ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

 

နေပြည်တော် ၃  ဒီဇင်ဘာ

 

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

 

အခမ်းအနားသို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်သက်လွင် နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် မြင့်နွယ်၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းသူများ၏အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီဝင်များ၊ NGO၊ INGO များ၊ ဂုဏ်ပြု ဆုချီးမြှင့်ခြင်း ခံရသူများ၊ မသန်စွမ်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မျက်မမြင်ကျောင်းမှ ကျောင်းသား ကျောင်းသူများက ထမ်းရွက်သယ်ပိုး နိုင်ငံ့အကျိုးတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။

 

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြားရာတွင် ၁၉၉၂ခုနှစ်မှစတင်၍ နှစ်စဉ် ဒီဇင်ဘာလ(၃)ရက်ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်း သူများနေ့ အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြု သတ်မှတ်ထားပါကြောင်း။ မြန်မာနိုင်ငံ တွင် မသန်စွမ်းသူများ၏အခွင့်အရေးနှင့် စွမ်းဆောင်နိုင်စွမ်းများကို လူအဖွဲ့အစည်းအတွင်း သိရှိအလေးထားလာကြစေရန် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်က စတင်၍ နှစ်စဉ် ဒီဇင်ဘာလ(၃)ရက်တွင် အစဉ်အလာမပျက်ဂုဏ်ပြုကျင်းပခဲ့ရာ ယခု၂၀၁၈ ခုနှစ်ဆိုလျှင် (၂၅)ကြိမ် ပြည့်မြောက်ပြီဖြစ်ပါကြောင်း။

 

ကမ္ဘာ့လူဦးရေ သန်းပေါင်း ခုနစ်ထောင်ကျော်အနက် ဆယ်ပုံတစ်ပုံခန့်သည် မသန်စွမ်းသူများဖြစ်ကြပြီး (၈၀) ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက်ရှိ ကြပါကြောင်း။ မသန်စွမ်းသူများ ခံစားတွေ့ကြုံ နေကြရသည့် အခက်အခဲအတားအဆီး များသည် ၎င်းတို့၏ ချို့ယွင်းအားနည်းမှုကြောင့် မဟုတ်ဘဲ ပတ်ဝန်းကျင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့်သာ ဖြစ်ပါကြောင်း။

 

သုတေသနတွေ့ရှိချက်များအရ မသန်စွမ်းမှုသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်သက်ဆိုင်နေသည့်အပြင် မသန်စွမ်းမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့သည်လည်း ဆက်နွယ်မှုရှိနေပါကြောင်း။ ကမ္ဘာ့နိုင်ငံအချို့တွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်ရရှိမှုသည်  ၎င်းနိုင်ငံရှိမသန်စွမ်းလူဦးရေ၏ ၃ ပုံ ၁ ပုံသာ ရှိပါကြောင်း။ ဖွံ့ဖြိုးဆဲနိုင်ငံများရှိ မသန်စွမ်း ကလေးသူငယ်များ၏ အခြေခံပညာ မူလတန်း အဆင့်တက်ရောက် သင်ကြား မှုနှုန်းနှင့် အခြား ကလေးသူငယ်များအကြားကွာဟမှုအနေဖြင့်လည်း ၁၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိရှိ ပါကြောင်း။

 

၂၁ ရာစု နှစ်အစောပိုင်းကစတင်၍ မသန်စွမ်းမှုနှင့် မသန်စွမ်းသူများ၏ အရေးကိစ္စ များကို ကမ္ဘာတစ်ဝန်းတွင် ရှုထောင့်သစ်၊ အမြင်သစ်များဖြင့် သိရှိနားလည်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြပါကြောင်း။ ထိုသို့ဆောင်ရွက် ရာတွင် နိုင်ငံများသည် မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အခြေခံကျသည့် အပြည့်အဝ ပါဝင် ဆောင်ရွက်ခွင့်နှင့် သာတူညီ မျှခွင့်များကိုကာကွယ်မြှင့်တင်ရန် အခိုင်အမာ ပြောဆိုဆောင်ရွက်ခဲ့ကြသော်လည်း စိန်ခေါ်မှု များကျန်ရှိနေဆဲဖြစ်ပါကြောင်း။

 

မသန်စွမ်းသူများအပေါ် မသိနားမလည်ခြင်း၊ လျစ်လျူရှုခြင်း၊ အယူသီးခြင်းနှင့်  ကြောက်ရွံ့ စိုးရိမ်ခြင်း များကြောင့် အထီးကျန်ဘဝသို့ရောက်ရှိခဲ့ရသည့် မသန်စွမ်းသူများ၏ အခွင့်အရေးကိစ္စသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့ အစည်း များက အထူးအာရုံစိုက်ရသည့် ကိစ္စတစ်ရပ် ဖြစ်လာ ခဲ့ပါကြောင်း။ ထို့ကြောင့် (၆၁)ကြိမ် မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက မသန်စွမ်းသူများ၏  အခွင့် အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities - UNCRPD)ကို ၂၀ဝ၆ ခုနှစ်၊ ဒီဇင်ဘာ (၁၃)ရက်တွင် အတည်ပြုချမှတ်ခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့်လည်း မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများကို ပိုမိုအလေး ထားဆောင်ရွက်နိုင်ရေး အတွက် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ (၇)ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါ ကြောင်း။ ထို့နောက် ကွန်ဗင်းရှင်းနှင့် အညီမသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇)၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုး တက်ရေးမဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကို အတည်ပြု ချမှတ်နိုင်ခဲ့ပါကြောင်း။

 

အဆိုပါဥပဒေ၊နည်းဥပဒေနှင့် မဟာဗျူဟာများကိုထိထိရောက်ရောက် အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရန် အမျိုးသားအဆင့်ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး အမျိုး သားကော်မတီကို အထောက်အကူပြုနိုင်ရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ် နှင့်နေပြည်တော်ကောင်စီ ကော်မတီများနှင့် ဆပ်ကော်မတီများ ကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း။

 

အမျိုးသားကော်မတီအစည်းအဝေးများကို ၂၀၁၇ ခုနှစ်တွင်တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်တွင်တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ် ကျင်းပခဲ့ပြီး၊ ယခုလအတွင်းတတိယအကြိမ် အစည်းအဝေးကိုပြုလုပ်သွားမည်ဖြစ်ပါကြောင်း။ လုပ်ငန်း ကော်မတီ အစည်းအဝေးကို ၂၀၁၈ခုနှစ်အတွင်း (၂)ကြိမ်၊ မသန်စွမ်းရန်ပုံငွေတစ်ရပ် ထူထောင်ရေးအတွက် အစည်း အဝေးကို ၂၀၁၈ ခုနှစ်အတွင်း(၁)ကြိမ်ကျင်းပခဲ့ပါကြောင်း။ အဆိုပါအစည်း အဝေးများ မှ မသန်စွမ်း သူများ၏ အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းသူများအကျုံးဝင် ဖွံ့ဖြိုး တိုးတက်ရေးများနှင့် ဆက်စပ် သည့် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက် များချမှတ်နိုင်ခဲ့ပါကြောင်း။

 

ရက် ၁၀ဝ လုပ်ငန်းစီမံချက်အရကလေးသူငယ်၊ အမျိုးသမီးနှင့်မသန်စွမ်းသူများ ဆိုင်ရာ ကွန်ဗင်းရှင်းများကို အမြင်အာရုံချို့ယွင်း မသန်စွမ်းသူများ လက်လှမ်းမီ သိရှိနိုင်ရေးအတွက် မျက်မမြင်စာဖြင့် ပုံနှိပ်ထုတ်ဝေခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ အကြားအာရုံချို့ ယွင်းမသန်စွမ်းသူများအတွက် လည်းနားမကြားသူများ သတင်း အချက်အလက်များ လက်လှမ်းမီရရှိနိုင်ခွင့် သေချာစေရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး၊  အကျိုးရလဒ်အဖြစ် အမျိုးသမီးနှင့် မသန်စွမ်းသူများဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ဥပဒေများကို လက်သင်္ကတေပြဘာသာစကားဖြင့် ပြုစုထုတ်ဝေနိုင်ခဲ့ပါကြောင်း။ လက်သင်္ကတေပြ ဘာသာစကား တတ်ကျွမ်းသည့် စကားပြန်များ မွေးထုတ်ပေးလျက်ရှိသည့်အပြင် လက်သင်္ကတေပြ ဘာသာစကား ကူညီပံ့ပိုးသူများ သင်တန်းကိုလည်းစဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချ ပေးလျက်ရှိပါကြောင်း။

 

၂၀၁၇ ခုနှစ်၊ စက်တင်ဘာ (၁၄)ရက်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာအမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရေရှည်ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်မည့် မူဝါဒအစီအစဉ်များ၊ စီမံကိန်းများနှင့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ကော်မတီများကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

အကောင်အထည်ဖော်မှုအပိုင်းတွင် မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ နည်း ဥပဒေများကို မိတ်ဆက် ဖြန့်ချိခြင်း၊ အမြင်အာရုံချို့ယွင်းမသန်စွမ်းသူများ၏ အားသာချက် ဖြစ်သည့် မျက်မမြင် အနှိပ်စနစ် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကိုယ်အင်္ဂါချို့ယွင်း မသန်စွမ်းသူများအတွက် အလုပ်အကိုင်ဖန်တီး ပေးရေးကိုရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ယူတတ်မြောက်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း။

 

မသန်စွမ်းမှုဆိုင်ရာဝေါဟာရအသုံးအနှုန်းများလက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေ ခြင်းနှင့်အကြား အာရုံချို့ ယွင်းသူများအတွက် မသန်စွမ်းသူများ၏ အခွင့်အရေး နည်းဥပဒေများကို လက်သင်္ကတေပြ ဘာသာစကားနှင့် ထုတ်ဝေခြင်းများ ပြုလုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း။ မသန်စွမ်းသူများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်ရေး ပိုမိုမြှင့်တင်ဆောင်ရွက်ရန် မသန်စွမ်းသူများအား အလုပ်ခန့် ထားခြင်းဆိုင်ရာ လက်စွဲစာအုပ်ကိုလည်း မြန်မာနိုင်ငံရှိအလုပ်ရှင်များအတွက် ပြုစုထုတ်ဝေပြီးဖြစ်ပါကြောင်း။ ယနေ့ကျင်းပသည့် အခမ်းအနားတွင် ၎င်းစာအုပ်များ ဖြန့်ချိပေးအပ်သွားမည် ဖြစ်ပါကြောင်း။

 

နည်းပညာခေတ်နှင့် အညီဉာဏ်ရည်ချို့ယွင်းမသန်စွမ်းသူအပါအဝင် မသန်စွမ်းသူ များအနေဖြင့် နည်းပညာ၏ အကူအညီဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှု ပိုမိုမြင့်မား စေရန်နှင့် သတင်းအချက်အလက်များကို လက်လှမ်း မီသိရှိနိုင်ရန် Information, Communication, Technology Training Center ကိုဖွင့်လှစ်၍ သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း။

 

ထို့ပြင် မသန်စွမ်းသူများအနေဖြင့် နိုင်ငံတော်အစိုးရနှင့် အခြားမိတ်ဖက်အဖွဲ့ အစည်း များကထောက်ပံ့သည့် သက်ဆိုင်ရာ သင်တန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များတွင် ပါဝင်၍ အများနည်းတူ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် အရေးပါသည့် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ပေါ်ထွက်လာစေရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ထို့ပြင် မသန်စွမ်းသူများအတွက် ငွေကြေးထောက်ပံ့မှုများဆောင်ရွက်ခဲ့ရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း ၁၂၈၅၅ ဦး၊ ၂၀၁၈-၂၀၁၉(၆)လ ဘဏ္ဍာနှစ် အတွင်း ၁၂၁၂၉ဦး စုစုပေါင်း ၂၄၉၈၄ ဦးကို ထောက်ပံ့ပေး နိုင်ခဲ့ပါကြောင်း။ မသန်စွမ်းမှုနှင့် ဆက်စပ်သည့် မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး မိုင်းဒဏ်သင့်ပြည်သူများကို ၂၀၁၇- ၂၀၁၈ဘဏ္ဍာနှစ်မှစတင်၍ ငွေကြေးထောက်ပံ့ပေးခဲ့ရာ ကချင်ပြည်နယ်တွင် (၁၁၂) ဦး၊ ကယားပြည်နယ်တွင် (၁၆)ဦး၊ ကရင်ပြည်နယ်တွင်(၃၉)ဦး၊ ရှမ်းပြည်နယ်တွင် (၈၅)ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင်(၆၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၈၆)ဦးစုစုပေါင်း(၄၀ဝ) ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း။

 

အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များပြည့်မီစေရေးအပြင် ကော်မတီ အသီးသီး အတွက် တိကျသေချာသည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရေး၊ နိုင်ငံတကာစံနှုန်းများနှင့် အညီဆောင်ရွက်နိုင်ရေးအတွက် Department for InternationalDevelopment နှင့် ပူးပေါင်း၍ Technical Assistant Group ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ အကျုံးဝင်ဖွံ့ဖြိုးတက်ရေးဖိုရမ် ၂၀၁၈ ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း။

 

မသန်စွမ်းသူများ၏ ဘဝအရည်အသွေးမြင့်မားတိုးတက်လာစေရန် သင်တန်း ကျောင်းအခြေပြုနှင့်ရပ်ရွာ အခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် မသန်စွမ်း သူများ၏ ပညာရေး၊ ကျန်းမာရေး၊အလုပ်အကိုင်၊ ဥပဒေရေးရာ၊ မသန်စွမ်းမှုအသိပညာနှင့် ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့်စသည့် လုပ်ငန်းအစီ အစဉ်များကိုလည်း သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ထည့်သွင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

 

မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေးတွင် ထုတ်ဖော်ကြေညာခဲ့သည့် ကတိကဝတ်(၇)ချက်ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာလေ့လာဆန်းစစ်မှုများပြုလုပ်ရေး၊ လူတိုင်း အကျုံးဝင်ပညာရေး၊ မသန်စွမ်းသူများ၏ စီးပွားရေး စွမ်းဆောင်ရည် မြင့်မားရေးနှင့် မသန်စွမ်း သူများအတွက် လုပ်ငန်းခွင် အတွင်းအဆင်ပြေ သင့်တော်စေမည့် ပတ်ဝန်းကျင် များဖန်တီးရေး၊ နည်းပညာခေတ်နှင့် အညီမသန်စွမ်းသူများသတင်း အချက်အလက်နှင့် နည်းပညာများ အသုံးပြုဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းမှုစစ်တမ်းကောက်ယူနိုင်ရေး၊ မသန်စွမ်းမှု အကျုံးဝင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ သဘာဝဘေးနှင့် အခြားအရေး ပေါ်အခြေအနေများတွင် မသန်စွမ်းသူများအား ကူညီကာကွယ် စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးတို့ကိုအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ စွမ်းဆောင်ရည် မြင့်မားလာစေရေးကို ဦးတည်၍ အားလုံးအတူတကွ လက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက်  ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဌာနေကိုယ်စားလှယ် Ms, June Kunugi က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။

 

ထို့နောက်  ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ က အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် အားမသန်စွမ်း သူများအလုပ်ခန့်ထားခြင်းဆိုင်ရာ မြန်မာနိုင်ငံရှိ အလုပ်ရှင်များအတွက် လက်စွဲစာအုပ်ကို ပေးအပ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ထူးချွန်ဆု ရရှိကြသူများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် စစ်တုရင်ထူးချွန်ဆု ရရှိကြသူများကို လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပန်းချီထူးချွန် ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အာရှ အားကစား ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများကို လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေ ကိုယ်စားလှယ် Ms, June Kunugi က အာရှအားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် မသန်စွမ်းသူများ၏ လှုပ်ရှားဆောင်ရွက်ချက်ဗီဒီယိုမှတ်တမ်းကို ပြသသည်။

 

ယင်းနောက် နားမကြားသော ကလေးများကျောင်း (မန္တလေး) မှ ကျောင်းသူများကပုဂံအကဖြင့် ဖျော်ဖြေတင်ဆက်သည်။

 

ထို့နောက် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ယာယီဥက္ကဋ္ဌ ဦးသိန်းလွင် က ကျေးဇူးတင်စကား ပြေကြားသည်။

 

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အပြည်ပြည်ဆိုင်ရာမသန်စွမ်း သူများနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည် ကြည့်ရှုသည်။

 

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ဆောင်ပုဒ်မှာ အားလုံးတူညီ အခွင့်အရေးရရှိရေး၊ မသန်စွမ်းသူများအစွမ်းမြှင့်တင်ပေး (Empowering persons with disabilities and ensuring inclusiveness and equality) ဖြစ်ကြောင်းသိရသည်။

 

(သတင်းစဉ်)