် ဂျီအမ်အက်စ် နိုင်ငံများ၏ စီးပွားရေးကို ရေရှည် တည်တံ့မှုရှိသည့် ဖွံ့ဖြိုးမှုဖြစ်စေရန် အရေးကြီးပါကြောင်း။

ဂျီအမ်အက်စ်နိုင်ငံများ အားလုံးမှ ပုဂ္ဂလိကကဏ္ဍ အသီးသီး ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဖွံ့ဖြိုးမှု မောင်းနှင်အားများဖြင့် အခြား မောင်းနှင်အားအသစ်များ ပေါ်ထွက်လာရေးကို အထောက်အပံ့ ဖြစ်စေသည့် ဝန်းကျင်တစ်ရပ် ဖန်တီးရန်နှင့် ဆန်းသစ်တီထွင်မှုမှ ဆောင်ကြဉ်းလာမည့် အကျိုးရလဒ်များကို မျှဝေသုံးစွဲရန် အားလုံးပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆက်လက် ကျင်းပသည့် နိုင်ငံ့ခေါင်းဆောင်များ ဆွေးနွေးသည့် Panel Session တွင် Moderator က “GMS နိုင်ငံများအနေနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် စီမံကိန်းများ၊ မဟာဗျူဟာများ၊ လုပ်ငန်း ဆောင်ရွက်ချက်များ ရေးဆွဲ အကောင်အထည်ဖော်ရာတွင် စီးပွားရေး တိုးတက်မှု၏ မောင်းနှင်အား အသစ်များကို မည်သို့ အကောင်းဆုံး ပေါင်းစည်း ဆောင်ရွက်နိုင်မည် မြန်မာနိုင်ငံ အနေဖြင့် မည်သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း” မေးမြန်းချက်နှင့် စပ်လျဉ်း၍ ဒုတိယ သမ္မတက ပြန်လည် ရှင်းလင်း ဖြေကြားသည်။

ဒုတိယသမ္မတက ရှင်းလင်း ဖြေကြားရာ၌ ဂျီအမ်အက်စ်နိုင်ငံများ အောင်မြင်ရန် မိမိတို့၏ သက်ဆိုင်ရာ နိုင်ငံအဆင့် စီမံကိန်းနှင့် မဟာဗျူဟာများသည် ကမ္ဘာ့အဆင့်နှင့် ဒေသတွင်းအဆင့် ကတိကဝတ်များဖြင့် ကြိုးပမ်း ဆောင်ရွက်မှုများကို ပံ့ပိုးပေးနိုင်ရန် အဓိက လိုအပ်ပါကြောင်း။

မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်ကတည်းက ဂျီအမ်အက်စ် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ခဲ့သော်လည်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင် ၂၀၂၂ ကဲ့သို့ အရေးကြီးသည့် ဆောင်ရွက်မှုများကို မိမိတို့နိုင်ငံ၏ ကာလရှည် ဖွံ့ဖြိုးမှု စီမံကိန်းများ၊ ဆောင်ရွက်ချက်များတွင် အပြည့်အဝ ပေါင်းစည်း ဆောင်ရွက်ရန် မကြာသေးမီကမှ စတင်နိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် မကြာသေးမီကမှ အမှန်တကယ် ပိုမိုပွင့်လင်း လာပါကြောင်း၊ မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြဋ္ဌာန်းနိုင်ခြင်းနှင့်အတူ ပိုမိုခိုင်မာပြီး စီးပွားရေး လုပ်ငန်းများ အတွက် လုပ်သာကိုင်သာ ရှိသည့် ဝန်းကျင်တစ်ရပ် ဖြစ်အောင်လည်း ပြုပြင် ပြောင်းလဲမှုများကို အဆက်မပြတ် လုပ်ဆောင်နေပါကြောင်း၊ ပြည်တွင်း ထောက်ပံ့မှု ကွင်းဆက်ကို ဒေသတွင်း တန်ဖိုးကွင်းဆက်နှင့် ကမ္ဘာ့တန်ဖိုး ကွင်းဆက်ထဲသို့ ဝင်ရောက်နိုင်အောင် ပိုမိုချိတ်ဆက် ဆောင်ရွက် နိုင်လာသည်ကို မြင်တွေ့ရမည် ဖြစ်ပါကြောင်း။

ပိုမိုတည်ငြိမ်ပြီး ရေရှည်တည်တံ့သည့် ပြည်တွင်း ဘဏ္ဍာငွေရရှိမှု လမ်းကြောင်းများ ဖြစ်လာစေရန် အခွန်အကောက် စနစ်များ ခိုင်မာ အားကောင်းလာစေရန်နှင့် အခွန်အခြေခံ သတ်မှတ်ချက်များ ကျယ်ပြန့်လာစေရန် ဆက်လက်အားစိုက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအရ သဘာဝ သယံဇာတနှင့် စွမ်းအင် ထုတ်ယူ သုံးစွဲခြင်းကို အလေးထား လုပ်ဆောင်ခြင်းမှ လုပ်ငန်းကဏ္ဍအရ ပမာဏအရပါ ဆက်လက် ကျယ်ပြန့်လာပြီးဖြစ်၍ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ကြိုဆိုလျက် ရှိပါကြောင်း၊ အဆိုပါ ပြောင်းလဲမှုများကို ဆက်လက် ပံ့ပိုးပေးနိုင်ရန် အတွက် မက်ခရိုစီးပွားရေး တည် ငြိမ်စေရေးနှင့် စီးပွားရေး လုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် ဝန်းကျင် ဖြစ်ထွန်းလာရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

မဟာဗျူဟာ ဆောင်ရွက်ချက်များကို ထပ်မံပံ့ပိုးရန် အတွက် မြန်မာနိုင်ငံသည် မြန်မာ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုစီမံကိန်းကို စတင် ရေးဆွဲနေပြီ ဖြစ်ပါကြောင်း။

အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံ ပါဝင် ဆောင်ရွက်နေသည့် ဂျီအမ်အက်စ် မဟာဗျူဟာ မူဘောင်၊ အာဆီယံစီးပွားရေး အသိုက်အဝန်းနှင့် အခြားသော ဒေသတွင်း ကတိကဝတ်များကို အကောင် အထည်ဖော်သည့် နေရာတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် အရေးကြီးသော လုပ်ငန်းများဖြစ်ပြီး တစ်ချိန်တည်းတွင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များကို ဖော်ဆောင်သည့် နေရာတွင် အထောက် အကူပြုနိုင်မည် ဖြစ်ပါကြောင်း။

ထို့ကြောင့် MSDP စီမံကိန်းနှင့် အစိုးရ ရင်းနှီးမြှုပ်နှံမှုအစီအစဉ် ရေးဆွဲခြင်းများကဲ့သို့ နိုင်ငံအဆင့် လုပ်ဆောင်ချက်များသည် ဂျီအမ်အက်စ် ဒေသတွင်း ကတိကဝတ်များ နှင့်အတူ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်ချက်များဖြင့် ပိုမို လိုက်လျောညီထွေ ရှိရန်လိုပြီး ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် ယနေ့ ဆွေးနွေးကြသည့် စီးပွားရေး တိုးတက်မှုဆိုင်ရာ မောင်းနှင်အား အသစ်များကို ပိုမို ဆက်စပ်လုပ်ဆောင် သွားနိုင်လိမ့်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ညပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အဖွဲ့ဝင်များသည် ဗီယက်နမ် နိုင်ငံအစိုးရက အမျိုးသား ကွန်ဗင်းရှင်းဗဟိုဌာန (NCC) ၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်ကြသည်။

 

mdn