ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့  အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ၁၈  ဒီဇင်ဘာ 


ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ရွှေ့ပြောင်းသွားလာသူများ၏ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားလိုက်နာခြင်းနှင့် မူရင်းနိုင်ငံ၊ လမ်းခရီးရောက်ရှိသည့်နိုင်ငံနှင့် ခရီးလမ်းဆုံး နိုင်ငံများအကြား တာဝန်ဝတ္တရားများကို ပိုမိုပူးပေါင်းမျှဝေ ဆောင်ရွက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ၌ အကျိုးသက်ရောက်မှု ရလဒ်အသစ်များ ရရှိလာရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
 
ကမ္ဘာတစ်ဝန်း၌ Globalization ဖြစ်စဉ်နှင့် ကမ္ဘာ့ စီးပွားရေး ပြောင်းလဲလာမှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံ ချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်း ရရှိလိုမှု၊ လူမှုစီးပွားဘဝ အဆင့်အတန်းကွာဟမှု စသည့်အခြေအနေများကြောင့် တစ်နိုင်ငံမှတစ်နိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် သွားလာနေကြသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အရေအတွက်သည် တစ်နေ့တခြားများပြားလာသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း ဒုတိယသမ္မတက ပြောကြားခဲ့သည်။
 
၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ ဒုတိယသမ္မတက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
 
ဒုတိယသမ္မတက လှေဖြင့်ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာကြသူများသည် နိုင်ငံရေး ခိုလှုံသူများ၊ ဒုက္ခသည်များ မဟုတ်ဘဲ တရားမဝင် လူမှောင်ခိုကူးခံကြရသူများ ဖြစ်ကြပါကြောင်း၊ အဆိုပါ လူမှောင်ခို ကူးခံရသူများကို မြန်မာနိုင်ငံ အနေဖြင့် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အစရှိသည့် လူသားချင်းစာနာထောက်ထားသော ကူညီပံ့ပိုးမှုများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး မူရင်း နိုင်ငံများသို့ စနစ်တကျ ပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့ကြောင်း။
 
မြန်မာအလုပ်သမားများအနေဖြင့် ပြည်ပအလုပ်လုပ်ကိုင်ခြင်းမှ ရရှိလာသည့် ဝင်ငွေများကို ငွေလွှဲပို့ ပေးနိုင်ခြင်းသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသကဲ့သို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံအမျိုးအစားနှင့် လုပ်ငန်းအမျိုးအစားအလိုက် ရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတနှင့် အသိပညာ၊ အတတ်ပညာများကိုလည်း ပြည်တွင်း၌ စနစ်တကျ ပြန်လည်အသုံးချနိုင်ခြင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်ရန် သင်ကြားလေ့ကျင့် ပေးနိုင်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုများကြောင့် ဆင်းရဲမှု လျော့ကျနိုင်ခြင်းနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေခြင်းစသည့် အကျိုးတရားများကို ရရှိစေနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
 
ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ရေးဆိုင်ရာ အာဆီယံ ကြေညာစာတမ်းဖြစ်သည့် ASEAN Declaration on the Protection and Promotion of the Rights of Migrant Workers  တွင် ပါရှိသည့် မူဝါဒများနှင့် အဆိုပြုချက်များ အကောင်အထည်ဖော်နိုင်ရန် အရှေ့တောင်အာရှနိုင်ငံများမှ အလုပ်သမားစေလွှတ်သည့် နိုင်ငံများနှင့် လက်ခံသည့် နိုင်ငံအစိုးရများ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင် အဖွဲ့အစည်းများနှင့် လူမှုရေး အဖွဲ့အစည်းများအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် အလေ့အထကောင်းများ၊ အတွေးအခေါ်များနှင့် နည်းလမ်းများကို ထိရောက်မှန်ကန်စွာ အသုံးချရန် လိုအပ်မည်ဖြစ်သည်။
 
လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ရန် နိုင်ငံတော်အစိုးရတစ်ခုတည်း သာမက လူတစ်ဦးချင်းစီ၏ ဗဟုသုတများ တိုးပွားသိရှိစေရေးနှင့် လူမှုအဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီစောင့်ရှောက်မှုများ လိုအပ်သည်။
 
ရွှေ့ပြောင်းအလုပ်သမားများ၏ ရဲရင့်မှု၊ ဇွဲလုံ့လနှင့် ကောင်းမွန်သည့် စိတ်ကူးအိပ်မက်များကို နွေးထွေးစွာကြိုဆိုပြီး ကြွယ်ဝချမ်းသာသော လူ့အဖွဲ့အစည်း ပေါ်ထွန်းလာရေးနှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူများကိုလည်း သက်ဆိုင်ရာ နိုင်ငံများအတွက် အကျိုးတရားများ ပိုမိုလုပ်ဆောင်နိုင်စေရေး ရွှေ့ပြောင်း အလုပ်သမားများကို ဝိုင်းဝန်းအားပေး ကူညီသွားကြရန် ဒုတိယသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။
 
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
 
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ Chief of Mission၊ Mr. Kieran Gorman-Best က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှပေးပို့သည့် သဝဏ်လွှာနှင့် ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်က ပေးပို့သည့် သဝဏ်လွှာ များကို ဖတ်ကြားသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအနက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identification- C of I) ဖြင့် နေရပ်သို့ အခမဲ့ပြန်လည် ပို့ဆောင်မှုလုပ်ငန်းများ အောင်မြင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည့် အလှူရှင်များနှင့် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
 
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုသည်။
 
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြည်တွင်း ပြည်ပ သတင်း မီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်ပနိုင်ငံ အသီးသီး၌ ရောက်ရှိလုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို ရွှေ့ပြောင်း အလုပ်သမားများနှင့် နိုင်ငံတကာမှသိရှိစေရန်၊ ရွှေ့ပြောင်းသွားလာသူများ၏ အခွင့်အရေးများကို အကာ အကွယ်ပေးရန်နှင့် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများကို မြှင့်တင်ဆောင်ရွက်လာစေရန်၊ မြန်မာနိုင်ငံနှင့် ဒေသတွင်း ရွှေ့ပြောင်းသွားလာသူများကို အသိပညာပေးခြင်းဖြင့် ကူညီစောင့်ရှောက်ပေးမှုများကို မြှင့်တင်ရန်နှင့် ရွှေ့ပြောင်းသွားလာလုပ်ကိုင်သူများနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝများကို မြှင့်တင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
 
မြန်မာနိုင်ငံသည် International Organization for Migration (IOM) အဖွဲ့သို့ ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ညီလာခံ၌ ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နှစ်စဉ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပခဲ့ရာ ယခုဆိုလျှင် ပဉ္စမအကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။