ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၁၆ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြား

 

နေပြည်တော် ၃  အောက်တိုဘာ

 

ခရီးသွားလုပ်ငန်းတွင် ပါဝင် ပတ်သက်သည့် သူများ အားလုံး တာဝန်ခံမှု၊ တာဝန် ယူမှုအပြည့်ဖြင့် လုပ်ဆောင်နေသမျှ ခရီးသွား လုပ်ငန်းသည် ဆက်လက် ဖွံ့ဖြိုးတိုးတက် နေမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပသည့် ၂၀၁၆ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အခမ်းအနားတွင် ပြောကြားလိုက်သည်။

 

ထို့ပြင် ဒုတိယ သမ္မတက     ယခုအခါ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ အကြီးဆုံးနှင့် အဆက်မပြတ် အလျင်အမြန် ဖွံ့ဖြိုးနေသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အားလုံးက အသိအမှတ် ပြုလာကြကြောင်း၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ အဆိုအရ ခရီးသွား လုပ်ငန်း၏ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုသည် ကမ္ဘာ့ အလုပ်အကိုင်များ၏ (၁၁)ပုံ (၁)ပုံ ရှိကြောင်း ခန့်မှန်းထားပြီး ခရီးသွား လုပ်ငန်းသည် အမျိုးသမီးများနှင့် လူငယ်များ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် အဓိက လုပ်ငန်းတစ်ခုလည်း ဖြစ်ကြောင်း၊ ထို့ပြင် ခရီးသွား လုပ်ငန်းသည် မြို့ပြဒေသတွင်သာမက ကျေးလက် ဒေသများတွင်လည်း ကျွမ်းကျင် အလုပ်သမားများနှင့် ကျွမ်းကျင်မှုနည်းသည့် အလုပ်သမားများအတွက်ပါ အလုပ်အကိုင်များ ဖန်တီးပေးနေကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတက ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ခရီးသွား အရေအတွက် (၁၁၈၄) သန်းခန့်ရှိပြီး ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရ ကြောင်း၊ ၂၀၂၀ ခုနှစ်တွင်  ၁ ဒသမ ၄ ဘီလီယံနှင့် ၂၀၃၀ ခုနှစ်တွင် ၁ ဒသမ ၈ ဘီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းရကြောင်း၊ ကမ္ဘာ့ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ အာရှ- ပစိဖိတ်ဒေသတွင် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် (၅၄၀) သန်းရောက်ရှိခဲ့ပြီး ကမ္ဘာ့ဈေးကွက်၏ ၃၀ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း။

 

မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍသည် တစ်နှစ်ထက် တစ်နှစ် တိုးတက်လာသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ရောက်ရှိမှု (၄ ဒသမ ၆) သန်းရှိပါကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကမ္ဘာလှည့် ခရီးသည် (၇)သန်းကျော် လာရောက်နိုင်မည်ဟု ခန့်မှန်းထားကြောင်း။

 

ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်း စီးပွားရေးနှင့် လူမှုရေး ရည်မှန်းချက်များ အပေါ် ဟန်ချက်ညီညီ ဖွံ့ဖြိုးုတိုးတက်လာရေးကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဆိုင်ရာ အခြေခံ အဆောက် အဦများ ဖွံ့ဖြိုး တိုးတက်လာစေရန် နိုင်ငံတော် အစိုးရမှ နိုင်ငံတကာ၏ ငွေကြေးနှင့် နည်းပညာ ဆိုင်ရာ အကူအညီများ ပံ့ပိုးပေးနိုင်ရန် အတွက် ဖိတ်ခေါ်ဆောင်ရွက်ခြင်း၊ အရှိန်အဟုန်ဖြင့် ပြောင်းလဲ တိုးတက်လာသော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများအပေါ် ကောင်းစွာ အသုံးချပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အတွက်လည်း ဆောင်ရွက်ပေးလျက် ရှိသည်ဟု သိရကြောင်း။

 

အစိုးရသစ် အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို စတင် တာဝန်ယူ ဆောင်ရွက်သည့်  အချိန်ကစပြီး ပုဂ္ဂလိက ကဏ္ဍမှ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် အတွက် ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု ဥပဒေပါ မူဝါဒများနှင့် အခြားသော ကိစ္စရပ်များတွင် ဖြေလျော့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO)မှ ဆက်ဆံရေး အရာရှိ Mr.Rory Nungouen က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားပြီး ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဗွီဒီယို မှတ်တမ်းကို ပြသသည်။

 

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများက ၂၀၁၆ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်း စကားပြောပြိုင်ပွဲ၊ မြန်မာ့အံ့ဖွယ်ပုံရိပ် ဓာတ်ပုံပြိုင်ပွဲတို့တွင် ဆုရရှိကြသူများနှင့် ဝန်ဆောင်မှု အကောင်းဆုံးဆုရ ဟိုတယ်များနှင့် ခရီးသွား ကုမ္ပဏီများအား ဂုဏ်ပြုဆုများကို ပေးအပ် ချီးမြှင့်သည်။

 

ထို့နောက် ဒုတိယ သမ္မတနှင့် တက်ရောက် လာကြသူများက ဆုရဓာတ်ပုံများ၊ စာစီစာကုံးများနှင့် ခရီးသွား လုပ်ငန်း မှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

 

၂၀၁၆ ခုနှစ် ကမ္ဘာ့ခရီးသွား လုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနား ဆောင်ပုဒ် မှာ “မျှဝေခံစား အလေးထား အားလုံးအတွက် ခရီးသွား” ဖြစ်သည်။

 

mdn