ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၂၀၁၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်း အမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ၁၈  ဒီဇင်ဘာ

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူများနေ့ အခမ်း အနား ကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

ဒုတိယသမ္မတက ကမ္ဘာတစ်ဝန်း၌ Globalization ဖြစ်စဉ်နှင့် ကမ္ဘာ့စီးပွားရေး ပြောင်းလဲလာမှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံ ချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုကောင်း မွန်သောအလုပ် အကိုင်အခွင့်အလမ်းရရှိလိုမှု၊ လူမှုစီးပွားဘဝအဆင့်အတန်း ကွာဟမှု စသည့် အခြေအနေများကြောင့် တစ်နိုင်ငံမှတစ်နိုင်ငံသို့ အလုပ်အကိုင် ရှာဖွေရန် သွားလာနေကြသည့်  ရွှေ့ပြောင်းအလုပ် သမားများ၏ အရေအတွက်သည် တစ်နေ့တစ်ခြား များပြားလာသည်ကို တွေ့မြင်ရကြမည်ဖြစ်ပါကြောင်း။

 

ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် ရွှေ့ပြောင်းသွားလာသူ များ၏ လူ့အခွင့်အရေး ကိုအပြည့်အဝလေးစား လိုက်နာခြင်းနှင့် မူရင်းနိုင်ငံ၊ လမ်းခရီး ရောက်ရှိသည့်နိုင်ငံနှင့် ခရီးလမ်းဆုံးနိုင်ငံများ အကြား တာဝန်ဝတ္တရား များကို ပိုမိုပူးပေါင်း မျှဝေဆောင်ရွက်ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ၌ အကျိုးသက်ရောက်မှုရ လဒ်အသစ်များ ရရှိလာရန် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ က လှေဖြင့်ပင်လယ်ပြင်ကို ဖြတ်သန်းသွားလာကြသူ များသည်  နိုင်ငံရေး ခိုလှုံသူများ၊ ဒုက္ခသည်များမဟုတ်ဘဲ တရားမဝင်လူမှောင်ခိုကူးခံကြ ရသူများဖြစ်ကြပါကြောင်း၊ အဆိုပါ လူမှောင်ခို ကူးခံရသူများကို မြန်မာနိုင်ငံအနေဖြင့် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့် ရှောက် မှုအစရှိသည့် လူသားချင်းစာနာ ထောက်ထားသော ကူညီပံ့ပိုးမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မူရင်းနိုင်ငံများသို့ စနစ်တကျပြန်လည်ပို့ဆောင် ပေးနိုင်ခဲ့ပါကြောင်း။

 

 မြန်မာအလုပ်သမားများအနေဖြင့် ပြည်ပ အလုပ်လုပ်ကိုင်ခြင်းမှရရှိလာသည့် ဝင်ငွေများကို  ငွေလွှဲပို့ပေး နိုင်ခြင်းသည် တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုသကဲ့သို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့်နိုင်ငံ အမျိုးအစားနှင့် လုပ်ငန်းအမျိုးအစား အလိုက် ရရှိခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတနှင့် အသိပညာ၊ အတတ်ပညာများကိုလည်း ပြည်တွင်း၌ စနစ်တကျ ပြန်လည် အသုံးချနိုင်ခြင်း၊ အလုပ်သမားများ၏ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်ရန် သင်ကြားလေ့ကျင့်ပေးနိုင်ခြင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီး ပေးနိုင်မှုများကြောင့် ဆင်းရဲမှုလျော့ကျ နိုင်ခြင်းနှင့် နိုင်ငံသား များ၏ လူမှုစီးပွားဘဝမြင့်မား လာစေခြင်းစသည့် အကျိုးတရားများကို ရရှိစေနိုင်မည် ဖြစ်ပါကြောင်း။

 

ဘေးအန္တရာယ်ကင်းပြီး ဥပဒေနှင့်ညီညွတ်သည့် စီမံခန့်ခွဲမှုဆိုင်ရာများ စွမ်းဆောင် ရည်တိုးမြှင့်ပြီး သက်ဆိုင် ရာနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက် ဖြစ်ပေါ်လာစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့်ဒေသတွင်း နိုင်ငံများသို့ ရွှေ့ပြောင်းသွားရောက် လုပ်ကိုင် နေကြသည့် နိုင်ငံသားများ၏ ရသင့်ရထိုက် သည့် အခွင့်အရေးများ၊ အကာအကွယ်များနှင့် လုံခြုံ မှုများရရှိနိုင်ရန် သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ရေးဆိုင်ရာ အာဆီယံကြေငြာစာတမ်းဖြစ်သည့်  ASEAN Declaration on the Protection and Promotion of the Rights of Migrant Workers တွင် ပါရှိသည့် မူဝါဒများနှင့် အဆိုပြုချက်များ အကောင်အထည်ဖော်နိုင်ရန် အရှေ့တောင်အာရှ နိုင်ငံများမှ အလုပ်သမား စေလွှတ်သည့် နိုင်ငံများနှင့် လက်ခံသည့်နိုင်ငံအစိုးရများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့ အစည်းများအနေဖြင့် ရွှေ့ပြောင်း အလုပ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်မည့် အလေ့အထကောင်းများ၊ အတွေးအခေါ်များနှင့် နည်းလမ်းများကို ထိရောက် မှန်ကန်စွာ အသုံးချရန် လိုအပ်ပါကြောင်း၊

 

လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းသွားလာနိုင်ရန် နိုင်ငံတော်အစိုးရတခုတည်းသာမက လူတစ်ဦးချင်းစီ၏ ဗဟုသုတများ တိုးပွားသိရှိစေရေးနှင့် လူမှုအဖွဲ့အစည်းများ၏ ဝိုင်းဝန်း ကူညီ စောင့်ရှောက်မှုများ လိုအပ်ပါကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ၏ ရဲရင့်မှု၊ ဇွဲလုံ့လနှင့် ကောင်းမွန်သည့် စိတ်ကူးအိပ်မက်များကို နွေးထွေးစွာကြိုဆိုပြီး ကြွယ်ဝချမ်း သာသောလူ့ အဖွဲ့အစည်း ပေါ်ထွန်းလာရေးနှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူများကို လည်းသက် ဆိုင်ရာနိုင်ငံများအတွက် အကျိုးတရားများပိုမိုလုပ်ဆောင်နိုင်စေရေးတို့ အတွက် ရွှေ့ပြောင်းအလုပ် သမားများကို ဝိုင်းဝန်းအားပေး ကူညီသွားကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရွှေ့ပြောင်းအလုပ်သမားများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်မှုအခြေအနေများ ကိုရှင်းလင်း ပြောကြားသည်။

 

ယင်းနောက်          ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း၏ Chief of Mission ၊ Mr. Kieran Gorman-Best က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်ထံမှပေးပို့သည့် သဝဏ်လွှာနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီး ထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသားများအနက် မည်သူမည်ဝါဖြစ် ကြောင်းသက်သေခံလက်မှတ် (Ceritificate of Identification – C of I)  ဖြင့် နေရပ်သို့အခမဲ့ ပြန်လည်ပို့ဆောင်မှုလုပ်ငန်းများအောင်မြင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသည့် အလှူရှင်များနှင့် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

 

ယင်းနောက် ဒုတိယသမ္မတသည့် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာသူ များနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြထားသည့် ပြခန်းများကို  လှည့်လည်ကြည့်ရှုသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒေါက်တာမြင့်ထွေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာ များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်ပနိုင်ငံ အသီးသီး၌ ရောက်ရှိလုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက် မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်ချက်များကို ရွှေ့ပြောင်းအလုပ် သမားများနှင့် နိုင်ငံတကာမှသိရှိစေရန်၊ ရွှေ့ပြောင်းသွားလာသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်နှင့် ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများကို မြှင့်တင်ဆောင်ရွက်လာစေရန်၊ မြန်မာနိုင်ငံနှင့် ဒေသတွင်း ရွှေ့ပြောင်းသွားလာသူများကို အသိပညာပေးခြင်းဖြင့် ကူညီစောင့်ရှောက်ပေးမှု များကို မြှင့်တင်ရန်နှင့် ရွှေ့ပြောင်း သွားလာလုပ်ကိုင်သူများနှင့် မိသားစုဝင်များ၏ လူမှုစီးပွား ဘဝများကို မြှင့်တင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံသည် International Organization for Migration (IOM) အဖွဲ့သို့ ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့်  ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ  နိုင်ငံတကာ အဖွဲ့ ညီလာခံ၌ ၁၄၇ နိုင်ငံမြောက် အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပြီး နှစ်စဉ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာ သူများနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပ ခဲ့ရာ ယခုဆိုလျှင် ပဉ္စမအကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။

  

(သတင်းစဉ်)