ဒုတိယအကြိမ်မြောက် တက္ကသိုလ်များ သုတေသန ညီလာခံ အွန်လိုင်းအစီအစဉ်ဖြင့်စတင်ကျင်းပ

ရန်ကုန်  ၂၅  ဇွန် 

 

အမျိုးသားပညာရေး မူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များ ကော်မတီမှ စီစဉ်ကျင်းပသော ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ တက္ကသိုလ်များ သုတေသန ညီလာခံ -၂၀၂၀ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင်ရန်ကုန်မြို့ သထုံလမ်း ရှိပါမောက္ခချုပ်များ ကော်မတီ အစည်းအဝေးခန်းမ၌ အွန်လိုင်းအစီအစဉ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ ညီလာခံကျင်းပရေး ဦးစီးကော်မတီ နာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ကော်မတီ ၊ ပါမောက္ခချုပ်များ ကော်မတီ၊မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့တို့မှ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊တက္ကသိုလ်၊ ဒီဂရီကောလိပ် ၊ ကောလိပ် များမှပါမေက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသား ၊ ကျောင်းသူများ စုစုပေါင်း အွန်လိုင်းချိတ်ဆက် အင်အား ၃၀၀၀ ကျော်တက်ရောက်ကြသည်။

 

အစီအစဥ်အရ နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ဥက္ကဌ ဒေါက်တာမျိုးကြွယ်နှင့် ပါမောက္ခချုပ်များ ေကာ်မတီဥက္ကဌဒေါက်တာ ဇော်ဝေစိုးတို့က အမှာစကားများပြောကြားသည်။

 

ဆက်လက်၍ သုတေသနဆိုင်ရာ ဟောပြောခြင်း အစီအစဥ်အရ ဒေါက်တာ ပဒေသာတင်က"သုတေသနအရေးပါမှုနှင့် မြန်မာနိုင်ငံ တက္ကသိုလ်များ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် လည်းကောင်း၊  Professor Liviu Matel (Central European University - CEU)မှ University Research and National Development: A Comparative Perspective in a time of Global Crisis ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် မှ သုသေနယဥ်ကျေးမှုရပ်ဝန်းကောင်းများ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး အားပေးမြှင့်တင်ခြင်း ( Promoting Research Culture ) - ခေါင်းစဉ်ဖြင့် လည်းကောင်းဟောပြောခဲ့ရာ အွန်လိုင်းတက်ရောက်သူများမှ ပြန်လှန် မေးမြန်းဆွေးနွေးပြီး ဖွင့်ပွဲအခမ်းအနားကို နေ့လည် ၁၂ နာရီခွဲတွင် အောင်မြင်စွာပြီးစီးခဲ့သည်။

 

သုတေသန စာတမ်းဖတ်ပွဲများကို ယနေ့မှစ၍ ဇွန်၂၇ ရက်နေ့ထိ ၃ ရက်တာအတွင်း အထူးပြု ဘာသာရပ်များအလိုက် နေရာသီးသီးတွင် ကျင်းပသွားမည်ဖြစ်ရာ စိုက်ပျိုးရေး မွေးမြူရေးနှင့် သစ်တောအထူးပြု ဘာသာရပ်များကို ရေဇင်း စိုက်ပျိုးရေးတက္ကသိုလ်၌ လည်းကောင်း ၊  ဝိဇ္ဇာ အထူးပြုဘာသာရပ် များကို ရန်ကုန်တက္ကသိုလ်၌လည်းကောင်း၊သိပ္ပံ အထူးပြုဘာသာရပ်များကို ပါမောက္ခချုပ်များကော်မတီအစည်းအဝေးခန်းမ၌ လည်းကောင်း၊  ကွန်ပျူတာနည်းပညာ အထူးပြုဘာသာရပ်များကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၌ လည်းကောင်း၊ အင်ဂျင်နီယာ နည်းပညာ အထူးပြု ဘာသာရပ်များကို ရန်ကုန်နည်းပညာတက္ကသိုလ်၌ လည်းကောင်း၊ ဘာသာယဥ်ကျေးမှုနှင့် အနုပညာအထူးပြုဘာသာရပ်များကို ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၌ လည်းကောင်း၊ ဆေးနှင့် ဆေးနှီးနွယ် အထူးပြုဘာသာရပ်များကို ရန်ကုန် ဆေးတက္ကသိုလ် (၁) ၌ လည်းကောင်း၊ စီးပွားရေးပညာ အထူးပြုဘာသာရပ်များကို ရန်ကုန်စီးပွားရေး တက္ကသိုလ်၌ လည်းကောင်း၊ ဆရာအတတ်ပညာ အထူးပြုဘာသာရပ်များကို ရန်ကုန်ပညာရေးတက္ကသိုလ်၌ လည်းကောင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အထူးပြုဘာသာရပ်များအလိုက် စာတမ်းစုစုပေါင်း ၁၃၄ စောင်နှင့် သုတေသနပိုစတာ ၁၆ ခု တင်သွင်းထားရာ ထူးချွန်စာတမ်းနှင့်ပိုစတာများကို ဇွန်၂၇ ရက်နေ့ အွန်လိုင်းသုတေသန စကားဝိုင်းနှင့် အတူဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ အသေးစိတ် အစီအစဉ်အချက်အလက် များကို www.nepc.edu.mm/murc2020 ၌ လေ့လာသိရှိနိုင်ကြောင်း သိရသည်။ 

 

သတင်းနှင့်ဓာတ်ပုံတင်စိုး(မြန်မာ့အလင်း)